သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုဒ္ဓဘာသာကို အကြမ်းဖက်ဝါဒအဖြစ် မြန်မာမူဆလင်ခေါင်းဆောင်လက်မခံ


ဗုဒ္ဓဘာသာကို အကြမ်းဖက်တယ်လို့ ပြောတာကို မူဆလင် ဘာသာရေး ခေါင်းဆောင်တွေအနေနဲ့ လုံး၀ လက်မခံနိုင်ဘူးလို့ ဒီကနေ့ကျင်းပတဲ့ လူမျိုးပေါင်းစုံ အတူ ယှဉ်တွဲ နေထိုင်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့ ဟောပြောပွဲမှာ မှုဆလင် ဘာသာရေးခေါင်းဆောင် တစ်ဦးက ပြောသွားတာပါ။ အဲဒီပွဲကို တက်ရောက်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတချို့ကလည်း ပဋိပက္ခတွေ ပြေပျောက်ဖို့အတွက် မေတ္တာ တရားကိုသာ ရှေ့တန်းတင်ကြဖို့ မိန့်ကြားခဲ့ပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ် အစောပိုင်းတွေမှာ မြန်မာနိုင်ငံအတွင်း ဘာသာရေးကို အခြေခံတဲ့ ဆူပူမှုတွေ ဖြစ်ခဲ့တဲ့အတွက် လက်ရှိအချိန်မှာတော့ ဘာသာရေးနဲ့ပတ်သက်ပြီး ပြဿနာတွေ ထပ်မဖြစ်အောင် ဆိုပြီး ဘာသာပေါင်းစုံက ခေါင်းဆောင်ပိုင်းတွေက ဟောပြောပွဲတွေ ပြုလုပ်ပြီး အသိပညာပေးမှုတွေ ပြုလုပ်လာတာပါ။

ဒီကနေ့ ညနေပိုင်းမှာလည်း တောင်ဥက္ကလာမြို့နယ်၊ ဇေယျာသိရီ ခန်းမအတွင်းမှာ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ဘာသာကြီး လေးခု က ခေါင်းဆောင်ပိုင်းတွေက လူမျိုးပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပွဲ တစ်ခု ပြုလုပ်ခဲ့ပါတယ်။
အဲဒီပွဲမှာ မူဆလင် သာသနာဗိမာန်က ဘာသာရေးခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးအေးလွင်က နိုင်ငံတကာမှာ ဗုဒ္ဓဘာသာကို အကြမ်းဖက်တယ်လို့ ပြောလာတဲ့ အပေါ်မှာ အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေက လုံး၀ လက်မခံဘူး လို့ ပြောဆိုခဲ့တဲ့အကြောင်း အခုလို ပြောပါတယ်။

“ဗုဒ္ဓဘာသာကို အကြမ်းဖက်ခြင်းနဲ့ နှိုင်းယှဉ်ပြီး လုံး၀ လက်မခံနိုင်ပါဘူးဆိုတာ ကျနော် အဲဒါပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားတော်ရဲ့ အဆီအနစ်ဟာ လုံး၀ အကြမ်းဖက်မှုနဲ့ကို မအပ်စပ် မဆီလျော်တဲ့ဟာပေါ့။ အဲဒီတော့ ဗုဒ္ဓဘာသာကို အကြမ်းဖက်တယ်ဆိုတာကို လုံး၀ လက်မခံသလို၊ ကျနော်တို့ အစ္စလာမ်ရော၊ ခရစ်ယာန်ရော၊ ဟိန္ဒူရော အကြမ်းဖက်မှုလို့ ပြောရင် ကျနော် လက်မခံပါဘူးလို့။ အဲဒီတော့ ဝါဒနဲ့ ဝါဒီကို ခွဲမြင်ရမယ်။ အဲဒီအပြင်ကို ဗုဒ္ဓရဲ့သားတော်များဖြစ်တဲ့ သံဃာတော်များကလည်း မိမိတပည့်သားမြေးများ မတိန်းစောင်းအောင် ထိန်းကျောင်းရမယ့်ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက် သူတို့ တကယ် ကျင့်ကြံအားထုတ်နေသော ပုဂ္ဂိုလ်တွေနဲ့လည်း အကြမ်းဖက်မှုနဲ့ ဘာမှမပတ်သတ်ဘူး။”

မတူညီခြင်းတွေကနေ တူညီမှုတွေရှိရာကိုသွားဖို့နဲ့ မြန်မာနိုင်ငံမှာ အရင်တုန်းကလို ငြိမ်းငြိမ်းချမ်းချမ်း ပြန်နေနိုင်ဖို့ကိုလည်း ဦးအေးလွင်က တိုင်တွန်း ပြောကြားခဲ့ပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ဘာသာရေး ထိပ်ပိုင်းမှာ ပါဝင်နေတဲ့ ခေါင်းဆောင်တွေက ပဋိပက္ခတွေ ထပ်မဖြစ်စေဖို့ ဟောပြောပွဲတွေ အစည်းအဝေးတွေ လုပ်ပြီး အကြမ်းဖက်မှုတွေ ထပ်မံ မဖြစ်ပွားအောင် တိုက်တွန်းနေတာလည်း ဖြစ်ပါတယ်။
ဒီကနေ့ တောင်ဥက္ကလာမှာ ပြုလုပ်တဲ့ပွဲမှာ ဘုန်းတော်ကြီး နှစ်ပါးဖြစ်တဲ့ သီတဂူ ကမ္ဘာ့တက္ကသိုလ်က ဆရာတော် အရှင်တိက္ခသာရ၊ အပြည်ပြည် ဆိုင်ရာ ထေရဝါရ ဗုဒ္ဓတက္ကသိုလ်က ဆရာတော် ဦးပဏ္ဍဝံသတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ဆရာတော် ဦးပဏ္ဍဝံသ ကတော့ ပဋိပက္ခတွေကို မေတ္တာတရား ရှေ့ထားဖို့ အတွက် အဓိက ထားပြီး မိန့်ကြားခဲ့ပါတယ်။

“ငြိမ်းချမ်းရေးဆိုတာ လောဘ ဒေါသ မောဟတွေ ငြိမ်းသွားလို့ရှိရင် အေးချမ်း သာယာတဲ့သဘော။ ဒီသဘောလေးပါပဲ။ ဦးတည်ချက်ကတော့ ဒါပါပဲ။ အဓိက ကတော့ စည်းလုံးမှုပေါ့လေ။ တစ်ယောက်နဲ့တစ်ယောက် မေတ္တာ ထားမှု။ မေတ္တာကန်ပိန်း လို့လည်း ခေါ်တာပေါ့။ မေတ္တာထားဖို့ပေါ့။ အမုန်းတရားတွေ ပယ်ပြီးတော့ မေတ္တာတရား ထားကြဖို့ပေါ့ ဒါပဲပြောခဲ့တာပါ။”

အရှင်တိက္ခသာရ ကတော့ ဘာသာရေးပဋိပက္ခတွေကို အကြောင်းပြုပြီး နိုင်ငံရေးနောက်ကြောင်း ပြန်မလှည့်ဖို့ ပြည်သူအားလုံးမှာ တာဝန်ရှိတယ်လို့ မိန့်ကြားခဲ့ပါတယ်။

“ဒီကနေ့ ပြောကြားခဲ့တာကတော့ ဘာသာတရားတွေအားလုံး အတူတကွ လက်တွဲပြီးတော့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ပြောင်းလဲနေတဲ့ခေတ် ကာလကြီးမှာ ဘာသာရေးပဋိပက္ခ၊ လူမျိုးရေးပဋိပက္ခတွေ နဲ့ နောက်ကျန်မနေဖို့၊ နောက်ပြန်လှည့်မသွားဖို့ ဘာသာတရားအသီးသီး၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဘာသာဝင်တွေ အကုန်လုံး တိုင်းသူပြည်သားတွေနဲ့ အစိုးရ ဟန်ချက်ညီညီ လက်တွဲပြီးတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တခုကို တည်ထောင်နိုင်အောင် အားလုံး လက်တွဲညီညီ ကြိုးစားကြပါလို့ ဒီလောက်ပဲ ပြောခဲ့ပါတယ်။”

မနေ့တုန်းကလည်း "အမုန်းတရားပြန့်ပွားအောင် ပြောဆိုရေးသားမှုများကို တားဆီးခြင်း" ဆိုတဲ့ခေါင်းစဉ်နဲ့ ရန်ကုန်မြို့၊ Chatrium ဟော်တယ် မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကစီစဉ်တဲ့ ဘာသာရေး ဆွေးနွေးပွဲ တစ်ခုလည်း ကျင်းပခဲ့တာပါ။

လူ ၆၀၀ လောက်တက်ခဲ့တဲ့ ဒီကနေ့ပွဲကို တောင်ဥက္ကလာ က ဘာသာပေါင်းစုံ လူငယ်တွေက ဦးစီး ကျင်းပခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG