သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသံရုံးတိုက်ခိုက်ဖို့အစီအစဉ် အင်ဒိုနီးရှားရဲဖော်ထုတ်


အကြမ်းမှုတိုက်ခိုက်ဖို့ ကြံစည်ခံရတဲ့ မြန်မာသံရုံးကို လုံခြုံရေးယူပေးနေသော အင်ဒိုနီးရှား ရဲအရာရှိတစ်ဦး (မေ၊ ၃။ ၃၀၁၃။)
အကြမ်းမှုတိုက်ခိုက်ဖို့ ကြံစည်ခံရတဲ့ မြန်မာသံရုံးကို လုံခြုံရေးယူပေးနေသော အင်ဒိုနီးရှား ရဲအရာရှိတစ်ဦး (မေ၊ ၃။ ၃၀၁၃။)
ဂျကာတာမြို့တော်မှာရှိတဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်သူတွေအဖြစ် လူ ၂ ယောက်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ မကြာသေးခင်တုန်းက မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေကို မကျေနပ်ကြောင်း ပြသတဲ့အနေနဲ့ တိုက်ခိုက်ဖို့ စီစဉ်ခဲ့တာလို့လည်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။ မြန်မာနိုင်ငံတွင်းက သွေးထွက်သံယို ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ပြည်ပနိုင်ငံတွေအထိ ရိုက်ခတ်လာနေတဲ့ အခြေအနေတွေကိုတော့ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။

မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်သူတွေအဖြစ် သံသယရှိသူ ၂ ယောက် ကိုတော့ အင်ဒိုနီးရှား အကြမ်းဖက်တိုက်ဖျက်ရေး အထူး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တဲ့အကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ကြေညာလိုက်တာ ဖြစ်ပါ တယ်။ ကြာသပတေးနေ့ ညပိုင်းမှာပဲ အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်နေသူတွေ အဖြစ် သံသယရှိသူတွေကိုတော့ ဂျာကာတာမြို့တော်မှာ မော်တော်ဆိုင်ကယ် တစင်းနဲ့ သွားနေတုန်း ဖမ်းဆီးမိခဲ့တာ ဖြစ်တယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူ ရဲမှူးချုပ် Boy Rafli Amar ကပြောပါတယ်။

“မနေ့ည ၉ နာရီခွဲလောက်က ဂျကာတာမြို့လယ် Bendungan Hilir မှာပါ။ အတိအကျ ပြောမယ်ဆိုရင်တော့ Sudirman လမ်းမကြီးပေါ်မှာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်တယ်လို့ သံသယရှိတဲ့သူ ၂ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တာပါ။”

သံသယရှိသူ ၂ ယောက်ရဲ့ ကျောပိုးအိတ်တွေအတွင်းမှာတော့ လက်လုပ် ဗုံးတွေ၊ ဝိုင်ယာကြိုးတွေ အပါအဝင် ဖောက်ခွဲရေး ပစ္စည်းတွေကို သိမ်းဆည်း ရမိခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေ ငှားရမ်းနေထိုင်နေတဲ့ အိမ်ကို နောက်ပိုင်း ဆက်လက် ရှာဖွေရာ မှာတော့ ဖောက်ခွဲရေးပစ္စည်းတွေကို ထပ်မံတွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

သူတို့ ၂ ဦး ဟာ ဂျကာတာမြို့တော်က မြန်မာသံရုံးကို ဒီကနေ့ သောကြာနေ့မှာ တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာလို့လည်း တာဝန်ရှိသူတွေကို ကိုးကားပြီး အင်ဒို နီးရှား သတင်းတွေမှာ ဖော်ပြနေကြတာပါ။ ရဲတပ်ဖွဲ့ ပြောခွင့်ရသူကတော့ အမှုကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တဲ့အတွက် အတိအကျ မပြောနိုင်သေးဘူးလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“အထောက်အထားတွေထဲမှာတော့ အဆင်သင့်ဖြစ်နေတဲ့ ဗုံး ၅ လုံးကို ကျနော်တို့ တွေ့ရတဲ့အတွက် လူတွေ ထိခိုက်နာကျင်မှုတွေ ဖြစ်မယ် ဆိုတာ က သေချာပါတယ်။ လောလောဆယ်မှာ ဗုံးတွေက ဘယ်လောက် အထိ ပြင်းထန်နိုင်သလဲ ဆိုတာကိုတော့ ကျနော် မပြောနိုင်သေးပါဘူး။ ဒါပေမဲ့လည်း ဒီဗုံးတွေကြောင့် လူတွေ ထိခိုက်ဒဏ်ရာတွေ ရနိုင်တယ် ဆိုတာကတော့ ရှင်းပါတယ်။”

ဂျကာတာမြို့တော်က အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်အဖြစ် ရည်ရွယ်ထား ခဲ့တယ် ဆိုတဲ့ မြန်မာသံရုံးနဲ့ သံအမတ်ကြီးရဲ့နေအိမ် အနီးဝန်းကျင်မှာတော့ အခုအခါ လုံခြုံရေးတွေကို တိုးမြှင့်ချထားခဲ့တာပါ။ အကြမ်းဖက်သမားအဖြစ် သံသယရှိသူတွေကို ဖမ်းဆီးလိုက်ပြီး နောက်မှာပဲ အင်ဒိုနီးရှား အာဏာပိုင်တွေ က အနီးအနားမှာရှိတဲ့ အဆောက်အဦးတွေ၊ ဟိုတယ်တွေမှာလည်း လုံခြုံရေး တပ်ဖွဲ့ဝင်ပေါင်း ဒါဇင်နဲ့ချီပြီး ဖြန့်ချထားလိုက်ကြပါတယ်။ ဖမ်းဆီးခံရသူ ၂ ဦးဖြစ်တဲ့ အသက် ၂၉ နှစ် အရွယ် Sefa Riano နဲ့ အသက် ၂၂ အရွယ် Ahmad Taufik တို့ဟာ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်တွေကို မကြာသေးခင်တုန်းက တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ အကြမ်းဖက် အဖွဲ့အစည်းတခုနဲ့ ဆက်နွယ်မှု ရှိတယ်လို့လည်း အာဏာပိုင်တွေက သင်္ကာမကင်းဖြစ်နေကြတာပါ။ သူတို့ ၂ ဦးဟာ မြန်မာနိုင်ငံမှာ လူအများအပြား ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့ မကြာသေးခင်တုန်းက ပဋိပက္ခတွေ အတွင်း ရိုဟင်ဂျာ မူဆလင်တွေကို ပစ်မှတ် ထား တိုက်ခိုက်ခံခဲ့ရတာကို လက်တုန့်ပြန်ဖို့ ရည်ရွယ်စီစဉ်ခဲ့တာ လို့လည်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

စင်္ကာပူ အခြေစိုက် နိုင်ငံရေး အခြေခံ အကြမ်းဖက်ဝါဒ နိုင်ငံတကာ သုတေသနဌာနရဲ့ အကြီးအကဲဖြစ်တဲ့ Rohan Gunaratna ကတော့ အင်ဒိုနီးရှားက အစွန်းရောက်တွေဟာ မြန်မာနိုင်ငံက မူဆလင်တွေ အရေးအတွက် အာရုံစိုက်လာနေကြတယ်လို့ ပြောပါတယ်။

“Abu Bakar Bashir အပါအဝင် သူဦးဆောင်တဲ့ Jemaah Islamiyah နဲ့ Jemaah Anshorut Tauhid တို့လို အဓိကအဖွဲ့တွေ သာမက အင်ဒိုနီးရှားက အကြမ်းဖက်အုပ်စုတွေရဲ့ ခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ ဂျေဟတ် ဘာသာရေးစစ်ပွဲ ဆင်နွှဲဖို့ ွ ဆက်တိုက် ဆိုသလို တိုက်တွန်းနေတာတွေ ရှိပါတယ်။ ဒါကြောင့်လည်း Abu Bakar Bashir နဲ့ တခြားအကြမ်းဖက် အုပ်စုတွေရဲ့ ခေါင်းဆောင်တွေက မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ဆက်နွယ်နေတာတွေကို တိုက်ခိုက်ဖို့ တောင်းဆိုနေတာတွေကို တုန့်ပြန်တဲ့ အနေနဲ့ အခုလို ကြိုးပမ်းမှုတွေ ပေါ်ပေါက်လာတာမျိုး ဖြစ်နိုင်စရာ အလားအလာတွေလည်း ရှိနေပါတယ်။”

ပြီးခဲ့တဲ့နှစ်ထဲမှာ တုန်းကတော့ Hizbut Tahrir ရဲ့ အင်ဒိုနီးရှားအဖွဲ့ခွဲက အစွန်းရောက် အဖွဲ့ဝင်တွေ မြန်မာနိုင်ငံမှာ ဂျေဟတ် ဘာသာရေးစစ်ပွဲ ဆင်နွှဲဖို့ လှုံ့ဆော်တဲ့ စာတစောင်ကို ဂျကာတာမြို့က မြန်မာသံရုံးမှာ ကပ်ထားခဲ့ဖူး ပါတယ်။ ဒီလိုပဲ အကြမ်းဖက် အဖွဲ့တွေကို ဘဏ္ဍာရေးအရ ပံ့ပိုးမှုတွေ လုပ်ခဲ့တယ် ဆိုတဲ့ အမှုနဲ့ အခုအခါ ထောင်ဒဏ် ၁၅ နှစ် ကျခံနေရတဲ့ Abu Bakar Bashir ကလည်း မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေကို ထိခိုက်နစ်နာအောင် ဆက်လုပ်နေမယ်ဆိုရင် ဘာသာရေးစစ်ပွဲ ဆင်နွှဲသွားမယ်လို့ ခြိမ်းခြောက်တဲ့ စာတစောင်ကို ထောင်ထဲကနေ ထုတ်ပြန်ခဲ့တာပါ။ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်း မှာတုန်းကတော့ မြန်မာနိုင်ငံက ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အငြင်းအခုန်ဖြစ် ရာက အင်ဒိုနီးရှား ထိန်းသိမ်းရေး စခန်းတခုမှာ ခိုက်ရန်ပွဲဖြစ်ပွားပြီး မြန်မာနိုင်ငံ သား ၈ ယောက် သေဆုံးခဲ့ဘူးပါတယ်။
XS
SM
MD
LG