သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုကျွန်းက မြန်မာတွေ အရေး မြန်မာ ရဲတပ်ဖွဲ့ ဆောင်ရွက်နေ


အင်ဒိုကျွန်းတွေပေါ်က အင်ဒိုအာဏာပိုင်တွေက ကယ်ဆယ် လာတဲ့ မြန်မာရေလုပ်သားများ။ (ဧပြီ၊ ၂၀၁၅)
အင်ဒိုကျွန်းတွေပေါ်က အင်ဒိုအာဏာပိုင်တွေက ကယ်ဆယ် လာတဲ့ မြန်မာရေလုပ်သားများ။ (ဧပြီ၊ ၂၀၁၅)

လတ်တလော ထိပ်တန်း သတင်းတပုဒ် ဖြစ်နေတဲ့ အင်ဒိုနီးရှား နိုင်ငံက ကျွန်းတွေပေါ်မှာ တံငါသည်တွေ အဖြစ် ကျွန်ပြုခိုင်းစေခံနေရသူတွေ ထဲမှာ မြန်မာနိုင်ငံသားတွေ ပါဝင်တယ် ဆိုတာကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မူလကတည်းက သိရှိထားပြီး ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း လူပေါင်း ၃၀၀ နီးပါး ကယ်တင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ကျွန်းတွေပေါ်မှာ ကျွန်ပြုခိုင်းစေခံထားရတဲ့ မြန်မာနိုင်ငံသားတွေ ဌာနေပြန်နိုင်ရေး၊ လျော်ကြေး ရရှိရေးတို့ အတွက် ဆောင်ရွက်ဖို့ ရှေ့သီတင်းပတ် အင်္ဂါနေ့မှာ မြန်မာကိုယ်စားလှယ်အဖွဲ့ အင်ဒိုနီးရှားကို သွားရောက်မှာဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ မသိင်္ဂ ီထိုက်က စုစည်းတင်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံတွင်းမှာ ကျွန်ပြုခိုင်းစေဖို့ လူကုန်ကူးခံ ထားရသူ မြန်မာနိုင်ငံ သားတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့၂၀၁၃ ခုနှစ်ကတည်းက စတင် သတင်းရပြီး ကယ်တယ်ခဲ့တာ ဖြစ်ပြီး အခုချိန်ထိ ကယ်တင်ခဲ့သူပေါင်း ၃၀၀ နီးပါး ရှိခဲ့ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနက ဒုတိယ ရဲမှူးကြီး ဦးခင်မောင်လှက ပြောပါတယ်။

" ၂၀၁၃ကတည်းက အဲ့ဒီ့ကနေပြီး ကျနော်တို့ လက်လှမ်းမှီသလောက်ပေါ့နော်။ သတင်းရတယ်။ သူတို့ဆီက Hot Line ဖုန်းနဲ့ ဝင်လာပြီဆိုရင် ကယ်တင်ခဲ့တာတွေ ရှိပါတယ်။ အခုဆိုရင် ၂၉၀ကျော်ရှိပါပြီ။ ၂၀၁၃၊ ၂၀၁၄၊ အခု ၂၀၁၅ ဒီအေပီသတင်း မပေါ်ခင်အထိပေါ့နော်။ အဲ့ဒီ့ Process အရဆိုရင် သူတို့တော်တော် များများက လူကုန်ကူးခံရသူများ ကျနော်တို့ကယ်ခဲ့ရတဲ့ သူအားလုံးကတော့ လူကုန်ကူးခံရသူးတွေချည်းပဲပေါ့နော်။

အင်ဒိုကျွန်းက ကယ်တင်လာတဲ့ မြန်မာရေလုပ်သားများ
အင်ဒိုကျွန်းက ကယ်တင်လာတဲ့ မြန်မာရေလုပ်သားများ

