သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးမှာ မြန်မာစစ်တပ် ဝင်မပါဖို့ အင်ဒိုနီးရှားဝန်ကြီး တိုက်တွန်း


Indonesia's Defense Minister Prabowo Subianto @ Singapore Asia Security Meeting
Indonesia's Defense Minister Prabowo Subianto @ Singapore Asia Security Meeting

မြန်မာစစ်တပ်ကို အင်ဒိုနီးရှားလို နိုင်ငံရေးမှာ ဝင်မပါတဲစစ်တပ် ဖြစ်စေချင်တယ်လို့ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ စစ်တပ်ဟာ ပြည်သူတွေ မျက်နှာကြည့်ပြီး ပြည်သူ့တပ်မတော်ဖြစ်ဖို့ ၁၉၉၈ မှာ နိုင်ငံရေးကနေ ဆန္ဒအလျောက် နုတ်ထွက်ပေးခဲ့တယ်လို့ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း Prabowo Subiano က စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ Shangri-La Dialogue အာရှပစိဖိတ် လုံခြုံရေးဆွေးနွေးပွဲမှာ ဒီကနေ့ ပြောသွားတာပါ။

ဒါ့အပြင် အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် အုပ်ချုပ်တာကို လက်မခံကြောင်းနဲ့ မြန်မာ ပြည်သူတွေအပေါ် သေကြေတဲ့အထိ စစ်တပ်က အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာ ထင်ရှားတယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း ပြောထားပါတယ်လို့ ဝန်ကြီး Subiano က ဒေသတွင်း တင်းမာမှုဖြေရှင်းရေး ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။

လက်ရှိ အင်ဒိုနီးရှား မတိုင်ခင် ကမော္ဘဒီးယားနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ကာလကတည်းက မြန်မာစစ်တပ်ခေါင်းဆောင်တွေကို အာဆီယံ ကာကွယ်ရေးဝန်ကြီးဆိုင်ရာ အစည်းအဝေးတွေ တက်ခွင့်မပေးခဲ့တာကိုလည်း ဝန်ကြီး Subiano က ပြောပါတယ်။ အာဆီယံအနေနဲ့ မြန်မာ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံနေတဲ့အကြောင်း၊ တိုက်ခိုက်မှုတွေရပ်ပြီး ပဋိပက္ခတွေ လျှော့ချဖို့၊ ဒီမိုကရေစီနည်းကျ အဖြေရှာနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်လို့လည်း ဝန်ကြီး Subiano က ပြောပါတယ်။

ဒေသတွင်း တင်းမာမှု ဖြေရှင်းရေး ခေါင်းစဉ်အောက်မှာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Lee Jong-Sup က မြောက်ကိုရီးယားနဲ့ တင်းမာမှုပြဿနာ ဖြေရှင်းရေး ဆွေးနွေးခဲ့သလို၊ EU နိုင်ငံခြားရေးနဲ့ လုံခြုံရေးရာ အကြီးအကဲ Josep Borrel Fontelles ကလည်း ယူကရိန်း-ရုရှား စစ်ပွဲ အဖြေရှာရေး အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG