သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဝ ဘေးဒဏ်ကြောင့် အင်ဒိုနီးရှားမှာ လူ ၃၀၀ ကျော်သေဆုံး


သဘာဝ ဘေးဒဏ်ကြောင့် အင်ဒိုနီးရှားမှာ လူ ၃၀၀ ကျော်သေဆုံး

အင်ဒိုနီးရှားနိုင်ငံမှာ မြေငလျင်ကတဆင့် ဖြစ်ပွားတဲ့ ဆူနာမီ ရေလှိုင်းဒဏ်ကြောင့် သေဆုံးသူပေါင်း ၃၀၀ လောက် ရှိသွားပြီး မီးတောင် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃၀ နီးပါး ရှိသွားပြီလို့ သဘာဝဘေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါကြောင့် ဗီယက်နမ်နိုင်ငံက အာဆီယံ အစည်းအဝေးမှာ ရောက်နေတဲ့ အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) က သဘာဝ ဘေးဒဏ်သင့် ပြည်သူတွေ ကူညီကယ်ဆယ်ရေးတွေမှာ ကြီးကြပ် ကွပ်ကဲနိုင်ဖို့ သူ့နိုင်ငံကို အမြန်ဆုံး ပြန်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က အင်အားပြင်း မြေငလျင်ကြောင့် ၁၀ ပေနီးပါး မြင့်တဲ့ ဆူနာမီ ရေလှိုင်းတွေကြောင့် ဂျာဗားကျွန်း အနောက်ဘက် ဝေးလံခေါင်ဖျားတဲ့ မန်တာဝေ (Mentawai) ကျွန်းမှာ ရွာတွေ ရွာလုံးကျွတ် ရေထဲ မျောပါသွားခဲ့တာပါ။

တတိယမြောက်တဲ့ ဒီနေ့မှာတော့ ကယ်ဆယ်ရေး လုပ်သားတွေက အဲဒီနေရာကို လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ပထမဆုံး အကြိမ်အဖြစ် ရောက်ရှိသွားပါပြီ။

ဆူနာမီဒဏ်သင့်တဲ့ ဒေသတွေမှာ လူသေအလောင်း ၂၇၂ လောင်းကို တွေ့ရှိခဲ့ပြီး ၄၁၂ ယောက်လောက် ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တခါ မနေ့က ဂျာဗားကျွန်း အလယ်က မီးတောင်ပေါက်ကွဲမှုမှာတော့ လူ ၂၉ ယောက်ဟာ မီးတောင်က ချော်ရည်တွေ၊ ပြာပူတွေနဲ့ လောင်ကျွမ်း သေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာ မရာပီမီးတောင်ရဲ့ -၀ိညာဉ်စောင့် သက်ကြီးရွယ်အို အဖိုးကြီးတဦးလည်း ပါသွားခဲ့ပါတယ်။

မီးတောင်အနီး နေထိုင်ကြတဲ့ လူပေါင်း ၃၀,၀၀၀ ကိုလည်း ဘေးလွတ်ရာကို ရွှေ့ထားခိုင်းရပါတယ်။ အဲဒီမီးတောင်ကနေ နောက်ထပ် ပေါက်ကွဲမှုတွေ ရှိနိုင်သေးတယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

XS
SM
MD
LG