ဒါပေမဲ့ သူတို့က ဒီထိုင်းကို တရားမဝင် သွားကြတယ်။ ထိုင်းနိုင်ငံထဲမှာပဲ သူတို့ ခေါင်းပုံဖြတ် ခံရတာများတာပေါ့နော်။ ထိုင်းကပွဲစားတွေနဲ့ ထိုင်းပွဲစားတွေ ဆိုပေမဲ့ ထိုင်းလူမျိုးလည်း ပါတယ်။ မြန်မာလူမျိုးလည်း ပါတာပေါ့နော်။ တော်တော် များများက သူတို့ကို ခေါ်သွားတဲ့သူတွေရဲ့ နာမည် လိပ်စာ အတိအကျ အပြည့်အစုံ တော်တန်ရုံ မမှတ်မိကြတော့ဘူး။ မသိကြဘူးပေါ့နော်။ အလုပ်ရမယ်ဆိုလို့ လိုက်သွားလိုက်တာပဲ။ သူတို့မှတ်မိတဲ့ နာမည်ကလည်း အဖျားဆွတ်ခေါ်တာလောက်ပဲ မှတ်မိတာပေါ့။ ဒါပေမဲ့ ဘယ်မှာနေလဲဆိုတာတော့ သူတို့ မသိတော့ဘူးပေါ့။ အဲ့တာမျိုးလေးတွေ ကျနော်တို့က စီစစ်တဲ့အချိန်မှာ အရေးကြီးတယ်။ အတွေ့အကြုံအရ အဲ့တာမျိုးလေးတွေ ရှိတာပေါ့နော်။

ဒါပေမဲ့ ကျနော်တို့က ဘယ်လိုပဲဖြစ်ဖြစ် ရပ်ရွာဒေသကို လာပြီးတော့ စည်းရုံးတဲ့သူ နာမည်တော့ မှတ်မိတာပေါ့။ ဗမာပြည်က လူပွဲစား။ အဲ့ဒီ့လူပွဲစားလောက်ကိုပဲ ကျနော်တို့က အရေးယူတာပေါ့။ ဟိုဘက် ထိုင်းနိုင်ငံထဲ ရောက်သွားရင်တော့ ဘယ်သူတွေက ဘာမှန်း မသိတော့ဘူး။ သူတို့ မပြောနိုင်ကြဘူးပေါ့နော်။ "

မြန်မာရွှေ့ပြောင်း အလုပ်သမားပေါင်း သန်းနဲ့ချီ အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံနဲ့ လည်း လူကုန်ကူးမှု တိုက်ဖျက်ရေးကို ပူးပေါင်း လုပ်ဆောင်နေပြီး နောက်ပိုင်းမှာ အင်ဒိုနီးရှား နိုင်ငံနဲ့လည်း ပူးပေါင်း လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ဒုတိယ ရဲမှူးကြီး ဦးခင်မောင်လှက ပြောပါတယ်။

" မြန်မာနဲ့ထိုင်းက MOU ရှိတယ်။ မြန်မာနဲ့ အင်ဒိုနီးရှားကျတော့ MOU မရှိဘူး ပေါ့နော်။ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်မယ့် MOU မရှိသေးဘူး။ အဲ့တာရှိဖို့လည်း ကျနော်တို့က ကြိုးစားနေကြတာပေါ့နော်။ "

မြန်မာအပါအဝင် အရှေ့တောင် အာရှ နိုင်ငံများ အသင်း ASEAN ကလည်း လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ကြေညာထားပေမယ့် အကောင်အထည် မဖော်နိုင်သေးတဲ့ အပြင် အဖွဲ့ဝင် နိုင်ငံတွေကြား လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သတင်းအချက်အလက် ဖလှယ်ရေးတောင် မလုပ်နိုင်သေးဘူး လို့လည်း ဝေဖန်ခံနေရတာပါ။

လောလောဆယ်မှာလည်း အင်ဒိုနီးရှားနိုင်ငံ ကျွန်းတွေပေါ်မှာ ငါးဖမ်းလုပ်သားတွေ အဖြစ် လုပ်ခလစာ မရဘဲ ကျွန်ပြုခိုင်းစေခံရတဲ့ ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ထားပြီး မြန်မာနိုင်ငံသားတွေအဖြစ် ကနဦး စစ်ဆေးပြီး ကယ်ဆယ်ထားပါတယ်။

" လတ်တလောအနေနဲ့ အကြမ်းဖျင်း သွားပြီးတော့ စာရင်းကောက်ထားပြီးပြီပေါ့။ အကြမ်းဖျင်း ဘဂျီနာကျွန်းရယ် ဘန်ဂျီးနားကျွန်းပေါ့နော်။ ဘန်ဂျီးနားကျွန်းပေါ်မှာ ပိတ်လှောင်ခံထားရတဲ့သူတွေကို အင်ဒိုနီးရှားနိုင်ငံက သွားစီစစ်ထားပြီးပြီ။ စီစစ်တော့ အဲ့ဒီ့ ဘန်ဂျီနားမှာ လုံခြုံရေး စိတ်မချရလို့ဆိုပြီးတော့ သူ့ရဲ့ တုရယ်ကျွန်းကို ပို့ထားပါတယ်ခင်ဗျ။ သူတို့ကို။ အဲ့ဒီ့ တုရယ်ကျွန်းကို ပို့ထားတဲ့ သူတွေရော ဘန်ဂျီနားမှာ ကျန်နေတဲ့ မြန်မာတွေရောကို သံရုံးက ကိုယ်စားလှယ်အဖွဲ့နဲ့ သွားပြီးတော့ စီစစ်နေပါတယ်။"

လာမယ့် ရက်ပိုင်းအတွင်းမှာဘဲ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လူမှုဝန်ထမ်းတို့က ကိုယ်စားလှယ် အဖွဲ့ သွားရောက်ပြီး မြန်မာနိုင်ငံသားတွေကို နိုင်ငံကူး လက်မှတ်ထုတ်ပေးဖို့၊ လူကုန်ကူးခံရမှုကြောင့် ဒုက္ခရောက် သူတွေ ဟုတ်မဟုတ်ကို စစ်ဆေးပြီး ဌာနေပြန်ရေး လျော်ကြေးရရေးတို့ အတွက် ဆောင်ရွက်သွားမယ်လို့လည်း ဒုတိယ ရဲမှူးကြီး ဦးခင်မောင်လှက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘင်ဂျီနားကျွန်းပေါ်မှာ တံငါသည်တွေ အဖြစ် လုပ်ခ လစာမပေးဘဲ ကျွန်ပြုခိုင်းစေခံခဲ့ရသူတွေ အကြောင်းကို ပြီးခဲ့တဲ့ လက အမေရိကန် သတင်းအေဂျင်စီ AP က ဖော်ထုတ်ခဲ့တာပါ။ ဒီလူတွေကို အင်ဒိုနီးရှား အစိုးရက ဦးဆောင်ပြီး ကယ်တင်နေတာ အခုဆိုရင် လူပေါင်း၅၅၀ နီးပါး ရှိပြီး ဒီထဲမှာ မြန်မာနိုင်ငံသားက ၂၁၀ ပါတယ် လို့လည်း အေပီသတင်း က ဖော်ပြပါတယ်။ ဒီလူတွေကိုတော့ အင်ဒိုနီးရှား နိုင်ငံ ဘင်ဂျီနာ ကျွန်းမှာ လုံခြုံရေး စိတ်မချရတာကြောင့် အနီးအနားက တုရယ်ကျွန်းကို ရွှေ့ပြောင်းပြီး အင်ဒိုနီးရှား အစိုးရရဲ့ ခေတ္တစခန်းတွေမှာ နေထိုင်နေကြပါတယ်။

XS
SM
MD
LG