သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒို မီးခိုးမြူ မှိုင်းကြောင့် လူ တသိန်းကျော် ရောဂါ ခံစား


အင်ဒိုနီးရှားနိုင်ငံ မီးခိုးမြူ ဖုံးလွှမ်းမှုုဖြစ်။ (စက်တင်ဘာ ၁၈၊ ၂၀၁၅)
အင်ဒိုနီးရှားနိုင်ငံ မီးခိုးမြူ ဖုံးလွှမ်းမှုုဖြစ်။ (စက်တင်ဘာ ၁၈၊ ၂၀၁၅)

အင်ဒိုနီးရှားနိုင်ငံ Rekanbaru မြို့အတွင်း မီးခိုးမြူ ဖုံးလွှမ်းမှုကြောင့် လေထု မသန့်ရှင်းမှုက အန္တရာယ်ရှိတဲ့ အဆင့်ကိုရောက်ရှိခဲ့ပြီး အင်ဒိုနီးရှား ပြည်သူ ၁ သိန်း ၃ သောင်းခွဲ တို့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ တွေ ခံစားနေရတယ်လို့ အင်ဒိုနီးရှား အမျိုးသား သဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲမှု အဖွဲ့က ပြောဆိုထားပါတယ်။

မီးခိုးမြူ ဖုံးလွှမ်းမှု ခံစားနေကြရတဲ့ Pekanbaru မြို့က ဒေသခံတွေက ကလေးငယ်တွေကို မီးခိုးမြူ ပျံ့နှံမှုတွေကနေ ရှောင်ရှားနိုင်ဖို့ အုပ်ချုပ်ရေးမှူး ရုံးခန်းမှာ ဖွင့်လှစ်ထားတဲ့ ယာယီ ခိုလှုံရေး စခန်းတွေကို ဒီကနေ့မှာ ပို့ဆောင်ခဲ့ကြပါတယ်။ အစိုးရရဲ့ ခိုလှုံရေး စခန်းမှာတော့ မွေးကင်းစကနေ အသက် ၄ နှစ်ကျော် အရွယ် ကလေးငယ်တွေကို လက်ခံပါတယ်။

ကလေးငယ် ၂၀ ဦးတို့ကို လက်ခံထားနိုင်တဲ့ ဒီခိုလှုံရေးစခန်းမှာတော့ ကလေးငယ် ၄ ဦးတို့ ညအိပ်လက်ခံထားပြီး ကျန်တဲ့ ကလေးငယ်တွေကတော့ နေ့ခင်းမှာ လာရောက်နေ ထိုင်ပြီး ညမှာ အိမ်ပြန်ကြတယ်လို့လည်း ခိုလှုံရေးစခန်း က ပြောပါတယ်။

နှစ်စဉ်နှစ်တိုင်း အင်ဒိုနီးရှား နိုင်ငံ ဆူမတြား ကျွန်းနဲ့ ဘော်နီယိုကျွန်းတို့ မှာ တောင်ယာ ခုတ်ထွင် မီးရှို့ပြီး စိုက်ပျိုးရေး လုပ်ကိုင်မှုတွေကြောင့် ဖြစ်ပေါ်လာရတဲ့ မီးခိုမြူဖုံးလွှမ်းတဲ့ ပြဿနာကို ပြီးခဲ့တဲ့ သတင်းပတ်တွေက စလို့ ဒေသတွင်း ခံစားနေရတာ ဖြစ်ပါတယ်။

အိမ်နီးချင်း မလေးရှားနိုင်ငံမှာလည်း ကျန်းမာရေးကို ထိခိုက်စေတဲ့ အထိ လေထုညစ်ညမ်းခဲ့တာကြောင့်မနေ့က စလို့ ကျောင်းတွေကို ၂ ရက်ကြာ ပိတ်ခဲ့ရပါတယ်။ မီးခိုးမြူကြောင့် စကာၤပူနိုင်ငံမှာလည်း လေထုညစ်ညမ်းမှုကို ခံစားနေရတယ်လို့ စကာၤပူ အမျိုးသား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့က ပြောဆိုထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံတွင်း နှစ်စဉ် တောင်ယာ မီးရှို့ရှင်းလင်းပြီး စိုက်ပျိုးရေး လုပ်ငန်းကြောင့် ဖြစ်ပေါ်လာရတဲ့ ဒေသတွင်း မီးခိုးမြူ ပြဿနာနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုမှုတွေကို အင်ဒိုနီးရှားနိုင်ငံဘက်က အမြဲလိုလို ငြင်းဆန်နေသလို တောင်ယာမီးရှို့မှုကို ရပ်ဆိုင်းဖို့ကိုလည်း တနှစ်ပြီး တနှစ် ကတိပြုပြောဆိုနေတာ ဖြစ်ပါတယ်။

တောင်ယာမီးရှို့မှုတွေကို တားဆီးနိုင်ရေး အတွက် အိမ်နီးချင်းတွေရဲ့ အကူအညီ ကမ်းလှမ်းချက်ကိုလည်း အင်ဒိုနီးရှားတို့က ကြိမ်ဖန်များစွာ ပယ်ချခဲ့ကြ တာပါ။ တောင်ယာ မီးရှို့မှုနဲ့ပတ်သက်ပြီး ကုမ္ပဏီ ၂၀၀ ကျော်တို့ကို စုံစမ်းစစ်ဆေးခဲ့ တယ်လို့လည်း အင်ဒိုနီးရှား အစိုးရက ပြောဆိုထားပါတယ်။

XS
SM
MD
LG