သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား လွတ်လပ်ရေးနေ့ Nusantara မြို့သစ်မှာ ကျင်းပ


အင်ဒိုနီးရှားနိုင်ငံ ၇၉ နှစ်ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ သမ္မတ Joko Widodo မိန့်ခွန်းပြော (Foto: Bagus Indahono via REUTERS)
အင်ဒိုနီးရှားနိုင်ငံ ၇၉ နှစ်ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ သမ္မတ Joko Widodo မိန့်ခွန်းပြော (Foto: Bagus Indahono via REUTERS)

အင်ဒိုနီးရှားနိုင်ငံမှာ ဒီနေ့ကျရောက်တဲ့ ၇၉ နှစ်ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို မြို့တော်သစ်လုပ်မယ့် နုဆန်တရာ (Nusantara) မြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီနေ့အခမ်းအနားမှာ သမ္မတ Joko Widodo က မြို့တော်သစ် ဖွင့်ကြောင်းကိုပါ တရားဝင်ကြေညာသတ်မှတ်ဖို့ အရင်စီစဉ်ထားခဲ့ပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ မပြီးသေးတဲ့အတွက် မြို့တော်သစ်အဖြစ် တရားဝင် မဖွင့်နိုင်ခဲ့ပါဘူး။

ဂျာဗားကျွန်းပေါ်က လက်ရှိ ဂျကာတာမြို့တော်ဟာ လူဦးရေ ထူထပ်လွန်းပြီး ပင်လယ်ရေမျက်နှာပြင်အောက်ကို တဖြည်းဖြည်း ရောက်နေတာကြောင့် ဘော်နီယိုကျွန်းပေါ်မှာ အမေရိကန်ဒေါ်လာ ၃၂ ဘီလျံထက်မနည်း ကုန်ကျမယ့် နုဆန်တရာ (Nusantara) မြို့တော်သစ်ကို တည်ဆောက်နေတာ ဖြစ်ပါတယ်။ မြိုတော်သစ် ဖွင့်တဲ့အနေနဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကျရင် ဧည့်ပရိတ်သတ် ၈ ထောင် ဖိတ်ကြားမယ်လို့ သမ္မတ Widodo က အစောပိုင်းက ပြောထားခဲ့ပေမဲ့ အခြေခံအဆောက်အအုံတွေ ပြည့်စုံလုံလောက်မှု မရှိသေးတာကြောင့် ဒီနေ့ အခမ်းအနားကို ဧည့်သည် ၁၃၀၀ ပဲ ဖိတ်ကြားနိုင်ခဲ့ပါတယ်။

မြို့တော်သစ်ကို ဘယ်တော့မှ တရားဝင်ဖွင့်နိုင်မယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် ရွေးကောက်ပွဲ အနိုင်ရထားတဲ့ Prabowo Subianto အောက်တိုဘာမှာ အာဏာလွှဲယူပြီးနောက်မှ ဖွင့်နိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။ အောက်တိုဘာမှာ သမ္မတရာထူး သက်တမ်းပြည့်မယ့် သမ္မတ Widodo ဟာ နိုင်ငံတော်အခြေပြမိန့်ခွန်းကို လွှတ်တော်မှာ သောကြာနေ့က နောက်ဆုံးပြောကြားခဲ့တာမှာတော့ သူ့အစိုးရလက်ထက် အင်ဒိုနီးရှားနိုင်ငံ စီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့မှုတွေကို အလေးထားပြောခဲ့သလို၊ သူ့အစိုးရကာလအတွင်း မျှော်လင့်ထားသလို ဖြစ်မလာနိုင်သူတွေကိုလည်း တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

Forum

XS
SM
MD
LG