သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု ၁၄ ဦးထက်မနည်း သေဆုံး


အင်ဒိုနီးရှား၊ Karo ခရိုင်အတွင်း၊ Sigrang-Garang ကျေးရွာနားက Sinabung မီးတောင် ပေါက်ကွဲတဲ့နေရာက ထွက်ပြေးနေတဲ့ ရွာသားတစ်ဦး။ (ဖေဖော်ဝါရီ ၁၊ ၂၀၁၄)
အင်ဒိုနီးရှား၊ Karo ခရိုင်အတွင်း၊ Sigrang-Garang ကျေးရွာနားက Sinabung မီးတောင် ပေါက်ကွဲတဲ့နေရာက ထွက်ပြေးနေတဲ့ ရွာသားတစ်ဦး။ (ဖေဖော်ဝါရီ ၁၊ ၂၀၁၄)
အင်ဒိုနီးရှားနိုင်ငံက လပေါင်းများစွာ လှုပ်ရှားနေခဲ့တဲ့ ဆင်နာဘောင် (Sinabung) မီးတောင်ဟာ စနေနေ့မှာ ပြင်းထန်စွာပေါက်ကွဲခဲ့တဲ့အတွက် လူပေါင်း ၁၄ ယောက် ထက်မနည်း သေဆုံးခဲ့ရပါတယ်။

ဝန်းကျင်ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရာ ကနေ မီးတောင်ရဲ့ လှုပ်ရှားမှုလျော့ပါးလာတဲ့အတွက် သောကြာနေ့ကပဲ နေအိမ်တွေကို ပြန်ဖို့ အာဏာပိုင်တွေက ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ မီးတောင်ပေါက်ကွဲမှုကို အနီးကပ်လေ့လာဖို့ သွားရောက်တဲ့ ကျောင်းသား ၄ ယောက်နဲ့ ဆရာတယောက်လည်း ပါဝင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေလည်း ရှိနေပြီး မီးတောင်ဝန်းကျင်မှာ အဆိပ်သင့် ဓာတ်ငွေ့တွေရောနေတဲ့ တိမ်တိုက်တွေ ရှိနေပါတယ်။ အာဏာပိုင်တွေကတော့ သေဆုံးသူအရေအတွက် ခုထက်ပိုလာမှာကို စိုးရိမ် နေကြပါတယ်။

ဆင်နာဘောင်မီးတောင်ဟာ ဆူမားတြားကျွန်းအနောက်ပိုင်းမှာ ရှိပြီး ပေါက်ကွဲမှုတွေဖြစ်ပွားနေတာ ၄ လကြာပြီ ဖြစ်ပါတယ်။ မီးတောင်ရဲ့ တောင်ဘက် ဆင်ခြေလျော တလျှောက် ကျိုးပြတ်နေတဲ့ ကျောက်စကျောက်နတွေနဲ့ ချော်ရည်ပူတွေ စီးဆင်းနေတာပါ။

မီးတောင် လှုပ်ရှားမှု စတင်ခဲ့တဲ့ စက်တင်ဘာ လကတည်းက အန္တရာယ်ရှိတဲ့ ဇုံအဖြစ်သတ်မှတ်တဲ့ နေရာအတွင်းနေထိုင်တဲ့ ဒေသခံ ၃ သောင်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ပေမယ့် ထူးထူးခြားခြား လှုပ်ရှားမှု မတွေ့ခဲ့တဲ့ အတွက် သောကြာနေ့ကမှ သူတို့ထဲက တချို့တဝက်ကို နေအိမ်ပြန်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ပေါင်း ၁သောင်း ၈ ထောင်ကျော်ရှိပြီး လှုပ်ရှားနေတဲ့ မီးရှင်တောင် အများအပြားရှိပါတယ်။ ၂၀၁၀ တုန်းက မီရာပီ မီးတောင် ပေါက်ကွဲခဲ့စဉ်က လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ရပါတယ်။
XS
SM
MD
LG