သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ ချင်းနယ်စပ်မှာ တိုက်ပွဲတွေပြင်းထန်နေ


ရခိုင်ပြည်နယ် ပေါက်တောမြို့ တိုက်ပွဲတခုအတွင်းတွေ့ရတဲ့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ
ရခိုင်ပြည်နယ် ပေါက်တောမြို့ တိုက်ပွဲတခုအတွင်းတွေ့ရတဲ့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို အရပ်သား ထိခိုက်ဒဏ်ရာရမှု တိုးလာနေပြီး၊ နေရပ်စွန့်ခွာသူတွေလည်း အများအပြား ရှိလာနေပါတယ်။ မနေ့က ညနေပိုင်းမှာ ပလက်ဝမြို့ပေါ်မှာ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အရပ်သားလေးဦး ဒဏ်ရာရရှိခဲ့သလို ရခိုင်မြောက်ပိုင်းက ပေါက်တောမြို့ပေါ်မှာလည်း ဒီရက်ပိုင်းအတွင်း ရင်ဆိုင်တိုက်ပွဲတွေ ပိုမိုပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ်တချို့မှာ ဆက်လက်ပြင်းထန် နေဆဲပါ။ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာ စစ်ကောင်စီက လေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကူညီပြီး လာရောက် တိုက်ခိုက်နေတာကြောင့် မကြာခဏ ဆိုသလို အရပ်သား ထိခိုက် ဒဏ်ရာရတာတွေ လည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ညနေပိုင်းကလည်း ပလက်ဝမြို့အနီး တောင်ကုန်းပေါ်မှာ အခြေစိုက်ထားတဲ့ ခလရ ၁၈၉ တပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် တချို့ မြို့ပေါ်က ရပ်ကွက်တွေပေါ် ကျရောက်ခဲ့ တာကြောင့် အရပ်သား ၄ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပလက်ဝမြို့ခံတဦးက ပြောပါတယ်။

“အခုဆေးရုံမှာ တယောက်ရှိတယ်၊ ကျန်းမာရေးဝန်ထမ်းမှာ သားသမီးလို့ သိရတယ်၊ ခလေး လေးပဲ အဲကလေး လည်း ပြင်ထန်တော့ မဟုတ်ဘူး ပွန်းပဲ့ဒဏ်ရာ လေးယောက်တော့ရတယ်၊ ကျတာကတော့ မနေ့ကည ၁ဝနာရီ ကျော်လောက်ကနေ တညလုံး လက်နက်ကြီးတွေနဲ့ မနက် ၅နာရီ အထိကို လှမ်းပစ်နေကြတာ။”

ပလက်ဝမြို့ပေါ်မှာ အရင်လည်း မြို့ပေါ်ရပ်ကွက်တွေပေါ် လက်နက်ကြီး ကျရောက်ပေါက် ကွဲခဲ့တာကြောင့် အရပ်သားထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့သလို မြို့ခံတော်တော်များ များဟာလည်း တခြားဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်တောင်ပိုင်းက ဆမီးမြို့အနီးမှာလည်း စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော် တို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက် နေ့ကတည်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့သလို ဒီကနေ့အထိ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဆမီးမြို့ခံ အားလုံးနီးပါး ထွက်ပြေးနေကြရတယ်လို့ ထွက်ပြေးနေတဲ့ ဆမီးဒေသခံ တဦးက ပြောပါတယ်။
“ အခုကတော့ ရတဲ့ ထွက်ပေါက်တွေကနေ ထွက်နေကြတယ် ရွာဖက်တွေကို ဟိုရွာဒီရွာ ပြီးရင် ဆမီးနဲ့ အနီးဆုံး ရွာတွေမှာလည်း မနေရဲကြဘူး၊ ဆိုတော့ ဝေးတဲ့ နေရာကို ခြေလျှင်နဲ့ပဲ သွားကြတယ်၊ ဘာမှ ဆိုင်ကယ်တို့ ဘာတို့ သုံးလို့မရဘူး။ ပြီးတော့ ရောက်တဲ့ နေရာမှာလည်း စားဝတ်နေရေးက အဲရွာမှာရှိတာကို မျှပြီးတော့ စားကြတယ်၊ ရွာခံတွေက ကျွေးတာတော့ ရှိတယ်။ လောလောဆယ်မှာ တော့ ရှိတယ် ဒါပေမယ့် ရေရှည် အတွက်ကတော့ သိပ်အဆင်မပြေဘူးဆိုတာ သေချာတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာလည်း တိုက်ပွဲတွေ ဒီကနေ့အထိ ပြင်းထန်နေ တာပါ။ ပြီးခဲ့တဲ့ နိင်ဝင်ဘာလ ၁၆ ရက်နေ့က တိုက်ပွဲတွေ စတင်ခဲ့တဲ့ ပေါက်တောမြို့ ပေါ်မှာလည်း လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ပေါက်တော ဒေသခံတဦးကပြောပါတယ်။

“ ဒီရက်ပိုင်းပိုပြီးတော့ တိုက်ပွဲတွေ ပြင်းလာတယ်လို့ပြောရမယ်၊ မနေ့ကဆိုရင်လည်း ညနေပိုင်း ၆နာရီ အပြန်အလှန် ပစ်ခတ်တာတွေ ကျနော်တို့ တော်တော်ကြားရတယ်၊ လက်နက်ကြီးတွေရော စက်သေနတ်သံ တွေရောကြားတယ်၊ စစ်တွေဘက်ကလည်း လက်နက်ကြီးတွေ ပစ်တာရှိတယ် မနေ့က မတိုင်ခင် တရက်က လည်း မြို့ပေါ်မှာ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်တယ်၊ မနေ့က ဆိုရင်လည်း တညလုံးပစ်ကြတာ ဒီမနက်မှပဲ နည်းနည်းငြိမ်သွားတာပေါ့။”

ရခိုင်နဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲတွေ ရှည်ကြာလာတဲ့အပြင် တိုက်ပွဲဖြစ်ပွါးတဲ့ နေရာကလည်း ပိုပြီး ကျယ်ပြန့်လာ နေတာပါ။ မနေ့က ဆိုရင်လည်း တိုက်ပွဲ ဖြစ်လေ့ဖြစ်ထမရှိတဲ့ ရခိုင်တောင်ပိုင်းက ရမ်းဗြဲမြို့ပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ အခုလို တိုက်ပွဲတွေကြောင့်အရပ်သားထိခိုက်သေဆုံးတာတွေလည်း တနေ့ထက်တနေ့ တိုးလာနေသလို သိန်းနဲ့ ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာလည်းဖြစ်ပါတယ်။

ဒါ့ပြင် စစ်ကောင်စီက ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ကုန်လမ်းရေလမ်း ကုန်စည်စီး ဆင်းမှုတွေနဲ့ မြို့ပေါ်နဲ့ နယ် သွားလာခွင့်တွေကို ပိတ်ပင်ထားတာကြောင့် ဒေသတွင်းမှာ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာသလို ကုန်စည်ပြတ်လပ်မှုတွေနဲ့ပါ ရင်ဆိုင်နေကြရတာပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG