လာမယ့် လွှတ်တော်အစည်းအဝေးတွေကို တတ်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ ဆုံးဖြတ်လိုက်တာကြောင့်၊ အနာဂတ် မြန်မာ့ဒီမိုကရေစီရေးအတွက် အစိုးရနဲ့ အဖွဲ့ချုပ်အကြား ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်နိုင်မယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက မျှော်လင့်ကြပါတယ်။ ရှေ့ဆက် အကဲစမ်းမှုတွေ ထပ်ကြုံရနိုင်ပေမယ့်၊ ဒါတွေကို နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုနဲ့ကျော်လွှားနိုင်မယ်လို့လည်း မျှော်လင့်ကြောင်း တုန့်ပြန်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော်ဝင်ဖို့ ဆုံးဖြတ် လိုက်တာကြောင့် တင်းမာနေတဲ့ အခြေအနေတခု ပြေလည်သွားပြီး၊ အာဏာပိုင် နဲ့ အဖွဲ့ချုပ် အကြား ပူးပေါင်း ဆောင်ရွက်မှု တွေ ပိုလုပ်လာနိုင်မယ်လို့ ပြည်တွင်းရော ပြည်ပမှာပါ ယူဆမှုတွေရှိပါတယ်။ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကျမ်းသစ္စာဆိုရမယ့် စာပိုဒ်မှာ ဖွဲ့စည်းပုံကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ပါ့မယ်ဆိုတဲ့ စကားရပ် အစား၊ လေးစား လိုက်နာပါ့မယ်လို့ အဖွဲ့ချုပ်ဖက်က ပြင်ဆင်ဖို့လိုလားခဲ့တာပါ။ ဒီအတွက်လည်း လွှတ်တော် မတက်ပဲ ရက်အတန်ကြာ အခြေအနေတွေ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေရာကနေ၊ အခုတော့ တစုံတရာ ပြေလည်သွားပြီလို့ ပြောနိုင်ပါတယ်။ အခုလို နှစ်ဖက်အကြား ပူးပေါင်း ဆောင်ရွက်မှု အခြေအနေတွေ ဆက်ပြီး ရှိနေလိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စု အနေ နဲ့ မျှော်လင့်တဲ့ ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့အာရှဒေသဆိုင်ရာ ပြောခွင့်ရသူ ဒါရယ် ပါရာဒီဆို (Darragh Paradiso) က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ခံ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ မေလ ၂ ရက်နေ့ လွှတ်တော်ကို တတ်မယ်လို့ နားလည်ထားပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ အနာဂတ်ကို တည်ဆောက်နိုင်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ အစိုးရအကြား ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။”
အခုလို ဆုံးဖြတ်ချက်ကြောင့် ဒါဟာ အလျှော့ပေးလိုက်တာပဲဆိုပြီး ဒီမိုကရေစီရေး လှုပ်ရှားသူ အချို့ရဲ့ မကျေမနပ် ဝေဖန်မှု တွေလည်းရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်ကလည်း ဒါဟာ အလျှော့ ပေးတယ်လို့ ယူဆရင် ယူဆလို့ရတယ်၊ ဒါပေမယ့် နိုင်ငံရေးအရ တင်းမာမှုမျိုး မရှိစေချင် တာကြောင့်လည်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင် ပြောခဲ့ပါတယ်။
“ကျမတို့ အနေနဲ့ကတော့ တင်းမာပြီးတော့ နိုင်ငံရေး ပြဿနာ ဖြစ်အောင် မလုပ်စေချင်လို့ ဒီနေရာမှာ လိုက်လျောမယ် ဆိုပြီး ဆုံးဖြတ်လိုက်တာပါ။ အဲဒီတော့ တချို့က ကျတော့ အလျှော့ပေးတယ် လို့ မမြင်ဘူး လားဆိုတော့ အလျှော့ပေးတယ် လို့ မြင်ချင်လည်း မြင်နိုင်ပါတယ်။”
အဖွဲ့ချုပ်က လွှတ်တော်တက်ဖို့ အခုလို ဆုံးဖြတ်တဲ့နေမှာပဲ၊ မြန်မာနိုင်ငံကို သုံးရက်ကြာခရီးရောက်နေတဲ့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းဟာ ပြည်ထောင်စု လွှတ်တော်ထဲ မနေ့က မိန့်ခွန်းပြောပါတယ်။ အပြောင်းအလဲ တွေ လုပ်ရာမှာ မုချ အကဲစမ်းချက်တွေ ကြုံရနိုင်တယ်လို့ မစ္စတာဘန်က သတိပေးပြောသွားပါတယ်။
“မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေး ဒီမိုကရေစီရေး နဲ့ ဖွံဖြိုးရေးတွေမှာ စိန်ခေါ် အကဲစမ်းချက်တွေ ကြုံရနိုင်ပါတယ်။ အခု အပြောင်းအလဲဟာ နုနယ်ပြီး၊ မသေချာ မရေရာ ရှိနေဆဲပါ။ ဒါပေမယ့်လည်း အခြေအနေတွေ နောက်ကြောင်း ပြန်လှည့်သွားဖို့ အခွင့်အလမ်း ကလည်း မရှိသလောက်ပါပဲ။”
အခုလို အပြောင်းအလဲတွေကို အားပေးတဲ့ အနေ နဲ့ နိုင်ငံတကာ မြန်မာ အပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းဖို့၊ လျှော့ပေါ့ပေးဖို့ကိုလည်း မစ္စတာဘန်က တိုက်တွန်းသွားပါတယ်။ အမေရိကန် ပြည်ထောင်စုအနေ နဲ့ကတော့ အခုလို အပြောင်းအလဲ တွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ရော အပြောင်းအလဲပိုဖြစ်အောင် တွန်းအားပေးတဲ့ အနေနဲ့ပါ အရေးယူမှု တွေကို လျှော့ချခဲ့သလို၊ ပစ်မှတ်ထား အရေးယူမှု အချို့ ဆက်ထားဦးမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။
“နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ပြောခဲ့သလိုပါပဲ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ရင်းနှီးမြုပ်နှံမှု သစ်တွေ နဲ့ ပတ်သက်လို့ အရေးယူပိတ်ဆို့မှု တွေကို လျှော့ပေးလာတာဟာ၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေဖြစ်လာဖို့ တုန့်ပြန်ဆောင်ရွက်မှုတွေထဲက အစိတ်အပိုင်းတရပ်ဖြစ်ပါတယ်။”
အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှဆိုင်ရာ ပြောခွင့်ရသူဖြစ်ပါတယ်။
လွှတ်တော်ထဲ အဖွဲ့ချုပ်ဆုံးဖြတ်လိုက်တာကြောင့် အခြေအနေတွေ ပိုပြီး ပျော့ပြောင်းလာတယ်လို့ ပြည်တွင်း နိုင်ငံရေးလှုပ်ရှားသူတွေက မြင်ကြပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ အဖွဲ့ချုပ်ဝင် ဦးဝင်းထိန်က လည်း အခုလို ဆုံးဖြတ်ချက်အပေါ်မှာ ဝမ်းသာမိတယ်လို့ ပြောပါတယ်။
“အလျှော့ပေးတယ် လို့ ယူဆချင်လည်း ယူဆ နိုင်ပါတယ်။ မှန်ပါတယ်။ အလျှော့ပေးပါတယ်။ ဘာကို အလျှော့ပေးသလဲ ဆိုရင် ပြည်သူလူထု ရဲ့ ဆန္ဒကို အလျှော့ပေးတယ်။ နောက် မဟာမိတ် ပါတီတွေ ရဲ့ ဆန္ဒကို အလျှော့ပေးတယ်။ ကျနော်တို့လည်း ဝမ်းသာတယ်။ နို့မို့ရင် ဒါကြီးက လိပ်ခဲတည်းလဲ ဖြစ်ပြီးတော့ ထိုင်ရမလို ထရမလို ဟိုသွားရမလို ဒီသွားရမလို အဲဒီလို ဖြစ်တာ။ အခုဆုံးဖြတ်ချက် ချသွားပြီ။ ရင်ထဲမှာ တော်တော် ပေ့ါသွားတာ။”
လွှတ်တော်ဝင်ဖို့ အခက်အခဲကြုံနေတဲ့အတွက် အဖွဲ့ချုပ်ကို မဲထည့်ခဲ့တဲ့ မဲဆန္ဒရှင်အချို့ သူတို့ မဲတွေ အလကား ဖြစ်သွားမှာကိုလည်း စိုးရိမ်ပူပင်ခဲ့ကြပါတယ်။ အခုလို ဆုံးဖြတ်ချက်ကြောင့် အဖွဲ့ချုပ်အနေနဲ့ လူထုအတွက် ပိုပြီး လုပ်ပေးနိုင်မယ်လို့ သူတို့က ယူဆကြပါတယ်။
“ဒီ အမေစု လွှတ်တော် ထဲ ဝင်သွားတယ် ဆိုလိုရှိရင် အပြောင်းအလဲတွေ အများကြီး ဖြစ်လာ နိုင်မယ် လို့လည်း ထင်တယ်။ အဲဒါကြောင့် မို့လို့လည်း သဘောကျတာ။”
“ပြည်သူတွေ အတွက် အများကြီး အထောက်အကူ ဖြစ်သွားမယ် လို့တော့ ထင်တာပေါ့။ အရင် အစိုးရ နဲ့ ပတ်သက်ရင် မိုး နဲ့ မြေ ဘဲ။ နိမ့်ကျတဲ့ ဘဝတွေကို လည်း သိပ်ကြည့်တယ်ပေ့ါ။”
နိုင်ငံရေး အကြပ်အတည်း ဖြစ်လာမှာစိုးလို့ ရှောင်လွဲလိုက်တယ်ဆိုတဲ့ အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်တွေဟာ အခု လာမယ့် မေလ ၂ ရက်နေ့ လွှတ်တော်စည်းဝေးပွဲကို စတင် တက်ရောက်ပြီး၊ လွှတ်တော် ကိုယ်စားလှယ် အဖြစ် မူလ စာသားအတိုင်း ကျမ်းသစ္စာဆိုရမှာ ဖြစ်ပါတယ်။ မူလစာသားကို ပြင်ဆင်ချက်လုပ်ဖို့ ကြိုးပမ်းရာ မှာတော့ လွှတ်တော်ထဲ အများစုဖြစ်တဲ့ အာဏာရ ကြံခိုင်ရေးပါတီက လက်မခံတာကြောင့် မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံပါ အချက်အလက် အချို့ကို ပြင်ဆင်လိုတဲ့ အဖွဲ့ချုပ်အနေနဲ့တော့၊ ဒီလို ဖွဲ့စည်းပုံ ပြင်ရေးကိစ္စရပ် တွေမှာ လွှတ်တော်ထဲ မဲအများစုရှိနေတဲ့ အာဏာရ ကြံခိုင်ရေးပါတီနဲ့ ပူးပေါင်း ဆောင်ရွက်ရ မယ့် အနေအထားတော့ မြင်နေရပါတယ်။