သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားသမ္မတလောင်းတွေ ကိုရမ်ကျမ်းစာမေးပွဲ စစ်ဆေးခံဖို့ အဆိုပြု


အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲဝင်ပြိုင်မယ့် သူတွေအနေနဲ့ အစ္စလမ် ကိုရမ်ကျမ်းစာနဲ့ပတ်သက်ပြီး အစစ်ဆေးခံကြဖို့ဆိုတဲ့ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ဘာသာရေးဆရာတွေရဲ့ တိုက်တွန်းချက်ဟာ လူမျိုးရေးညီညွတ်မှုကို ထိခိုက်စေတယ်လို့ အစ္စလာမ်ဘာသာရေး ကျွမ်းကျင် သူတွေက အပြင်းထန် ဝေဖန်လိုက်ကြပါတယ်။

လာမယ့် ၂၀၁၉ ဧပြီလ အင်ဒိုနီးရှားရွေးကောက်ပွဲကို ဝင်ပြိုင်ကြမယ့် လက်ရှိသမ္မတ Joko Widodo နဲ့ အတိုက်အခံ Prabowo Subianto တို့ အနေနဲ့ အာချေးပြည်နယ်မျာ ဇန်နဝါရီလ(၁၅)ရက်နေ့ ကျင်းပမယ့် ကိုရမ်ကျမ်းစာ အာဂုံဆောင်ပွဲမှာ လာရောက်အစစ်ဆေး ခံကြဖို့ အာချေးမှာရှိတဲ့ အစ္စလမ်ဘာသာရေးကောင်စီတခုက ပြီးခဲ့တဲ့ စနေနေ့က ဖိတ်ကြားစာ ပေးပို့ခဲ့တာပါ။

အာချေးပြည်နယ်မှာတော့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေ ဝင်ပြိုင်တဲ့အခါ ကိုရမ်ကျမ်းစာနဲ့ ပတ်သက်ပြီးလည်း အစစ်ဆေး ခံကြရပါတယ်။

ဂျာကာတာမှာရှိတဲ့ ဟီဒါယာတူလာ- အစ္စလာမ်တက္ကသိုလ်က ပညာရှင် Dr. Komaruddin ကတော့ ကိုရမ်ကျမ်းစာ စာမေးပွဲဟာ လိုအပ်ချက် တခု မဟုတ်သလို ၊ ဘာသာရေးအတွက် အရေးကြီးတယ်လို့ ယူဆနေတာဟာလည်း ပုံကြီးချဲ့မှု တခုသာဖြစ်တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားမှာရှိတဲ့ အကြီးဆုံး မူဆလင်အဖွဲ့ကြီးဖြစ်တဲ့ Nahdlatul Ulama ရဲ့ တာဝန်ရှိပုဂ္ဂိုလ် Dr. Rumadi Ahmad ကတော့ ကိုရမ်ကျမ်းစာ စစ်ဆေးပွဲဟာ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချမှုတခုသာဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG