သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းစိန်ထောင်တွင်း အသံတိတ်သပိတ်ပါဝင်သူများ ထောင်ဝင်စာအခက်အခဲဖြစ်


Insein Prison Overview
Insein Prison Overview

[[Zawgyi/Unicode]]

အင်းစိန်ထောင်တွင်း အသံတိတ်သပိတ်မှာ ပါဝင်ခဲ့သူတွေထဲကတချို့ကို ထောင်ဝင်စာပေးနိုင်ဖို့ မိသားစုတွေ အခက်အခဲဖြစ်နေပါတယ်။ ထောင်တွင်းကို ပေးပို့လိုက်တဲ့ စာတွေ၊ ပစ္စည်းတွေကိုလည်း ထောင်အာဏာပိုင်တွေက အသေအချာစစ်ဆေးနေတယ်လို့ သူတို့အမှုမှာ လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတချို့က ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဒီဇင်ဘာ ၁၀ ရက်က အင်းစိန်ထောင်တွင်း အသံတိတ်သပိတ်မှာပါဝင်ခဲ့လို့ တိုက်ပိတ်ခံခဲ့ရတဲ့ အကျဉ်းသား ၈၉ ယောက်ထဲက တချို့ ဒီနေ့အထိ တိုက်ပိတ်ခံထားရဆဲဖြစ်ပါတယ်။ မူလ အကျဉ်းခန်းတွေဆီ ပြန်ရောက်နေကြတဲ့တချို့အတွက်လည်း ခုချိန်ထိ ထောင်ဝင်စာ ပေးပို့နိုင်ဖို့ မိသားစုတွေ အခက်တွေ့နေတုန်းပဲလို့ သူတို့ရဲ့အမှုလိုက်ရှေ့နေတဦးက ဗွီအိုအေကို ပြောပါတယ်။

“အဲဒီ silent strike လုပ်တဲ့သူတွေကိုထောင်တွင်းပြစ်ဒဏ်အနေနဲ့ တိုက်ပိတ်တာတွေရှိတယ်၊ ထောင်ဝင် စာ ဖြတ်တောက်တာ၊ စာတွေ ဖြတ်တောက်တာတွေ ရှိပါတယ်။ ( အကျဉ်းထောင်) အကုန်လုံးနီးပါး ခက်ခဲတာတော့မဟုတ်ဘူး၊ silent strike လုပ်ထားတဲ့သူတွေနဲ့ ပတ်သက်ရင်တော့ တော်တော်လေး စစ်စစ်စီစီ လုပ်နေတာလည်းတွေ့တယ်။”

အသံတိတ်သပိတ်မှာပါဝင်ခဲ့လို့ အပြစ်ပေးခံရပြီး ဒဏ်ရာရခဲ့သူတွေရဲ့ နာမည်စာရင်းတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့နောက် ဒီသတင်းပျံ့နှံ့မှုနဲ့ပတ်သက်လို့ ထောင်အာဏာပိုင်တွေက တချို့ရှေ့နေတွေကို သတိပေးခဲ့ပါတယ်။

ထောင်တွင်း အသံတိတ်သပိတ်မှာပါခဲ့သူတွေထဲက တချို့ သီတင်း ၂ ပတ် တိုက်ပိတ်ခံခဲ့ရပြီး တချို့ ကတော့ ဆက်တိုက်ပိတ်ခံနေရပါတယ်။ တချို့က ယခင်အဆောင်တွေဆီ ဒီနေ့ပြန်ရောက်နေကြပြီး သူ့တို့အတွက်လိုအပ်တဲ့ ပစ္စည်းတွေကိုတော့ အဆင်ပြေပြေ ပေးလို့ရနေပြီလို့ နောက်ထပ် ရှေ့နေတဦးက ပြောပါတယ်။ ကျန်တဲ့သူတွေရဲ့ အခြေအနေကိုတော့ သူလည်းသေချာ မသိရသေးကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ပထမတော့ တိုက်ပိတ်ခံထားရတဲ့ လူငယ်တွေကိုတော့ အိမ်မိသားစုကို ( ထောင်ဝင်စာ) ခဏပိတ်ထားတယ်၊ သူတို့ပေးလည်း သူတို့ဆီမရောက်ဘူးလေ။ အခုနောက်ပိုင်းတော့ သူတို့ပြန်အဆင်ပြေတယ်။ နောက် တခုက ဘယ်သူက ဘယ်လိုပြောလိုက်လဲတော့မသိဘူး။ အကစ (အကျဉ်းဦးစီးဘက်က) နာမည်တွေပါ ထွက်လာတဲ့အခါကျတော့ နည်းနည်း အချိုးပြောင်းသွားတယ်လို့ ကြားတယ်။”

ဒီဇင်ဘာ ၁၀ ရက် ထောင်တွင်း အသံတိတ်သပိတ်မှာပါလို့ ထောင်အာဏာပိုင်တွေ ရိုက်နှက်ခဲ့ချိန်မှာ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသူ တချို့လည်း ဆေးကုသမှုမရဘဲ တိုက်ပိတ်ခံခဲ့ရတယ်လို့ ရှေ့နေတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောထားပါတယ်။ အကျဉ်းဦးစီးဘက်ကတော့ ဒါနဲ့ပတ်သက်ပြီး တုံ့ပြန်တာ မရှိသေးပါဘူး။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ နောက်ဆုံးထုတ်ပြန် ချက်အရဆိုရင် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကစလို့ ဒီဇင်ဘာ ၂၇ ရက်နေ့ အထိ ဖမ်းဆီးခံရသူစုစုပေါင်း ၈၂၈၂ ဦးရှိပါတယ်။ အဲဒီအထဲက ၄၂၃ ယောက်က ထောင်ဒဏ်ချမှတ်ခံထားရပြီး ၃၉ ယောက် ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ AAPP ကဖော်ပြပါတယ်။ စစ်ကောင်စီကတော့ AAPP ရဲ့ကိန်းဂဏန်းတွေဟာ ချဲ့ကားပြောတာဖြစ်တယ်လို့ ပယ်ချလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]










===========

XS
SM
MD
LG