သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာကူးပြောင်းရေး ဥပဒေလက်မှတ်မထိုးဖို့ သမ္မတ ဦးသိန်းစိန်ကို HRW တောင်းဆို


မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့ ဘာသာကူးပြောင်းရေးဆိုင်ရာ ဥပဒေကြမ်းနဲ့ တလင်တမယားစနစ် ကျင့်သုံးရေး ဥပဒေကြမ်းတွေကို လက်မှတ်မထိုးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုက တောင်းဆိုလိုက်ပါတယ်။

မျိုးစောင့်ဥပဒေ ၄ ခုထဲက နောက်ဆုံးကျန်နေတဲ့ ဒီမူကြမ်း ၂ ခုကို လွှတ်တော်ဘက်က မကြာသေးခင်က အတည်ပြု ပေးလိုက်တာမို့ သမ္မတဘက်ကပါ ဥပဒေဖြစ်အောင် လက်မှတ်ထိုးပေးလိုက်ရင် ခွဲခြားဆက်ဆံမှုပိုများလာပြီး လူ့အသိုင်းအဝိုင်းအကြား တင်းမာမှုတွေ ပိုဆိုးစေနိုင်တယ်လို့ Human Rights Watch အဖွဲ့က ထောက်ပြလိုက်ပါတယ်။ HRW လို့ အတိုကောက်ခေါ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ သုတေသီ David Mathieson ကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က လွှတ်တော်နှစ်ရပ်ပေါင်းက အတည်ပြုပေးလိုက်တဲ့ ဘာသာပြောင်းရေးနဲ့ တလင်တမယား ဥပဒေကြမ်း ၂ ခုဟာ၊ အရင် မေလမှာ ပြဌာန်းခဲ့တဲ့ လူဦးရေးတိုးပွားနှုန်းထိန်းညှိရေး ဥပဒေနဲ့ ဇူလိုင်လမှာ ပြဌာန်းခဲ့တဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ ၂ ခု ရဲ့ နောက်ဆက်တွဲ ဖြစ်ပါတယ်။ ဒီဥပဒေ ၄ ခုကို မျိုးစောင့် ဥပဒေခေါင်းစဉ်ကြီးအောက်မှာ မဘသလို့ လူသိများတဲ့ အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေး အသင်းက သမ္မတကနေတဆင့် လက်မှတ်ထိုး စာရေးပြီး ၂၀၁၃ ခုနှစ် နှောင်းပိုင်းထဲက တင်သွင်းခဲ့တာပါ။ ပြည်တွင်း၊ ပြည်ပ ဝေဖန်မှုတွေကြောင့် ဒီဥပဒေတွေကို အမြန်အတည်မပြုနိုင်ပဲ၊ အချိန်ယူလာပေမဲ့ အခုတော့ မြန်မြန်ဆန်ဆန် အတည်ပြုပြဌာန်းဖို့ လုပ်လာတာ ထူးခြားနေတယ်လို့ လူ့အခွင့်အရေး သုံးသပ်သူတွေက ဆိုပါတယ်။

HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က မြန်မာအခြေစိုက် သုတေသီ David Mathieson က ဘာကြောင့် ဒီနောက်ဆုံး ဥပဒေ ၂ ခုကို အခု ရွေးကောက်ပွဲ နီးလာချိန်မှာကပ်ပြီး သမ္မတဘက်က လက်မှတ်မထိုးပေးဖို့ တောင်းဆိုရတဲ့ အကြောင်းရင်းက တင်းမာမှုတွေ ပိုများလာမှာ စိုးရိမ်လို့ပါလို့ ထုတ်ပြောလိုက်ပါတယ်။

“လူ့အခွင့်အရေးစောင့်ကြည်ရေးအဖွဲ့ အနေနဲ့ အထူးစိုးရိမ်မိလို့ပါ။ အခု ဥပဒေ ၄ ခု လုံးပေါ့နော်၊ အရင် ပြဌန်းပြီး ဥပဒေ ၂ ခုနဲ့ အခု အတည်ပြုပေးဖို့ သမ္မတရုံးကိုရောက်မယ့် ဥပဒေကြမ်း ၂ ခု၊ ဒါတွေက မြန်မာဥပဒေကိုရော နိုင်ငံ တကာ စာချုပ်တွေနဲ့ လူ့အခွင့်အရေး ဥပဒေတွေကိုပါ ဆန့်ကျင်နေတယ်ဗျ။ တကယ်လို့ ဒီဥပဒေတွေအားလုံး အတည်ဖြစ်သွားရင် လူ့အသိုင်းအဝိုင်း အချင်းချင်းအကြား နဂိုရှိပြီးသား တင်းမာမှုတွေ ပိုဆိုးသွားစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လူနဲစုအခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးတွေကို ခြိမ်းခြောက်နေလို့လေ။”

အဲဒီတော့ အရင် မေလနဲ့ ဇူလိုင်လမှာ လွှတ်တော်က အတည်ပြုအပြီး၊ သမ္မတကပါ လက်မှတ်ထိုးပေးတဲ့ လူဦးရေထိန်းညှိမှု ဥပဒေနဲ့ လက်ထပ်မှု ဥပဒေတွေတုန်းက တင်းမာမှု ပြင်းထန်လာတာ မတွေ့ခဲ့ရတာကြောင့် ခုချိန်မှာမှ ဘာလို့ အခုလို တင်းမာလာမှာ စိုးရိမ်ရပါလဲလို့ မေးရာမှာ သုတေသီ David Mathieson ကပဲ နောက်ဥပဒေ ၂ ခုထပ်ပေါင်းပြီး၊ အားလုံး အတည်ဖြစ်တာကြောင့် ပိုဆိုးသွားနိုင်တာကြောင့်ပါလို့ ဆိုပါတယ်။

“သမ္မတအနေနဲ့ ဒီဥပဒေကြမ်း ၂ ခု၊ တလင်တမယားစနစ်ကျင့်သုံးရေးဥပဒေကြမ်းနဲ့ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းတွေကိုပေါ့လေ၊ လက်မှတ်ထိုးပေးလိုက်ရင် ဒီ ဥပဒေ ၄ ခုလုံး တပေါင်းထဲအပြီးသတ် အတည်ပြုပေးပြီးသား ဖြစ်သွားမှာပေါ့နော်။ ဒါဆိုရင် ဒေသခံအာဏာပိုင်တွေနဲ့ ဒေသခံ ဘာသာရေး အစွန်းရောက်သူတွေအနေနဲ့က ဒီဥပဒေတွေကို လက်တွေ့ ကျင့်သုံးခြင်းအားဖြင့် နဂိုထဲက ပြင်းထန်ပြီးသားဖြစ်နေတဲ့ လူနဲစု ဘာသာရေး အဖွဲ့ဝင်တွေအပေါ် ဖိနှိပ်ထားတဲ့ စနစ်က ပိုဆိုးသွားမှာဗျ။”

မနေ့က ထုတ်ပြန်ခဲ့တဲ့ ဒီ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ကြေညာချက်ထဲမှာလည်း ဒီ မျိုးစောင့် ဥပဒေအားလုံးကို ဗုဒ္ဓဘာသာ အများစုပါတဲ့ ဒေသခံ အုပ်ချုပ်ရေးနဲ့ မြို့မိမြိုဘတွေက လက်တွေ့သုံးပြီး ဘာသာခြား မူဆလင်ဘာသာဝင်တွေကို ခွဲခြား၊ ဆန့်ကျင် အမိန့်ချတာတွေ လုပ်လာနိုင်တာမို့ အထူးသဖြင့် နိုင်ဝင်ဘာမှာလုပ်မယ့် ရွေးကောက်ပွဲနီးလာချိန်မှာ လူ့အသိုင်းအဝိုင်းကြားမှာ တင်းမာမှုတွေ ပိုဆိုးလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီ ဥပဒေ အတည်ဖြစ်ရင် အသက် ၁၈ ပြည့်ပြီး ဘာသာကူးပြောင်းလိုသူတွေအနေနဲ့ ဒေသဘုတ်အဖွဲ့မှာ အကြောင်းပြချက်ပေးပြီး လျှောက်လွှာတင်ရမယ်၊ ပြီးရင် ရက် ၉၀ အတွင်းမှာ ကူးပြောင်းမယ့် ဘာသာရေးဆိုင်ရာ လက်ထပ်မှု၊ အိမ်ထောင်ခွဲမှု၊ အမွေခွဲမှုဆိုင်ရာ ထုံးတမ်းစဉ်လာတွေကို လေ့လာပြီး ဒီ ဘုတ်အဖွဲ့က လူတွေ့မေးတာ ဖြေရမယ်၊ နောက်ဆုံး ဒီဘုတ်အဖွဲ့ ခွင့်ပြုချက်ရမှ ဘာသာကူးပြောင်းခွင့် လက်မှတ်ရမှာဖြစ်တယ်လို့ HRW အဖွဲ့ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီတော့ အခုလိုအချိန်မှာ ဘာကြောင့် ဒီ မျိုးစောင့် ဥပဒေ ၄ ခုလုံးအတည်ဖြစ်ဖို့ လွှတ်တော်နဲ့ အစိုးရဘက်ကပါ ကြိုးပမ်းလာရပါလဲလို့ မေးရာမှာ David Mathieson က -

“မူဆလင် ဆန့်ကျင်ရေး အစွန်းရောက်လူမျိုးရေးဝါဒ တနိုင်ငံလုံး မြင့်မားလာချိန်မှာ နိုင်ငံရေးသမားတွေကလည်း သူတို့အာဏာထိန်းနိုင်အောင် ကစားတာပါပဲ။ ဒီမဘသ အဖွဲ့ကို နိုင်ငံရေးသမားတွေက မဆန့်ကျင်ရဲဘူးလေ။ သူတို့မဲတွေဆုံးသွားမှာ စိုးတာပါနိုင်ပါတယ်၊ ဒါပေမဲ့ ဒီဥပဒေတွေကို ထောက်ခံပေးလိုက်ရင် မဲတွေပိုရမယ်လို့ ယူဆပြီး အခုအချိန်မှာ လုပ်တာဖြစ်ဖို့ ပိုများပါတယ်။”

ဒါ့အပြင် တလင်တမယားစနစ် ဥပဒေကြောင့်လည်း အမျိုးသမီးတွေအတွက် နစ်နာစေနိုင်တာရှိတယ်၊ အဲ့ဒါက မတရားကျင့်ခံရလို့ တရားရုံးတက်ရင် တရားခွင်မှာ ရှုံးသွားပါက အလိုတူအလိုပါဆိုပြီး တလင်တမယားစနစ်ကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံရမှာစိုးတာကြောင့် တရားဝင်တိုင်ကြားနိုင်မှု အားနည်းသွားနိုင်တယ်လို့ ဒီ လူ့အခွင့်အရေးအဖွဲ့က ထောက်ပြထားပါတယ်။

XS
SM
MD
LG