သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

သတင်းထောက်၂ ဦး ကိုလွှတ်ပေးရေး အင်ဒိုနီးရှား သတင်းထောက်တွေ ဆန္ဒပြ


မြန်မာ-ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လွတ်မြောက်ရေး အင်ဒိုနီးရှားသတင်းထောက်တွေ တောင်းဆိုဆန္ဒပြကြစဉ်။ (စက်တင်ဘာ ၇၊ ၂၀၁၈)

ထောင်ဒဏ် ၇ နှစ်စီချမှတ်ခံလိုက်ရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ပြန်လွှတ်ပေးဖို့ အင်ဒိုနီးရှား သတင်းထောက်တွေစုဝေးပြီး ဂျကာတာမြို့ မြန်မာသံရုံးရှေ့မှာ မနေ့က ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။ သတင်းထောက် ၂ ဦးလွတ် မြောက်ရေး မြန်မာအစိုးရကို တိုက်တွန်း သလို မြန်မာပြည်မှာ သတင်းလွတ်လပ်ခွင့်တွေရှိရေး အင်ဒိုနီးရှားအစိုးရက မြန်မာအစိုးရကို တိုက်တွန်းပေးဖို့လည်း အင်ဒိုနီးရှား သတင်းထောက်တွေက တောင်းဆိုခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲအကြောင်း ကိုကျော်အောင်လွင်က တင်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော် ဂျကာတာမှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ စက်တင်ဘာလ ၇ ရက် မနေ့တုန်းက အင်ဒိုနီးရှားသတင်းသမား တဒါဇင်ကျော်ကျော်လာရောက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူသတင်းထောက်တွေထဲမှာ လက်တွေကို အမဲရောင်တိပ်တွေနဲ့ချီ၊ ပါးစပ်တွေကိုလည်း အမဲရောင် တိပ်တွေနဲ့ပိတ်ထားတဲ့သူတွေလည်းပါဝင်ကြပြီး သတင်းလုပ်တာဟာ ပြစ်မှုမဟုတ်ဘူး၊ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ကြ၊ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြန်လွှတ်ပေး ဆိုတဲ့ စာတမ်းတွေကိုလည်း ကိုင်ဆောင်ထားကြ ပါတယ်။ AJI လို့ခေါ်တဲ့ လွတ်လပ်တဲ့သတင်းသမားများ မဟာမိတ်အဖွဲ့က သတင်းသမားတွေနဲ့ အလွတ် သတင်းထောက်များအဖွဲ့ချုပ်က သတင်းသမားတွေ စုပေါင်းပြီး ဆန္ဒပြခဲ့ကြတာပါ။ AJI အဖွဲ့က ဆန္ဒပြသူ အမျိုးသမီး Fira Abdurachmanက နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနဲ့ထောင်ချခံလိုက်ကြရတဲ့ ကိုဝလုံးတို့ ၂ ဦး ပြန်လွှတ်ပေးရေး မြန်မာ အစိုးရကိုတောင်းဆိုတယ်လို့ ဆိုပါတယ်။

“ဖမ်းဆီးထောင်ချခံထားရတဲ့ Reuters သတင်းသမား ၂ ဦးကိုပြန်လွှတ်ပေးဖို့ မြန်မာအစိုးရနဲ့ အစိုးရ ခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်ကို ကျမတို့ကတောင်းဆိုပါတယ်။ သူတို့ဟာ သူတို့ရဲ့ သတင်းအလုပ်ကို လုပ်နေရင်း အဖမ်းခံခဲ့ရတာဖြစ်ပြီး ဒီလိုသတင်းလုပ်တာကြောင့်ပဲ ထောင်ချခံရတဲ့အဖြစ်ကိုရောက်ကြရပါတယ်။ ဒီအဖြစ်အပျက်ဟာ မြန်မာနိုင်ငံမှာ သတင်းလုပ်ငန်းကို ပြစ်မှုကျုးလွန်သလို လုပ်ဆောင်နေတယ်ဆိုတဲ့ သဘောပါပဲ”

စစ်အုပ်ချုပ်မှုကနေ ဒီမိုကရေစီစံနစ်ကိုဦးတည်ပြီးသွားနေတဲ့ မြန်မာနိုင်ငံအတွက် စက်တင်ဘာလ ၃ ရက်နေ့က တရားစီရင် ခဲ့တဲ့ ကိုဝလုံးတို့ ရိုက်တာစ်သတင်းထောက် ၂ ဦးရဲ့အမှုကတော့ မြန်မာ့ ဒီမိုကရေစီရေး တိုးတက်မှု ဆိုတာကို အကဲစမ်းလိုက်တဲ့၊ သိသာထူးခြားတဲ့ ကိစ္စတခု ဖြစ်ခဲ့ပါတယ်။ သတင်းအလုပ်ကို ပြစ်မှုလို သဘော ထားတဲ့ လုပ်ရပ်တွေ မြန်မာအစိုးရက ထပ်ပြီးမလုပ်အောင် ဖိအားပေးဖို့ အင်ဒိုနီးရှားအစိုးရကိုလည်း တိုက်တွန်း တောင်းဆိုတယ်လို့ အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးရှေ့မှာဆန္ဒပြတဲ့ Fira Abdurachman ကပြောပါတယ်။

“သမ္မတ Joko Widodo နဲ့ အင်ဒိုနီးရှားအစိုးရကိုလည်း ကျမတို့တောင်းဆိုပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး ဌာနက တဆင့် မြန်မာအစိုးရကိုတိုက်တွန်းပေးဖို့ပါ။ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ကို ကျင့်သုံးဖို့၊ သတင်းလုပ် တာကို ပြစ်မှုကျူးလွန် မှုအဖြစ်သဘာထားဆောင်ရွက်နေတာတွေ ဆက်ပြီးမလုပ်ဖို့ ကျမတို့က တိုက်တွန်း တောင်းဆိုပါတယ်။”

ရိုဟင်ဂျာမူဆလင်တွေမြန်မာနိုင်ငံမှာအဖိနှိပ်ခံရတာကို ကန့်ကွက်တဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ်တုန်း ကလည်း အစ္စလမ်မစ်အုပ်စုတွေဦးဆောင်တဲ့ ထောင်နဲ့ချီတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေ ဂျကာတာမြို့တော်က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါသေး တယ်။

ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး မြန်မာအစိုးရ အနေနဲ့ တရားရေးမဏ္ဍိုင်ရဲ့ ဆုံးဖြတ်ချက်ကို ဘာမှဝင်ပြီးစွက်ဖက်မှာမဟုတ်ဘူးလို့ နိုင်ငံတော် သမ္မတ ရုံးရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက မနေ့က နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ “ကျနော်တို့ရဲ့ ပေါ်လစီကရှင်းတယ်၊ ဒါသည် တရားရုံး မှာရောက်နေတယ်ဆိုရင် တရားရုံးအပိုင်းပဲ။ ကျနော်တို့နဲ့မဆိုင်ဘူး၊ ကျနော်တို့ တစုံတရာ ၀င်စွက်ဖက်မှာမဟုတ်ဘူး။”

ရိုက်တာ့စ်သတင်းထောက် ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမူဆလင် ရွာသားတွေ အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး သတင်းလိုက်နေတုန်း ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှာ ဖမ်းဆီးခံခဲ့ရပြီး အခုစက်တင်ဘာလ ၃ ရက်နေ့မှာတော့ သူတို့ဟာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကိုချိုးဖေါက်မှုနဲ့ ထောင် ၇ နှစ်စီချမှတ်ခံခဲ့ရတာပါ။ သတင်းထောက် ၂ ဦးကတော့ သူတို့မှာအပြစ်မရှိဘူးလို့ တရားရုံးမှာ ထွက်ဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG