အင်ဒိုနီးရှားနိုင်ငံမှာ တနင်္လာနေ့က ငလျင်ကြောင့် ရိုက်ခတ်ခဲ့တဲ့ ဆူနာမီ ရေလှိုင်းဒဏ်ကြောင့် သေဆုံးသူ ဦးရေဟာ အခုဆိုရင် ၁၁၃ ယောက်အထိ ရှိသွားပြီ ဖြစ်ပါတယ်။
ဒီလူ ၁၁၃ ဦးရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး နောက်ထပ် သေဆုံးသူတွေ ရှိနိုင်သေးတယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနရဲ့ အကျပ်အတည်း ဖြေရှင်းရေးစင်တာ အကြီးအကဲ မူဂျီဟာတို (Mujiharto) က မနေ့က ပြောဆိုခဲ့တာပါ။
ပျောက်ဆုံးသူ ၅၀၀ ခန့်ကို ကယ်ဆယ်ရေး လုပ်သားတွေက ရှာဖွေနေကြပြီး ဒီအထဲမှာ သြစတြေးလျ ခရီးသွားဧည့်သည် တစုလည်း ပါဝင်ပါတယ်။
တနင်္လာနေ့က ၇.၇ မဂ္ဂနီကျု ပြင်းအားရှိတဲ့ ငလျင်ကြောင့် ၃ မီတာ အမြင့်ထိ မြင့်တက်ခဲ့တဲ့ ဆူနာမီ ရေလှိုင်းကြီးတွေဟာ ဆူမားတြားကျွန်း အနောက်ဘက် ကမ်းခြေကို အင်္ဂါနေ့က ရိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ငလျင်ဟာ မန်တာဝေ (Mentawai) ကျွန်းစုအနီး ကီလိုမီတာ ၂၀ အကွာက ပင်လယ်မြေအောက် ကြမ်းပြင်မှာ ဗဟိုပြုပြီး လှုပ်ခဲ့တာ ဖြစ်ပါတယ်။
တောင်ပိုင်း Pagai ကျွန်းမှာ ဆူနာမီလှိုင်းဒဏ်ကို အပြင်းထန်ဆုံး ခံခဲ့ရတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။