အင်ဒိုနီးရှားနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ မိုးအဆက်အပြတ် ရွာသွန်းလို့ ရေကြီးနေတဲ့အတွက် လူ့အသက် ဆုံးရှုံးမှုတွေ ရှိနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းက West Papua ပြည်နယ်မှာ ရုတ်တရက် ရေကြီးမှုကြောင့် နေအိမ်တွေ၊ ကျောင်းတွေ၊ ရုံးခန်းတွေ ရေလွှမ်းခဲ့ပြီး ၁၅ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။
ကြိုတင်သတိပေးမှု မရှိဘဲ ရေတွေ တက်လာတဲ့အတွက် လူတော်တော်များများ ထွက်မပြေးနိုင်ဘူး ဖြစ်ခဲ့တာပါ။
လမ်းတွေ၊ တံတားတွေလည်း ပျက်စီးကုန်လို့ သက်ဆိုင်သူတွေ ကယ်ဆယ်ရေး လုပ်နိုင်ဖို့ အခက်အခဲ ဖြစ်နေပါတယ်။
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာလည်း မိုးရေချိန် ၂၄ လက်မကျော် ရွာသွန်းခဲ့လို့ ရေကြီးပြီး အနည်းဆုံး ၆ ယောက် သေဆုံးခဲ့တယ်လို့ ဗီယက်နမ် တာဝန်ရှိသူတွေက ပြောပါတယ်။ လူပေါင်း ၁၃,၀၀၀ ထက်မနည်း ကုန်းမြင့်ပိုင်းကို ရွှေ့ပြောင်းခဲ့ကြပါတယ်။
Ha Tinh ပြည်နယ်မှာ အဆိုးဆုံး ရေလွှမ်းခံထားရပြီး ၄ ယောက် သေဆုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကွမ်းဘင်းနဲ့ ကွမ်းထရီ ပြည်နယ်တွေမှာလည်း လူ ၁ ယောက်စီ သေဆုံးခဲ့ပါတယ်။