သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီးလောင်ဒဏ်ရာရ သံဃာတချို့ ကျန်းမာရေး စိုးရိမ်ရဆဲ


လက်ပံတောင်းမှာ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ကြတဲ့ သံဃာတွေထဲက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆေးရုံမှာ လာရောက် ကုသနေကြတဲ့ သံဃာ ၂ ပါးအနက် အသက် ၁၄ နှစ်အရွယ် ကိုရင်လေး ရှင်သဇ္ဇဏ ဟာ အရေပြား အစားထိုးမှု အခြေအနေ မကောင်းသေးတဲ့အတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့က ၅ နာရီကြာ ခွဲစိတ်ခန်းကို ပြန်ဝင်ပြီး ကုသနေရတယ်လို့ ဆိုပါတယ်။ အသေးစိတ်ကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးနဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့ သာသနာ့မြေ မပျောက်ကွယ်ရေး လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်ကျောင်းကို ထိန်းသိမ်းကာကွယ်ခဲ့ကြတဲ့ သံဃာတော်တွေဟာ သပိတ်စခန်းမှာပဲ အာဏာပိုင်တွေ ဖြိုခွဲခဲ့တဲ့အတွက် မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ကြတာပါ။

မီးလောင်ဒဏ်ရာ ပြင်းထန်သူတွေထဲက ဦးတိက္ခဉာဏဆိုတဲ့ ဦးဇင်းကြီးတပါးနဲ့ ကိုရင်လေးတပါးဟာ ဘန်ကောက်မြို့ ဆေးရုံကြီးမှာ ဆေးကုသခံနေကြရတာ ဖြစ်ပါတယ်။

ဒီအထဲက ကိုရင်လေး ရှင်သဇ္ဇဏ ဟာ ဒဏ်ရာတွေ မသက်သာတဲ့အတွက် ပြန်လည် ခွဲစိတ်ကုသမှု လုပ်ခဲ့ရကြောင်း ဦးတိက္ခဉာဏရဲ့သားဖြစ်သူ ဒေါက်တာ နေသုခ က ပြောပြပါတယ်

“ခွဲခန်းပဲ ပြန်ဝင်လိုက်တာ၊ မနေ့ကတော့ ၅ နာရီလောက် ကြာသွားတာ၊ ၁၂ နာရီလောက် ဝင်လိုက်တာလေ၊ ၅ နာရီလောက်မှ ပြန်ထွက်လာတယ်။ ဝင်ပြီးတော့မှ အဲ့ဒီ အသားစအနာက မကောင်းလို့ဆိုပြီးတော့မှ ပြန်ခြစ်ထုတ်ပြီးမှ အသစ်ပြန်လဲ လိုက်တာ။ များသောအားဖြင့်တော့ အသားတွေက သွေးတွေ ဘာတွေ မခြောက်လို့နေမှာပေါ့။ Operation ကလည်း ကြာသွားတဲ့ အခါကျတော့ မေ့ဆေးကလည်း ပြယ်သွားလို့နေမှာ ကိုရင်လေးက သူ တော်တော်လေး နာပြီးတော့မှ ငိုနေတာ။ အသားတွေလည်း တုန်နေပြီးတော့လေ။ ဦးဇင်းကြီးအခြေအနေကလည်း တိုးတက်လာပါ တယ်။ ဒီနေ့ကတော့ သူ့ ညာဘက်ပေါင် အတွင်းပိုင်းကိုလည်း အရေပြားအစားထိုးမလို့။ ကျန်တာတွေ က ကျောတွေရယ်၊ တင်ပါးတွေရယ်၊ ပေါင်ရယ်ပေ့ါ။ ဘယ်ဘက်ကတော့ အရေပြားအစားထိုးထားတာ အဲ့ဒါတော့ ပြန်ခွာမကြည့်ရသေးဘူး။”

ဦးတိက္ခဉာဏ လည်း ဒီနေ့မှာ ခွဲစိတ်ခန်း ပြန်ဝင်ဖို့ အခြေအနေ ရှိတဲ့အကြောင်းကိုလည်း ဆက်ပြောပြ ပါတယ်။ ဘန်ကောက်မြို့က ဆေးရုံမှာ ကုသစရိတ် တောင်းခံခြင်းမရှိပေမဲ့ မိသားစုတွေကတော့ လိုအပ်တာတွေကို မိမိတို့ဘာသာ ကုန်ကျခံနေရတယ်လို့ ဆိုပါတယ်။

“ဆေးရုံစရိတ်က အစိုးရကျခံသလား။ ဘယ်သူကျခံသလဲတော့ ကျနော် မသိဘူးခင်ဗျ။ ကျနော်တို့ဆီ ကိုတော့ လာမတောင်းဘူး။ ကျနော်တို့လည်း ဘန်ကောက်မှာကျတော့ တိုက်ခန်းတခုမှာ ငှားနေလိုက် တာလေ။ စားတာသောက်တာတွေကတော့ ကိုယ့်ဟာနဲ့ကိုယ်ပဲပေါ့။ ကိုရင်လေးအတွက် အစောင့် လိုက်လာတဲ့ ဦးဇင်းကျတော့လည်း ဆေးရုံနားက တည်းခိုခန်းလိုမျိုး တခုမှာ နေလိုက်တယ်။ သူလည်း သူ့ဟာသူ အကုန်ရှင်းရတာပဲ။”

ရွှေညဝါဆရာတော်နဲ့ ပြည်တွင်းက အကူအညီပေးတဲ့အဖွဲ့တွေကတော့ သံဃာတော်တွေရဲ့ လိုအပ်ချက်တချို့ကို အကူအညီ ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလကုန်မှာ လက်ပံတောင်းတောင်နဲ့ပတ်သက်လို့ အစီရင်ခံစာ ထွက်မယ်လို့ ဆိုထားပေမဲ့ အစီရင်ခံစာဟာ နောက်ကျဦးမယ်ဆိုပြီး ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ပြောထား ပါတယ်။

အစီရင်ခံစာနဲ့ပတ်သက်လို့ ဘာမှ မျှော်လင့်မထားတဲ့အကြောင်းနဲ့ ဘန်ကောက်မြို့မှာ ဆေးရုံတက် ကုသနေရတဲ့ ဦးဇင်းကြီး ဦးတိက္ခဉာဏကတော့ လယ်တီဆရာတော်ကြီးရဲ့ သာသနာ့မြေကို ပြန်လည်ထိန်းသိမ်းပေးစေလိုတဲ့ ဆန္ဒသာရှိတယ်လို့ သားဖြစ်သူက ဆိုပါတယ်။

“ဦးဇင်းကြီး မျှော်လင့်တာကလည်း လယ်တီသာသနာ့မြေကို ကောင်းကောင်းလေး သူတို့ လုပ်ပေးနိုင်ရင်တော့ ကျနော်တို့ကတော့ အဆင်ပြေပါတယ်။ အဲ့လောက်ပဲ မျှော်တာပါ။ ကျန်တာတော့ ဘာမှတော့ မျှော်မနေပါဘူး။ သိမ်နဲ့ ဘုရားလေးပဲ အဲ့ဒါလေးပဲ မွန်းမံ ပြင်ဆင်ပေးရင်တော့ ကောင်းတာ ပေါ့။ အရင်တုန်းက ပုံမျိုးနဲ့ဆိုရင် တမိုးလောက် ရွာလိုက်ရင်ကို ပြိုထွက်သွားမှာပဲ။”

ဦးတိက္ခဉာဏ ဟာ မြန်မာနိုင်ငံမှာ နာဂစ်ဖြစ်စဉ်တုန်းက ဧရာဝတီတိုင်းကဒေသခံပြည်သူတွေကို အကူအညီပေးခဲ့တဲ့ ဦးဇင်းကြီးတပါး ဖြစ်ပါတယ်။ လက်ပံတောင်းဒေသမှာ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာဝမ်ဘောင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီလီမီတက်တို့ ပူးပေါင်းပြီး ကြေးနီစီမံကိန်းကို လုပ်ခဲ့တာပါ။

ဒေသခံတွေကတော့ လယ်မြေတွေဆုံးရှုံးတာ၊ စီမံကိန်းကြောင့် ကျန်းမာရေးထိခိုက်မှုတွေ ရှိနေတာ သာသနာ့မြေတွေကို ဖျက်ဆီးတာတွေ၊ ဆန့်ကျင်ကန့်ကွက်မှုတွေကို ပြီးခဲ့တဲ့လတွေအထိ လုပ်ဆောင်နေခဲ့ပါတယ်။

မြန်မာအာဏာပိုင်တွေက ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပံတောင်းသပိတ်စခန်းကို ဖြိုခွဲခဲ့ရာမှာ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တချို့ မီးလောင်ဒဏ်ရာများ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လက်ပံတောင်းတောင်ကိစ္စ စုံစမ်းစစ်ဆေးရေးကော်မရှင်က အစပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်မှာတော့ သပိတ်စခန်း ဖြိုခွဲရာမှာ မီးခိုးဗုံးနဲ့ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံသား လူ့အခွင့်အရေး ရှေ့နေတွေနဲ့ မြန်မာနိုင်ငံသားရှေ့နေတွေ ပူးပေါင်းတဲ့အဖွဲ့ရဲ့ စုံစမ်းစစ်ဆေး တွေ့ရှိချက်တွေအရ လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးဖြိုခွဲရာမှာ မီးလောင်ကျွမ်းစေနိုင်တဲ့ မီးလောင်ဗုံးကို သုံးစွဲကြောင်း အမေရိကန်အခြေစိုက် နယူးယောက်တိုင်းစ် သတင်းစာမှာ ဇန်နဝါရီလ ၃၀ ရက်နေ့က ဖော်ပြခဲ့ပါတယ်ရှင်။
XS
SM
MD
LG