သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခြေအမြစ်မရှိတဲ့ ဝေဖန်မှု လွှတ်တော် တု့ံ့ပြန်ရန် မလို


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် လွှတ်တော် ကိုယ်စားလှယ်များ အတွက် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း Induction Programme for MPs of the Second Hluttaw အစီအစဉ်။ သတင်းဓာတ်ပုံ-NLD Chairperson။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် လွှတ်တော် ကိုယ်စားလှယ်များ အတွက် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း Induction Programme for MPs of the Second Hluttaw အစီအစဉ်။ သတင်းဓာတ်ပုံ-NLD Chairperson။

အခြေအမြစ် မရှိတဲ့ ဝေဖန် မှုတွေကို ပြည်ထောင်စု လွှတ်တော် အနေနဲ့ လိုက်ပြီး တုံ့ပြန်ဖို့ မလိုပဲ လွှတ်တော်တွင်း လုပ်ငန်းတွေ အောင်မြင်ဖို့ လွှတ်တော် ကိုယ်စား လှယ်တွေ ဘက်က အလုပ်နဲ့ သက်သေပြရာမှာဖြစ်ကြောင်း သုံးသပ်သူ တချို့က ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း Facebook လူမှုကွန်ယက် အချို့ မှာ နေပြည်တော် လွှတ်တော်တွင်း နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အကူအညီနဲ့ သင်တန်းတွေပေးနေတဲ့ အပေါ် ထင်ယောင် ထင်မှားဖြစ်အောင် တိုက်ခိုက် ရေးသား ချက်တွေ ရှိနေ တာကြောင့် အပြောင်းအလဲကာလမှာ အပြုသဘော မဆောင်တဲ့ ရေးသားချက်တွေ မလုပ်ကြဖို့ ပြည်ထောင်စုလွှတ်တော်က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်တဲ့အပေါ် အခုလိုသုံးသပ်ပြောဆိုလိုက်တာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

ပြည်ထောင်စုလွှတ်တော်ကြေညာချက်
ပြည်ထောင်စုလွှတ်တော်ကြေညာချက်

ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်ထောင်စု လွှတ်တော် ရဲ့ကြေညာချက်မှာ လွှတ်တော်ဆိုင်ရာလုပ်ငန်းတွေအတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP)၊ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အပါအဝင် အခြားနိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် တာဟာ ပထမအကြိမ် လွှတ်တော် သက်တမ်းကာလကတည်းကဖြစ်တယ် လို့ ဖေါ်ပြထားပါတယ်။

ပြည်ထောင်စု လွှတ်တော်မှာ ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့ထိ ကျင်းပတဲ့ နိုင်ငံတကာ လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံဆွေးနွေးပွဲ ဟာ မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေအတွက် နိုင်ငံတကာလွှတ်တော်လုပ်ငန်းဆိုင်ရာအတွေ့အကြုံတွေ လေ့လာသိရှိခွင့်ရအောင် ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ရေးသားထားပါတယ်။ ဒါအပြင် အခုကျင်းပနေတဲ့ ဆွေးနွေးပွဲ၊ သင်တန်းတွေဟာ လွှတ်တော်ရဲ့လုပ်ထုံး၊ လုပ်နည်း ဥပဒေနဲ့အညီဆောင်ရွက်နေကြောင်းဖေါ်ပြထားတာပါ။

ဒါပေမဲ့ Facebook လူမှုကွန်ယက်အချို့မှာ အခုလို လွှတ်တော်တွင်း နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ ကျင်းပနေတဲ့ သင်တန်းတွေကို ဝေဖန် တိုက်ခိုက်ရေးသားခဲ့ တာကြောင့် အများပြည်သူ ထင်ယောင်ထင်မှားဖြစ်မှာ စိုးရိမ်တဲ့အတွက် အခုလိုကြေညာချက် ထုတ်ပြန်တာဖြစ်တယ်လို့ဆိုပါတယ်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ တာဝန်လွဲှပြောင်းရေး ချော့မွေ့စေဖို့ အလေးထား လုပ်ဆောင်နေချိန်မှာ မလိုလားအပ်တဲ့၊ အပြုသဘော မဆောင်တဲ့ ရေးသားဖေါ်ပြ ချက်တွေကြောင့် အထိအခိုက် မခံနိုင်တဲ့အပေါ်မှာ အခုလို ကြေညာချက် ထုတ်ပြန် တာဖြစ်ကြောင်း NLD ရဲ့လွှတ်တော် ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေးတာဝန်ခံ ကိုမျိုးရန်နောင်သိမ်းက ဗွီအိုအေကို ပြောပါတယ်။

" ကျနော်မြင်တာကတော့ ကျနော် တွေ့ခဲ့တဲ့ အဖွဲ့ချုပ်ကို အစဉ်တစိုက် ပုတ်ခတ်ရေးသားနေတဲ့ အဖွဲ့တွေရှိတယ်။ နောက်တခုက တစုတဖွဲ့က လက်သပ်မွေးထားတဲ့ ဟာတွေရှိတယ်။ အဲ့ဒီ့အဖွဲ့တွေကဆိုရင် ဥပမာဆိုရင် မူဆလင်နိုင်ငံ တခုက ပါလီမန်ကနေ အကြီးအကဲဟောင်းတွေ ကနေ ဟောပြောတော့ မြန်မာနိုင်ငံက မူဆလင်တွေ အကြောင်း ရေးသား တာတွေ တွေ့ရတယ်။ လုံးဝ အပြုသဘော မဆောင်ဘူး။ ရေးသားမှုတွေက ပြီးတော့ ထင်ယောင်ထင်မှား ဖြစ်စရာတွေ တွေ့ရတယ်။ အခုအချိန်မှာ တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် အဘက်ဘက်က ဝိုင်းဝန်းကြိုးပမ်းနေတဲ့အချိန်မှာ မည်သို့သော အကြောင်းကိစ္စနဲ့မှ ဖြစ်စဉ်ကို အစွန်းထင်းမခံနိုင်ဘူး။ အထိခိုက်မခံနိုင်ဘူး။ ဒါကြောင့်မို့လို့ ဒီကြေညာချက်ကို ထုတ်ပြန်ရတယ်လို့ ကျနော်မြင်ပါတယ်။

မြန်မာ့နိုင်ငံရေးသုံးသပ်နေသူတွေကတော့ ပြည်ထောင်စုလွှတ်တော်အနေနဲ့ အခြေအမြစ် မရှိတဲ့ ဝေဖန်ရေးသားချက်တွေကို အရေးတယူလုပ်ပြီး တုံ့ပြန်နေမဲ့ အစား လွှတ်တော်တွင်းလုပ်ငန်းတွေအောင်မြင်ရေး အလုပ်နဲ့ သက်သေပြဖို့ပဲလိုအပ်တယ်လို့ ပြောပါတယ်။ အခုလို လိုက်ပြီးတုန့်ပြန်နေမယ်ဆိုရင် လွှတ်တော် အတွက် အလုပ်ပိုပြီး များလာတာပဲ ရှိမယ် လို့မြင်ကြောင်း မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဦးအောင်သူငြိမ်းကပြောပါတယ်။

" ကျနော်မြင်တာတော့ ဒီလောက်အထိ တုံ့ပြန်စရာမလိုဘူူးထင်ပါတယ်။ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်တို့ ဒါမှမဟုတ်ရင်လည်း တခြား လူမှုကွန်ရက်တွေမှာ ပြောနေတာမျိုးတွေရှိပါတယ်။ အဲ့တော့ လွှတ်တော်ရဲ့ လုပ်ငန်း တကယ်ဟုတ် မဟုတ်၊ တကယ်ဖြစ် မဖြစ် ဒါတွေကတော့ ကျနော်မြင်တာကတော့ လွှတ်တော်ကိုယ်တိုင် ဒီ့ထက်ပိုပြီး အလုပ်လုပ်ပြခြင်းဖြင့် သက်သေပြသွားလို့ရပါတယ်။ လွှတ်တော်ရဲ့လုပ်ငန်းတွေ တကယ်အလုပ်ဖြစ် မဖြစ်ပေါ့။ ဒါကတော့ အလုပ်နဲ့ပဲ သက်သေပြရမှာပါပဲ။"

အခုလို ပြည်ထောင်စုလွှတ်တော်တွင်း နိုင်ငံတကာအစီအစဉ်နဲ့သင်တန်းပေးနေတာတွေဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါးတာဖြစ်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ငြိတယ် စသဖြင့် အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် လူမှုကွန်ယက်တွေမှာ တိုက်ခိုက်ရေးသားသူတွေဟာ ပြုပြင်ပြောင်းလဲရေးကိုမလိုလားသူတွေ အဆိုးမြင်သူတွေဖြစ်တယ်လို့ဖြစ်တယ်လို့ အတွင်း အခြေအနေ သိသူတွေကပြောပါတယ်။

XS
SM
MD
LG