သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုလေယာဉ်ပျက်ကျမှု ခရီးသည်အားလုံး သေဆုံး


အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းမှာ တနင်္ဂနွေနေ့က ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်ပါသူ အားလုံး သေဆုံးသွားတယ်လို့ အင်ဒိုနီးရှား အရာရှိတွေက ဒီကနေ့ အင်္ဂါနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။

သေဆုံးသွားသူ ၅၄ ဦးရဲ့ အလောင်းတွေကို ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ရွာသားတွေက ကောက်ယူခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။

Papua ခရိုင်ထဲက Trigana လေကြောင်းလိုင်း အမှတ် ၂၆၇ ပျက်ကျခဲ့တဲ့ နေရာဟာ တောတောင်ထူထပ်တာမို့ ရှာဖွေရေးအဖွဲ့တွေဟာ အင်္ဂါနေ့မှ သွားရောက်နိုင်ခဲ့တာ ဖြစ်ပြီး လေယာဉ်ကတော့ လုံးဝပျက်စီးသွားတယ်လို့ ပြောပါတယ်။ ATR 42-300 တာဗိုအင်ဂျင် ၂ လုံးတပ် လေယာဉ်ဟာ Jarapura ကနေ Oksibil ကိုအသွား လေယာဉ်ထွက်ပြီး အကြာခင်မှာပဲ လေကြောင်း ထိမ်းချုပ်ရေးစခန်းရဲ့ စောင့်ကြည့် ရေဒါစက်မှာ မတွေ့ရတော့ဘဲ ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်းတွေ အပါအဝင် စုစုပေါင်း ၅၄ ယောက် လိုက်ပါသွားတဲ့အပြင် ဆင်းရဲတဲ့ မိသားစုတွေကို ပေးမယ့် အစိုးရထောက်ပံံ့ငွေ ဒေါ်လာ ၄ သိန်း ၇သောင်းလောက်လည်း ပါသွားတာ ဖြစ်ပါတယ်။ နောင်မှာ အခုလိုပျက်ကျတာမျိုး မဖြစ်အောင် လေကြောင်း အန္တရာယ်ကင်းရေးကို တိုးမြှင့်လုပ်ဆောင်ဖို့ ကူးသန်းသွားလာရေး ဝန်ကြီးဌာနကို ညွှန်ကြားခဲ့ကြောင်း အင်ဒိုနီးရှားသမ္မတ Joko Widodo က သတင်းထောက်တွေကို ပြောပါတယ်။

အင်ဒိုနီးရှားလေကြောင်းလုပ်ငန်းဟာ မနှစ်က ဒီဇင်ဘာလမှာ လူပေါင်း ၁၆၂ ယောက် သေဆုံးခဲ့ရတဲ့ AirAsia လေယာဉ် ပျက်ကျတာ အပါအဝင် ဆိုးရွားတဲ့ လေကြောင်း မတော်တဆ ဖြစ်မှု အများအပြားကြောင့် နာမည်ပျက်နေတာပါ။ လေကြောင်းလုပ်ငန်းဈေးကွက် လျှင်လျှင်မြန်မြန် ကြီးထွားနေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ အရည်အချင်းပြည့်မီတဲ့ လေယာဉ်မှူးတွေ၊ စက်ပြင်ဆရာတွေ၊ လေကြောင်းထိန်းချုပ်ရေး အရာရှိတွေ ရှားပါးနေတဲ့အတွက် အတော် ရုန်းကန်နေရတာ ဖြစ်ပါတယ်။

Trigana လေကြောင်းဟာ ပြည်တွင်း လေကြောင်းလိုင်း ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ် စတင်ပြေးဆွဲချိန်ကစပြီး ဆိုးရွားတဲ့ မတော်တဆဖြစ်မှု ၁၄ ခု ဖြစ်ပွားခဲ့သလို သူ့ကို ဥရောပသမဂ္ဂ ဝေဟင်မှာ ပျံသန်းခွင့်မပြုဘဲ တားမြစ်စာရင်းမှာ ထည့်ထားတာပါ။

XS
SM
MD
LG