သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ အလားအလာရှိနိုင်


အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာကျင်းပတဲ့ အာဆီယံနိုင်ငံခြာရေးဝန်ကြီးများအစည်းအဝေးပွဲအတွင်း ကိုယ်စားပြုတက်ရောက်ခြင်းမရှိတဲ့ မြန်မာနိုင်ငံအတွက် ထိုင်ခုံလွတ်ကိုတွေ့ရစဉ် (ဇူလိုင် ၁၁၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာကျင်းပတဲ့ အာဆီယံနိုင်ငံခြာရေးဝန်ကြီးများအစည်းအဝေးပွဲအတွင်း ကိုယ်စားပြုတက်ရောက်ခြင်းမရှိတဲ့ မြန်မာနိုင်ငံအတွက် ထိုင်ခုံလွတ်ကိုတွေ့ရစဉ် (ဇူလိုင် ၁၁၊ ၂၀၂၃)

မြန်မာ့အရေး အဓိကပါဝင်ပတ်သက်သူတချို့ တက်ရောက်တဲ့ အစည်းအဝေးတခုကို အင်ဒိုနီးရှားက ကမကထလုပ်၊ လက်ခံကျင်းပခဲ့ပြီး အဲဒီမှာ မကြာမီ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် အပြုသဘောဆောင်တဲ့ အလားအလာရှိနေတယ်လို့ အင်ဒိုနီးရှားက သောကြာနေ့မှာ ပြောပါတယ်။ ဂျကာတာမြို့တော်မှာ နိုဝင်ဘာ ၂၀ ရက်ကနေ ၂၂ ရက်အထိ ကျင်းပခဲ့တဲ့ အဲဒီအစည်းအဝေးမှာ ဒီမိုကရေစီ လိုလားတဲ့အဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပါဝင်ပြီး စစ်ကောင်စီဘက်ကတော့ တိုက်ရိုက်ကိုယ်စားပြုသူ မပါပေမယ့် ကြားခံတဆင့် “စကားပြော ဆွေးနွေးသူတွေ” တက်ရောက်ခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာပါရှိပြီး အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ “စစ်မှန်တဲ့တွေ့ဆုံ ဆွေးနွေးရေးအတွက် လမ်းဖွင့်ထားပေမယ့် အနာဂတ် မြန်မာ့နိုင်ငံရေးမှာ စစ်တပ်အတွက် နေရာမရှိဘဲ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အရပ်သားအစိုးရရဲ့ လက်အောက်ခံ ဖြစ်ရမယ်။” လို့ ရိုက်တာသတင်းဌာနကို တုံ့ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ NUG နဲ့ တော်လှန်ရေးအင်အားစုတွေကို “အကြမ်းဖက်သမားတွေ” လို့ စွပ်စွဲထားပြီး တွေ့ဆုံဆွေးနွေးမှာ မဟုတ်ဘူးလို့ ထုတ်ပြောထားတာပါ။ အင်ဒိုနီးရှားဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူကို အဆက်အသွယ်မရသေးပါဘူး။

“အစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်မှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့၊ အကြမ်းဖက်မှုတွေ လျှော့ချဖို့နဲ့ ပဋိပက္ခဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံသားတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လုံလုံခြုံခြုံနဲ့ ပေးအပ်နိုင်ဖို့ ဖြစ်တယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ "အာဆီယံ အထူးသံတမန်ရုံးအနေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ပဏာမအဆင့် ဆွေးနွေးမှုတွေဆီ လမ်းခင်းပေးနိုင်မယ့် အဖွဲ့တခုချင်းစီကြား 'သတင်းစကား' တွေ ဖလှယ်နိုင်ဖို့ကိုလည်း ကြားဝင်ဆောင်ရွက်ပေးနေတယ်” လို့ ဆိုပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ ဥက္ကဌအဖြစ် အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဘက်ပေါင်းစုံကြား တွေ့ဆုံဆွေးနွေးရေး တွန်းအားပေးနေပေမယ့် အခုအချိန်အထိ တိုးတက်မှုအနည်းငယ်ပဲ ရှိနေတာပါ။ အင်ဒိုနီးရှားဘက်ကတော့ ဘက်ပေါင်းစုံကို နောက်ကွယ်ကနေ တိတ်တိတ်ဆိတ်ဆိတ် တွေ့ဆုံတာတွေ ရှိနေပေမယ့် အချို့က ဆွေးနွေးပွဲအတွက် ကြိုတင်သတ်မှတ်ချက်တွေ တောင်းဆိုတာတွေရှိလို့ တိုးတက်မှုမရှိ ဖြစ်နေတာပါ။

လက်ရှိမှာတော့ အောက်တိုဘာ လကုန်ကစပြီး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက နိုင်ငံတဝန်း စစ်ကောင်စီ အခြေစိုက် စခန်းတွေနဲ့ မြို့တချို့ကို စစ်ဆေးရေးတွေ ကြေညာပြီး တပြိုင်တည်း ညှိနှိုင်းတိုက်ခိုက်နေပြီး စစ်ရေး အရှိန်မြင့်နေချိန်မှာ အခုလို အင်ဒိုနီးရှားဘက်က တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ပြန် ထုတ်ဖော် ပြောဆိုလာတာပါ။

အာဆီယံနဲ့ စစ်ခေါင်းဆောင်ကြား ၂၀၂၁ ခုနှစ် တုန်းက သဘောတူထားတဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကလည်း လက်တွေ့မှာ အကောင်အထည် မဖော်နိုင်လို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံရေး ထိပ်သီးခေါင်းဆောင်တွေကို အာဆီယံ အစည်းဝေးတွေမှာ တက်ရောက်ခွင့် ပိတ်ထားပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကြားမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သဘောထား ကွဲပြားတာတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG