မြန်မာနိုင်ငံရဲ့ ပင်မစီးပွားရေး လုပ်ငန်းအဖြစ် လုပ်ကိုင်နေတဲ့ လယ်ယာကဏ္ဍမှာ မြေယာတွေ သိမ်းဆည်းခံရလို့ မကျေမနပ်သံတွေ ထွက်ပေါ်နေတဲ့အတွက် အခုနောက်ဆုံး ဒီကိစ္စကို လွှတ်တော်ထဲမှာ ဆွေးနွေးပြောဆို လာကြတဲ့အထိ ဖြစ်ပါတယ်။ အစိုးရသစ် လက်ထက် လယ်ယာမြေ ဥပဒေတွေ ပြောင်းလဲဖို့ ရှိနေချိန်မှာ လယ်သမားတွေ အရင်ထက် အကာအကွယ် ရလာလေမလား ဆိုပြီးတော့လည်း မျှော်လင့်နေကြတာပါ။ ဒါပေမဲ့လည်း စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံတခုအဖြစ် ထူထောင်သွားဖို့ ရည်ရွယ်ထားတဲ့ တိုင်းပြည်အဖြစ် ဒီလို အခြေအနေတွေကို မရှောင်မလွဲသာ ကြုံလာနိုင်စရာလည်း ရှိနေတာကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်သာမက လေထုထဲက သယံဇာတ အားလုံးရဲ့ ပင်ရင်းပိုင်ရှင်ဟာ နိုင်ငံတော် ဖြစ်တယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ဒါတွေကို အာဏာပိုင်တွေက သူတို့သဘောအတိုင်း စီမံခန့်ခွဲခွင့် ရှိနေတာဟာ အခုနောက်ဆုံး အစိုးရသစ် လက်ထက်အထိပါ။ ဒီအတွက် ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ လယ်ယာမြေတွေကို သိမ်းပိုက်တာတွေ ရှိခဲ့ပေမဲ့၊ ဒီမိုကရေစီဆန်တဲ့ အစိုးရဖြစ်ရစေ့မယ်လို့ ကတိပြုထားတဲ့ အစိုးရသစ် လက်ထက်မှာ ဆုံးရှုံးမှုတွေ ပြန်ရရေး နစ်နာသူ လယ်သမားတွေ ဆန္ဒပြတောင်းဆို လာကြတဲ့အထိ ဖြစ်ပါတယ်။
ဒီလို မကျေနပ်သံတွေ ကျယ်လောင်လာတဲ့အတွက် ဒီကိစ္စကို အစိုးရက ပြန်လည်သုံးသပ်ဖို့ စက်တင်ဘာလနှောင်းပိုင်း လွှတ်တော် အစည်းအဝေးပွဲအတွင်း အဆိုတရပ်အဖြစ်နဲ့ ဆွေးနွေးခဲ့ကြတဲ့အကြောင်း စီးပွားရေး လုပ်ငန်းရှင် တဦးလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဦးခင်ရွှေ ကပြောပါတယ်။
“အခုလယ်သမားတွေ အော်နေတာကို ဒီတိုင်း ဘယ်သူမှ တာဝန်မရှိသလို နေနေတဲ့ အခါကျတော့ ဒီထက်ပိုပို ဆိုးလာတဲ့ အနေအထားမျိုးတွေရှိတယ်။ အဲဒါကို ကျနော်တို့ လွှတ်တော်အနေနဲ့ နိုင်ငံတော် အစိုးရကို တိုက်တွန်းတဲ့ အဆိုပါ။ ထိထိရောက်ရောက် ကိုင်တွယ်ပါ။ လယ်သမား မှားတယ်ဆိုရင်လည်း လယ်သမားဘက်ကို အရေးယူပေါ့ဗျာ၊ တကယ်လို့ သိမ်းတဲ့လူ မှားတယ်ဆိုရင်လည်း သိမ်းတဲ့လူကို အရေးယူပြီး လယ်သမားကို လယ်မြေပြန်ပေးပါဆိုတဲ့ အဆိုမျိုး၊ ကျနော်တို့က ပြည်ထောင်စု အစိုးရကို တိုက်တွန်းတာပါ။ အဲဒီအပေါ်မှာမှ တိုင်ထားတဲ့ အမှုတွေ အကုန်လုံးကို လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနကို ပေးလိုက်ပါတယ်။”
ဒီမတိုင်ခင် တပတ်မှာတုန်းကတော့ ၂၀၁၁ ခုနှစ် လယ်ယာမြေ ဥပဒေကြမ်းကို လွှတ်တော်ထဲမှာ ဆွေးနွေး အတည်ပြုခဲ့တဲ့အတွက် ဥပဒေတရပ်အဖြစ် ပေါ်ပေါက်လာဖို့လည်း ရှိနေပါတယ်။ အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းထဲမှာတော့ လယ်မြေတွေကို လယ်လုပ်သူတွေ ပိုင်ဆိုင်ခွင့် ပေးမထားပေမဲ့၊ အကြောင်းအမျိုးမျိုးနဲ့ အသိမ်းခံရတယ် ဆိုရင်တော့ ထိုက်သင့်တဲ့ လျော်ကြေးငွေ ပေးအပ်ဖို့ ပြဋ္ဌာန်းထားတာပါ။
လယ်သမားတွေရဲ့ အခွင့်အရေးအတွက် ကွင်းဆင်း ကူညီပေးနေတဲ့ ပဲခူးမြို့က လူ့အခွင့်အရေးရှေ့နေ ဦးအေးမြင့် ကတော့ တိုင်းပြည်လိုအပ်ချက်အတွက် သိမ်းဆည်းခံရတာမျိုးကို လယ်သမားတွေက မကန့်ကွက်ကြပေမဲ့၊ လိုတာထက်ပိုပြီး ဆောင်ရွက်တယ်လို့ သူတို့ယုံကြည်တဲ့ ကိစ္စမျိုးတွေကို လက်မခံနိုင်ကြတာလို့ ပြောပါတယ်။
“အာဏာပိုင် အဖွဲ့အစည်းနဲ့ အာဏာရှိတဲ့လူနဲ့ ပေါင်းပြီးတော့ နိုင်ငံတော်အတွက်၊ နိုင်ငံတော်အတွက်နဲ့ သိမ်းသွားတဲ့ အချက်ကို လူထုလက်မခံဘူး၊ လယ်သမား လက်မခံဘူး။ နိုင်ငံတော်အတွက် အမှန်တကယ် လိုအပ်တာက တဧက၊ သို့မဟုတ် ဆယ်ဧကပေါ့၊ ဒါပေမဲ့ အဲဒီလို လိုအပ်တာကို အကြောင်းပြပြီး၊ ကုမ္ပဏီနဲ့ပေါင်းတယ်၊ အာဏာရှိတဲ့ အဖွဲ့အစည်းတွေက ဝင်ပူးပေါင်းပြီး ဧကထောင်နဲ့ချီ သိမ်းထားတာ။ တကယ်လိုအပ်လို့သိမ်းရင် လယ်သမားက ခွင့်ပြုမယ်၊ အဲဒီလို မလိုအပ်ပဲသိမ်းတာကတော့ လယ်သမားက မရရတဲ့နည်းနဲ့တိုက်မယ်၊ အဲဒါတွေကို လယ်သမားတွေ မခံနိုင်ဘူး။ အဲဒီပြည်သူ့လွှတ်တော်က သတင်းလေး ကြားရတော့ သူတို့ဝမ်းသာနေတယ်။ လယ်သမား အစစ်အမှန် လက်ထဲမှာပဲ လယ်ရှိစေချင်တယ်။”
မြန်မာ့လယ်ယာဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး လယ်သမားတွေ ဝင်ငွေပိုမိုရရှိစေဖို့ အစိုးရက ရေတိုရေရှည် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေသလို အခြေခံအဆောက်အအုံ လုပ်ငန်းတွေကိုလည်း ဖြည့်ဆည်း ပေးထားတဲ့အကြောင်း လွှတ်တော် ဆွေးနွေးပွဲ တခုအတွင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဒေါက်တာပွင့်ဆန်း က ပြောခဲ့တာပါ။ ကုန်သွယ်မှုကဏ္ဍမှာ ဆိုရင်လည်း လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှုဟာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ အမေရိကန် ဒေါ်လာ ၁၇၅၆ သန်းကျော် ရတဲ့အထိ တိုးတက်မှု ရှိခဲ့တယ်လို့လည်း ပြောခဲ့တာပါ။
ဒါပေမဲ့လည်း မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းဟာ ဒေသတွင်း နိုင်ငံတွေနဲ့ယှဉ်ရင် အားနည်းနေဆဲ ဖြစ်သလို၊ အထူးသဖြင့် ဆန်စပါး စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ခေတ်နောက်ကျနေတယ်လို့ စီးပွားရေး လုပ်ငန်းရှင် လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ ကမြင်ပါတယ်။
“ဗီယက်နမ်ဆိုရင် စိုက်ဧကက ကျနော်တို့ရဲ့ ထက်ဝက်ပဲရှိတယ်။ လူဦးရေက ကျနော်တို့ထက် ၂ ဆရှိတယ်။ ဗီယက်နမ် ဒီနှစ် (ဆန်တန်ချိန်) ၉ သန်းလောက် ဆန်ပို့တဲ့အချိန်မှာ ကျနော်တို့ ၅ သိန်းတောင် မပို့နိုင်ဘူး။ အဲဒါက အဖြေပဲ၊ ဘာဖြစ်လို့လဲဆိုတော့ စာရင်းဇယားတွေ မမှန်တာလည်းပါတယ်။ နောက်ပြီး ကျနော်တို့ဆီက လယ်ကိုထိထိရောက်ရောက် အသုံးမပြုတာလည်းပါတယ်။ စားတဲ့လူအင်အားက ကျနော်တို့က ထက်ဝက်ပဲရှိတယ်၊ ဗီယက်နမ်ထက်၊ စိုက်ဧကကြတော့ ဗီယက်နမ်ထက် ၂ ဆများတယ်။ ဒါပေမဲ့ ပြည်ပကို မပို့နိုင်ဘူး၊ ဒါအဖြေပဲလေ။ အဲဒါကြီးကို ကျနော်တို့ အဖြေရှာပြီးတော့ တဧကချင်းပေါ်မှာ စိုက်ဧက တိုးလာအောင်ရယ်၊ တသီးက နှစ်သီး၊ နှစ်သီးက သုံးသီးဖြစ်အောင် အဓိကလုပ်ဖို့ပဲ။ အဲဒီတော့မှပဲ အောက်ခြေလူတန်းစားက တက်လာမယ်။”
၂၀၁၁ ခုနှစ် လယ်ယာမြေ ဥပဒေကြမ်းထဲမှာတော့ လယ်ယာမြေတွေကို အဓမ္မသိမ်းယူခွင့် မရှိပေမဲ့၊ နိုင်ငံတော် စီမံကိန်းတွေအတွက် သမ္မတရဲ့ အမိန့်နဲ့ သိမ်းယူခွင့် ပြုထားတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း မြန်မာနိုင်ငံသား ၇၀% လောက် နေထိုင်ရာ ကျေးလက်ဒေသမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် မြေသိမ်းယာသိမ်း ပြဿနာတွေဟာ အဆုံးသတ်ဖို့ မရှိဘူးလို့ ဆိုရမှာပါ။
ဆောက်လုပ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဇေကမ္ဘာကုမ္ပဏီရဲ့ စီးပွားရေးလုပ်ငန်းရှင် တဖြစ်လဲ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ ကတော့ စက်မှုဖွံ့ဖြိုးတဲ့ တိုင်းပြည်အဖြစ် မြန်မာနိုင်ငံကို အသွင်ပြောင်းတဲ့ နေရာမှာ ဒီလို မလွဲမရှောင်သာ ဆောင်ရွက်ရတာမျိုးတွေ ကြုံရလိမ့်မယ်လို့ ပြောပါတယ်။
“သူတို့လယ်ကို ထိုက်ထိုက်တန်တန် ပေးပြီးတော့မှ industry (စက်မှုလုပ်ငန်း) လုပ်လိုက်ရင်၊ သူ့မိသားစုတွေ အကုန်အလုပ် ရသွားမယ်။ နောက်ပြီး သူတို့ရဲ့ လူနေမှု အဆင့်အတန်းတွေ အကုန်မြင့်လာမယ်၊ ဘာဖြစ်လို့လဲဆိုတော့ လယ်ဆိုတာက အကန့်အသတ်လို လုပ်ရတာ။ စားလို့မလောက်ဘူးလေ။ ဥပမာ စပါး (တင်း) ၅၀ ထွက်မှ ၂ သိန်းပဲရတာ၊ တနှစ်လုံးမှ။ စက်ရုံတရုံမှာ လုပ်လိုက်ရင် ၂ သိန်းဆိုတာ အေးအေးဆေးဆေး ပြန်ရတဲ့ သဘောမျိုးရှိတယ်။ အဲဒီလိုမျိုး သူတို့လည်းသိအောင် ကျနော်တို့ လုပ်သွားရမယ်။ လယ် ၁၀ ဧကကို မိသားစု စားလို့လောက်ပေမဲ့ တဧကမှာ စက်ရုံထောင်လိုက်ရင် လူ ၂ ထောင် ၃ ထောင်လောက် အလုပ်လုပ်လို့ရတယ်။ အဲဒီတော့ တချိန်မှာ ကျနော်တို့နိုင်ငံက စက်မှုကိုတော့ သွားရတော့မယ်ဆိုတော့ စက်မှုကို သွားတဲ့အချိန်မှာ အခုကျနော်တို့ နိုင်ငံရဲ့ စက်မှုဖွံ့ဖြိုးမှုက ၁၂% ကနေ ၁၄% ပဲရှိသေးတယ်။ ၄၀% ကျော်မှ တိုင်းပြည်က တက်မှာလေ။”
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ စက်တင်ဘာလထဲ ထုတ်ပြန်တဲ့ အစီရင်ခံစာ တစောင်မှာတော့ အာရှတိုက်က စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် မိရိုးဖလာ အလုပ်အကိုင်တွေကိုသာ အားထားနေလို့ မဖြစ်တဲ့အကြောင်း ဖော်ပြထားတာပါ။ တနေ့ကို ဝင်ငွေ အမေရိကန် ၂ ဒေါ်လာအောက်နဲ့ ဆင်းရဲမွဲတေတဲ့ အဆင့်မှာ နေထိုင်နေကြရသူ လူဦးရေ ၄၀% ကျော်ရှိတဲ့ ဒေသတခုအဖြစ်နဲ့ မိရိုးဖလာ လုပ်ငန်းတွေမှာ လိုတာထက် ပိုနေတဲ့ လုပ်အားတွေကို တခြားမှာ အသုံးချနိုင်ဖို့ အားပေးသင့်တယ်လို့ ADB က အကြံပြုထားတာလည်း ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။