သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားမီးတောင် ပေါက်ကွဲမှု ၃ ဆ ပိုပြင်းထန်


အင်ဒိုနီးရှားမီးတောင် ပေါက်ကွဲမှု ၃ ဆ ပိုပြင်းထန်
အင်ဒိုနီးရှားမီးတောင် ပေါက်ကွဲမှု ၃ ဆ ပိုပြင်းထန်

အင်ဒိုနီးရှားနိုင်ငံက တစိမ့်စိမ့် ပေါက်ကွဲနေတဲ့ မီရာပီ (Merapi) မီးတောင်ဟာ ဗုဒ္ဓဟူးနေ့မှာ အင်းအားပြင်းပြင်းနဲ့ ထပ်ပြီး ပေါက်ကွဲခဲ့တာမို့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြသူတွေကို မီးတောင်ကနေ ပိုပြီးဝေးတဲ့ နေရာတွေ ရောက်အောင် ချက်ချင်း ပြောင်းရွှေ့ပေးဖို့ အာဏာပိုင်တွေက လုပ်ဆောင်နေကြပါတယ်။

ဒီဗုဒ္ဓဟူးနေ့ ပေါက်ကွဲမှုဟာ အောက်တိုဘာလ ၂၆ ရက်နေ့တုန်းက ပထမအကြိမ် ပေါက်ကွဲခဲ့တာထက် အင်အား ၃ ဆ ပိုမိုပြင်းထန်တယ်လို့ အင်ဒိုနီးရှား အစိုးရ မီးတောင် ဘူမိဗေဒဆိုင်ရာ အကြီးအကဲ ဆူရာနို (Surano) က ပြောပါတယ်။

ဒီပေါက်ကွဲမှုကြောင့် ကောင်းကင်ပြင်မှာ ၃ မိုင်အကွာအထိ ရောက်အောင် မီးတောင်ပြာပူတွေနဲ့ ကျောက်ခဲစတွေ လွင့်စင်ခဲ့တာမို့ မီးတောင်တည်ရှိရာ နေရာကနေ ၆ မိုင်ကနေ ၉ မိုင်အကွာလောက်ထိအောင် ကယ်ဆယ်ရေး စခန်းတွေကို ရွှေ့ပြောင်းပေးဖို့ လိုအပ်တယ်လို့လည်း အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

မီးတောင်ပေါက်ကွဲတဲ့ အန္တရာယ်ကြောင့် အိုးအိမ်စွန့်ခွာပြီး ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေသူတွေကို အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) သွားရောက်ကြည့်ရှု အားပေးနေချိန်မှာ အခုလို ထပ်မံပေါက်ကွဲခဲ့တာပါ။

မီရာပီမီးတောင် ပေါက်ကွဲမှုတွေကြောင့် လူပေါင်း ၇၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ သူတို့နေထိုင်ရာ ဒုက္ခသည် စခန်းတွေကို ပိုပြီးဝေးတဲ့ နေရာတွေကို ပြောင်းရွှေ့ဖို့နဲ့ အန္တရာယ်ဇုန်ကိုလည်း တိုးပြီးသတ်မှတ်ဖို့ လိုအပ်တယ်လို့ ဆူရာနိုက ပြောပါတယ်။

ဒီဒုက္ခသည်တွေအတွက် သူတို့နေရပ်မှာ ပြန်နေနိုင်ဖို့ သီတင်းပတ်ပေါင်းများစွာ လိုဦးမှာ ဖြစ်ပါတယ်။

မီရာပီမီးတောင် ပေါက်ကွဲခဲ့တဲ့အတွက် လူပေါင်း ၃၈ ယောက်ထက်မနည်း သေဆုံးခဲ့ရပါတယ်။ သူတို့ဟာ မီးလောင်ဒဏ်ရာကြောင့် ဖြစ်စေ၊ အသက်ရှူ မွန်းကြပ်တဲ့ အတွက်ကြောင့် ဖြစ်စေ သေဆုံးခဲ့ကြရတာပါ။

ဗုဒ္ဓဟူးနေ့ ပေါက်ကွဲမှုကြောင့် သေဆုံး ဒဏ်ရာရသူ စာရင်းကိုတော့ မသိရသေးပါဘူး။

XS
SM
MD
LG