နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ပြည်တွင်းအခြေစိုက် အဖွဲ့အစည်းတွေ လုပ်ဆောင်နေကြချိန်မှာပဲ အင်းစိန်အကျဉ်းထောင် အတွင်းက ရာနဲ့ချီတဲ့ အကျဉ်းသားတွေကို အာဏာပိုင်တွေက ပြီးခဲ့တဲ့ စနေနေ့နဲ့ ဒီကနေ့ မနက်ပိုင်းတွေမှာ စစ်ကားတွေနဲ့ ထုတ်ယူသွားတာ တွေ့ရပါတယ်။ ဒီအကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါမပါဆိုတာ အတိအကျ မသိရပေမဲ့ သူတို့ကို ရဲဘက် ဒါမှမဟုတ် ရှေ့တန်းမှာ ပေါ်တာအဖြစ် အသုံးပြုဖို့ ခေါ်သွားတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPPB) က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
မြန်မာစစ်အစိုးရ အာဏာပိုင်တွေဟာ ရဲဘက်စခန်းမှာ လုပ်အားပေးအဖြစ် အသုံးပြုဖို့ လူအင်အား လိုတဲ့အခါ၊ ဒါမှမဟုတ် ရှေ့တန်းမှာ ပေါ်တာအဖြစ် အသုံးပြုဖို့ လိုအပ်တဲ့ အခါတွေမှာ အကျဉ်းသားတွေကို ခေါ်ယူ အသုံးပြုလေ့ ရှိပါတယ်။
အခုလည်း အင်းစိန်အကျဉ်းထောင်ထဲက အကျဉ်းသားတွေကို အာဏာပိုင်တွေက စစ်ကားတွေနဲ့ ပြီးခဲ့တဲ့ စနေနေ့နဲ့ ဒီကနေ့ မနက်ပိုင်းက ခေါ်ထုတ်သွားတာကို တွေ့လိုက်ရတယ်လို့ ကိုယ်တိုင် မြင်တွေ့လိုက်ရတဲ့ မျက်မြင်သက်သေ တဦးက အခုလို ပြောပြပါတယ်။
“အင်းစိန် အကျဉ်းဦးစီးက စနေနေ့ မနက်က စစ်ကား ၄ စီးနဲ့ ပေါ်တာ ပထမအသုတ် ထုတ်သွားတယ်။ မနေ့က ညနေက သယ်လာတဲ့ကားတွေ အခုမနက် ပြန်ထုတ်သွားတယ်။ စစ်ကား ၈ စီးနဲ့ ဝါးကပ်တွေ ကာပြီး ထုတ်သွားတယ်။ အဲဒါတွေက ပေါ်တာတွေ ဖြစ်နိုင်တယ်။”
အင်းစိန်အကျဉ်းထောင်ထဲက အကျဉ်းသားတွေကို စစ်ကား ၄ စီးနဲ့ စနေနေ့က စတင် ခေါ်ထုတ်သွားပြီးတဲ့ နောက်ပိုင်း မနေ့က တနင်္ဂနွေနေ့မှာ စစ်ကား ၈ စီးနဲ့ အင်းစိန်ထောင်ထဲကို ခေါ်လာတဲ့ အကျဉ်းသားတွေကို အင်းစိန်ထောင်မှာ တညနားပြီး ဒီကနေ့မနက် ပြန်ထုတ်သွားတယ်လို့ ဆိုပါတယ်။
“အင်းစိန်က လူတွေလည်း ပါသွားတယ်။ အင်းစိန်က လူတွေက ပထမ စနေနေ့က ကား ၄ စီး၊ ည ၈ နာရီလောက်မှာ ထုတ်သွားတယ်။ ဒီနေ့မနက် ကား ၈ စီး ထွက်သွားတယ်။ အဲဒါ တနင်္ဂနွေနေ့ ညနေက ဝင်လာတဲ့ ကားတွေ။ အနည်းဆုံးတော့ ကားတစီးကို ၄၀-၅၀ ပါတာပေါ့။ နယ်က ပါလာတာတွေ များတယ်။ ကား ၈ စီးက။ အင်းစိန်မှာ တည နားသွားတယ်။”
စစ်ကားတစီးကို အကျဉ်းသား ၄၀ ကနေ ၅၀ ကြား ဆန့်တာမို့ စုစုပေါင်း စစ်ကား ၁၂ စီးနဲ့ သယ်ထုတ်သွားတဲ့ အကျဉ်းသားဦးရေဟာ ၄၀၀ နဲ့ ၅၀၀ ကြား ရှိမယ်လို့ ခန့်မှန်း ပြောဆိုကြပါတယ်။
အာဏာပိုင်တွေဟာ အကျဉ်းသားတွေကို တနေရာက တနေရာ ပြောင်းတာ၊ ဒါမှမဟုတ် ရှေ့တန်းမှာ ပေါ်တာအဖြစ် အသုံးပြုဖို့ လိုအပ်တဲ့ အခါတွေမှာ အခုလို အကျဉ်းသားတွေကို ပြောင်းရွှေ့လေ့ ရှိတယ်လို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်ကလည်း ပြောပြပါတယ်။
“အကျဉ်းသားတွေက ပုံမှန် လုပ်လေ့ရှိတယ်၊ တခါတလေကျရင် ထောင်ပြောင်းတာမျိုး ရှိတယ်၊ တခါတလေကျရင် ရဲဘက်စခန်း ပို့တာမျိုးတွေလည်း ရှိပါတယ်။ နောက် တခါတလေ ရှေ့တန်း စစ်မြေပြင်ကို ပို့တာမျိုးတွေလည်း ရှိပါတယ်။ အဲဒီလို ပို့တဲ့အခါမှာ ပထမဆုံး အဆင့်ကတော့ အင်းစိန်ထောင်ကနေ အဲဒီဒေသတွေနဲ့ အနီးဆုံး ထောင်တွေကို အရင်ပို့တယ်။ အဲဒီကမှတဆင့် ရဲဘက်ကို ပို့ရင်ပို့၊ မပို့ရင် ရှေ့တန်း စစ်မြေပြင်ကို ပို့တာမျိုးတွေ ရှိပါတယ်။ ရှေ့တန်းကို ပေါ်တာအဖြစ်နဲ့ ပို့တာပေါ့။”
အခုလို ခေါ်ထုတ်သွားတဲ့အထဲ နိုင်ငံရေး အကျဉ်းသားတွေ ပါမပါဆိုတာ အတိအကျ မသိရပေမဲ့ အများစုကတော့ ရာဇဝတ်မှုနဲ့ အကျဉ်းကျနေသူတွေ ဖြစ်ဖို့များတယ်လို့ အင်းစိန်အကျဉ်းထောင် အနီးက မျက်မြင်သက်သေက ဆက်ပြောပါတယ်။
“အဲဒါတွေကတော့ တခြားပုဒ်မတွေပေါ့။ လွတ်ရက် နည်းနည်းလိုသေးတဲ့ ၃ လ၊ ၄ လ၊ ၁ နှစ်၊ ၂ နှစ်၊ ရာဇဝတ်မှုတွေပဲ ဖြစ်မယ်။ ရာဇဝတ်မှုတို့၊ စစ်ပြေးတို့၊ သူခိုးတို့ပေါ့။ တချို့ဆိုရင်လည်း တပ်ပြေးနဲ့ ကျတာပေါ့။ အခြေအနေမဲ့တွေ၊ အဲဒါမျိုးတွေ ပါတယ်။”
အင်းစိန်အကျဉ်းထောင်နဲ့ တခြားထောင်တွေကနေ အကျဉ်းသားတွေ နေရာပြောင်းနေတာကို ကိုယ်တိုင် မြင်တွေ့လိုက်ရတဲ့ မျက်မြင်သက်သေတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာပဲ အင်းစိန်အကျဉ်းထောင်က အကျဉ်းသား ၇၁ ယောက်ကို အာဏာပိုင်တွေက လွှတ်ပေးလိုက်တယ်လို့ အင်းစိန်ထောင် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒါပေမဲ့ ဒီကနေ့ လွတ်လာတဲ့ အကျဉ်းသားတွေထဲ နိုင်ငံရေး အကျဉ်းသားတွေတော့ တယောက်မှ မပါဘူးလို့ သိရပါတယ်။