သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အထူးသံများ ဂျာကာတာ ဆွေးနွေးပွဲ


အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်

မြန်မာနိုင်ငံက ပြဿနာကို ဆွေးနွေးအဖြေရှာမှုတွေ မလုပ်နိုင်ခင် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်အောင်လုပ်ဖို့ လိုအပ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ အာဆီယံ၊ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ နိုင်ငံတချို့ပါဝင်တဲ့ အထူးသံတမန်တွေရဲ့ မြန်မာ့အရေးဖြေရှင်းနိုင်‌ရေး ဆွေးနွေးပွဲမှာ တင်ပြခဲ့ကြပါတယ်။

NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသားအဖွဲ့တွေနဲ့ မြန်မာ့နိုင်ငံရေးအတွက် အရေးပါတဲ့အဖွဲ့တွေ တက်ရောက်ကြတဲ့ အလွတ်သဘော ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ လုံးဝ ရပ်တန့်မသွားရင်တောင် လျှော့ချနိုင်ရေး အရေးကြီးတဲ့အကြောင်းတွေ ဆွေးနွေးခဲ့ကြတယ်လို့ VOA က စုံစမ်းသိရပါတယ်။ မြန်မာနိုင်ငံထဲ စစ်လက်နက် ပစ္စည်းတွေ မဝင်ရောက်နိုင်အောင် ပိတ်ပင်ဖို့ အရေးကြီးတာမို့ အာဆီယံအနေနဲ့ အဖွဲ့လိုက်ရော တနိုင်ငံချင်းစီကပါ ထိရောက်တဲ့ နည်းလမ်းတွေ ရှာဖွေဆောင်ရွက်ဖို့ မြန်မာ့အရေး ဆောင်ရွက်သူတွေဘက် တင်ပြကြတယ်လို့ သိရပါတယ်။ လူသားချင်းစာနာတဲ့ အကူအညီတွေကိုလည်း တရားဝင်နည်းလမ်းနဲ့ရော နယ်စပ်ကနေ ပို့ပေးဖို့ပါ တောင်းဆိုခဲ့ကြပါတယ်။

လူမျိုးတုံး သတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ လုံးဝ မလိုလားပေမဲ့ လိုအပ်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်ရေး လက်တွေ့ကျကျ အထောက်အကူ ဖြစ်စေမယ့် အခင်းအကျင်းတရပ် ပေါ်ပေါက်လာဖို့ကိုတော့ အခိုင်အမာ ကြိုးပမ်းလိုတဲ့အကြောင်း မြန်မာ့အရေးမှာ အဓိက ပါဝင်ပတ်သက်နေတဲ့ အဖွဲ့တွေက ပြောခဲ့ကြပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အာဆီယံ အခြေခံမူ ၅ ရပ် အကောင်အထည် ဖော်ရာမှာ အာဆီယံ၊ ကုလသမဂ္ဂနဲ့ အိမ်နီးချင်းနိုင်ငံတွေပါ ပါဝင်ပြီး ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ လိုအပ်သလို၊ အာဆီယံ နိုင်ငံတခုတည်းက သီးခြားကြားဝင် ဆောင်ရွက်တာမျိုးတွေကို ရှောင်ရှားဖို့၊ အာဆီယံ အထူးကိုယ်စားလှယ်ရုံးကို တနေရာတည်းမှာ အမြဲတမ်း အခြေစိုက်ပြီး လိုအပ်တဲ့ ဝန်ထမ်းအင်အား အပြည့်ထားရှိဖို့ လိုအပ်တဲ့အကြောင်းနဲ့ မြန်မာတွေ ကိုယ်တိုင်ဦးဆောင်တဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အာဆီယံက ထောက်ခံကူညီဖို့ ကိစ္စတွေကိုလည်း မြန်မာ့အရေးမှာ အရေးပါတဲ့ အဖွဲ့တွေက အဆိုပြုတင်ပြခဲ့ကြပါတယ်။

စစ်ကောင်စီ ကျင်းပဖို့ စီစဥ်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ရွေးကောက်ပွဲက လက်ရှိနိုင်ငံရေး ပြဿနာတွေရဲ့ အဖြေ မဟုတ်သလို၊ နိုင်ငံတွင်း ကွဲပြားမှုတွေ ပိုဖြစ်စေနိုင်ပြီး ပဋိပက္ခကို ပိုမိုဆိုးရွားစေနိုင်တယ်လို့လည်း မြန်မာ့အရေးမှာ အဓိက ပါဝင်နေတဲ့အဖွဲ့တွေက ဆွေးနွေးခဲ့ကြပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဌတာဝန်ယူထားတဲ့ လာအိုနိုင်ငံ ဗီယမ်ကျန်းမြို့မှာ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွေ ကျင်းပဖို့ ရက်ပိုင်းအလိုမှာ မြန်မာ့အရေး အထူးသံတမန်တွေရဲ့ အလွတ်ဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက် ကျင်းပတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ အာဆီယံအဖွဲ့ရဲ့ လက်ရှိနဲ့ အရင် မြန်မာဆိုင်ရာ အထူးသံတမန်တွေ၊ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်၊ EU ဥရောပသမဂ္ဂနဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ အထူးသံတမန်တွေအပြင်၊ အမေရိကန်၊ Australia, ထိုင်း၊ အိန္ဒိယ၊ နော်ဝေး၊ ဂျပန်နိုင်ငံ သံတမန်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Forum

XS
SM
MD
LG