သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုဒ္ဓဘာသာဝင်များ ထိမ်းမြားခြင်းဥပဒေ အမျိုးသားလွှတ်တော် အတည်ပြု


အမျိုးသားလွှတ်တော်၊ နေပြည်တော်။
အမျိုးသားလွှတ်တော်၊ နေပြည်တော်။

ဝေဖန်မှုတွေရှိတဲ့ မျိုးစောင့်ဥပဒေ ၄ခုထဲက မြန်မာဗုဒ္ဓဘာသာဝင်များ အထူး ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းမှာ ဘာသာခြား တဦး အနေနဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်တဦးကို လက်ထပ်ခြင်း၊ ကွာရှင်းခြင်း၊ သားသမီး ထိန်းသိမ်းခြင်းနှင့် အိမ်ထောင်ရေး ဆိုင်ရာ အငြင်းပွားသည့် ကိစ္စရပ်တို့ကို ဆုံးဖြတ်ချက်ချမယ်ဆိုပါက မည်သည့် ဥပဒေ၊ ဓလေ့ထုံးတမ်း တို့နှင့်မှ ဆုံးဖြတ်ပိုင်ခွင့်ပေးမှာ မ ဟုတ်ဘဲ မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူး လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ပဲ ဆုံးဖြတ်ရမယ်လို့ ပါဝင်ထားပြီး ဒီဥပဒေကို မေလ ၂၇ရက်နေ့ကကျင်းပခဲ့တဲ့ အမျိုးသား လွှတ်တော်မှာ ဒီဥပဒေကို အတည်ပြုခဲ့ပါတယ်။ ဒီဥပဒေအပေါ် လွှတ်တော် အမတ်တချို့ရဲ့သဘောထားနဲ့ လူ့အခွင့်အရေးအဖွဲ့ တချို့ရဲ့ တုန့်ပြန်ချက်တွေ ကို စုစည်းပြီး ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ဒီဥပဒေကို မေလ ၁၈ရက်နေ့က အမျိုးသားလွှတ်တော်မှာဆွေးနွေးခဲ့ပြီး မနေ့က အတည်ပြုလိုက်တာပါ။ ဒီဥပဒေကြမ်းဟာ ဗုဒ္ဓဘာသာဝင် မိန်းမတစ်ဦးကို ဘာသာခြား အမျိုးသားယောကျ်းတစ်ဦးက ထိမ်းမြားလက်ထပ်တဲ့ အခါ ကျင့်သုံးရမယ့် ဥပဒေကြမ်းတခုဖြစ်ပါတယ်။ ဒီဥပဒေကို ဝေဖန်မှုတွေရှိနေဆဲဖြစ်ပေမယ့် အမျိုးသားလွှတ်တော်က ဒါကို အတည်ပြုခဲ့တာဖြစ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတဦး အနေနဲ့ ဘာသာခြားတဦးနဲ့ လက်ထပ်မယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံမှာ မှတ်ပုံတင်ရမှာဖြစ်ပြီး ကန့်ကွက်သူမရှိမှ အုပ်ချုပ်ရေးမှူး က ထိမ်းမြားလက်ထပ်ပေးခွင့်ရှိတယ်လို့လည်း ပါရှိပါတယ်။

ဒီဥပဒေမှာ ဗုဒ္ဓဘာသာမဟုတ်တဲ့ ယောက်ျားကမိန်းမဖြစ်သူ ( ဗုဒ္ဓဘာသာဝင် အမျိုးသမီး) ကို ကိုယ်ထိလက်ရောက် ညှဉ်းပန်း နှိပ်စက်ခြင်း၊ အပြုအမူအားဖြင့် စိတ်ဆင်းရဲအောင် ပြုလုပ်ခြင်းနဲ့အကြမ်းဖက်ခြင်းတို့ ပြုလုပ်ပါက အမျိုးသမီးမှ သက်ဆိုင်ရာသို့ တိုင်ကြားနိုင် ပြီး ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ယောက်ျား မှာ ထောင်ဒဏ် ၂ နှစ် (သို့) ငွေဒဏ် သိန်း ၂၀ ကို တရားရုံးသို့ ပေးဆောင်ရမယ်လို့ ပါဝင်ပါတယ်။း၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးရဲ့ယုံကြည် ကိုးကွယ်ရာ ဗုဒ္ဓရုပ်ပွားပုံတော်များ၊ ဆင်းတုတော် များ၊ စေတီပုထိုး ပုံတော်များ ၊ ဗုဒ္ဓဘာသာ ရဟန်းပုံတော်များ ထားရှိကိုးကွယ်ခြင်းနှင့် ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းတို့၏ အသုံး အဆောင်များကို နေအိမ်တွင် ထားရှိခွင့်ပြုရမည် ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်ဆိုင်ရာ ကိစ္စရပ် အားလုံးကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးရမည်လို့ဥပဒေမှာပါဝင်ပါတယ်။

ဒီဥပဒေဟာ ကာလဒေသအရပေါ်ထွန်းလာတဲ့ ဥပဒေတခုဖြစ်ကြောင်း မြန်မာ ဗုဒ္ဓဘာသာဝင်အချို့မှာ ဘာသာခြားနဲ့ လက်ဆက် ပြီး ပါက ယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓရုပ်ပွားပုံတော်များ၊ ဆင်းတုတော်များ၊ စေတီပုထိုးပုံတော်များ ၊ ဗုဒ္ဓဘာသာ ရဟန်းပုံတော်များ ထားရှိကိုးကွယ်မှုကို ကန့်ကွက်ခံရမှုတွေရှိခဲ့ကြောင်းဒီလို သာဓကတွေကြောင့် အခုလို ဥပဒေပေါ်ပေါက်လာရတာဖြစ်တယ်လို့ အမျိုးသား လွှတ်တော် အမတ် ဦးလှဆွေက ခုလိုပြောပါတယ်။

"အခြားဘာသာတွေရဲ့ အခြားနိုင်ငံတွေမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့စာရင် ဒါက တော်တော်ပျော့နေပါသေးတယ်။"

ဒီအပြင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတဦးကို အခြားဘာသာသို့ အတင်းအကျပ်ပြောင်း ကိုးကွယ်စေသူ အား ချမှတ်တဲ့ ထောင်ဒဏ် ချမှတ်နိုင်ကြောင်း ဥပဒေမှာဖော်ပြ ထားပါတယ်။ မူလက ဘာသာပြောင်း ကိုးကွယ်စေသူအား ချမှတ်တဲ့ ထောင်ဒဏ်ကို ယခင်က ၅နှစ်သတ်မှတ်ထားပေမယ့် အခု အခါ ၂နှစ်သို့ပြင်ဆင်လိုက်ကြောင်း လွှတ်တော်အမတ်တွေကပြောပါတယ်။

ဒီဥပဒေပေါ်ပေါက်လာတာဟာ မူစလင်ဘာသာနဲ့ ပတ်သတ်ပြီး ဖြစ်တည်ပေါ်ပေါက် လာတာဖြစ်ပေမယ့် အခြားဘာသာ ဝင်တွေအပေါ်မှာပါ ရိုက်ခတ်မှုတွေ ရှိနေခဲ့တယ်လို့ ချင်းတိုးတက်ရေးပါတီ အမျိုးသားလွှတ်တော်အမတ် ဦးစတီဖင်ဆာဆိတ် ကပြောပါ တယ်။

"ကျနော်တို့ မဆိုင်တဲ့ တိုင်းရင်းသား အဖွဲ့အစည်း ၊ မဆိုင်တဲ့ ဘာသာရေးဘက် ကလည်း နည်းနည်းလေးတော့ အကုန်လုံး ကသိကအောက် ထိခိုက်တဲ့ သဘောပေါ့။ ပြဿနာ မပေါ်တဲ့ဟာလည်း ပေါ်အောင် လုပ်တယ်ဆိုတဲ့ သဘော။ ကာကွယ်သင့်တဲ့အရာ တခုလို့ပဲ ကျနော့်အနေနဲ့မြင်တယ်။ ဒါပေမဲ့ တခုတော့ ရှိတာပေါ့။ ကျနော်တို့ ကျန်တဲ့ အမျိုးသမီး ကျန်တဲ့ဘာသာ ကျန်တဲ့လူမျိုး နဲ့ပတ်သက်လို့ကတော့ ဒါက မလိုအပ်ပဲနဲ့ လာပြီးတော့ ပြဿနာက လာပြီးတော့ ရိုက်တာပေါ့။ အကုန်လုံးပေါ့နော့်။"

အမျိုးသမီးရေးလှုပ်ရှားသူအချို့ကလည်း ဒီဥပဒေအပေါ်ကိုလက်မခံတာ တွေရှိပြီး Rainbow အဖွဲ့က အမျိုးသမီးအရေး ပါဝင်လှုပ်ရှားသူတဦးက ဒီဥပဒေမှာ ကန့်သတ်မှုတွေရှိတယ်လို့ခုလိုပြောပါတယ်။

"ကျမတို့ တချိန်လုံး ကျမတို့ရှေ့က အစဉ်အဆက်ပေါ့နော် ကျမတို့ မိဘတို့က အစ အစဉ်အဆက်ပေါ့နော်။ ကန့်သတ်ချက်တွေ နဲ့ ဘောင်ခတ်ခံ ထားရတယ်။ အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့် ဆုံးရှုံးတယ်ပေါ့နော်။ ဥပဒေအရ ကန့်သတ်ထားတဲ့ အခါကျတော့ အမျိုးသမီးတွေ တွေအတွက်ကို ဒါက အရမ်းကြီးကို ခွဲခြားထား သလိုများဖြစ်နေမလားလို့ ကျမကတော့ အဲ့လိုမြင်ပါတယ်ရှင့်

ဥပဒေမှာ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အမျိုးသားတစ်ဦးဟာ ဥပဒေကြမ်းပါ ပြဌာန်းချက် တစ်ခုခုကို ဖောက်ဖျက်ခဲ့ရင် အနည်းဆုံး ထောင်ဒဏ် ၆ လကနေ ၃ နှစ်အထိ ချမှတ်နိုင်သလို အများဆုံး ငွေဒဏ် ၅သိန်း ဒါမှမဟုတ် ဒဏ်နှစ်ရပ် လုံးဖြစ်စေ ကျခံရမှာဖြစ်ပါတယ်။ လက်ရှိမှာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ကလည်း အတည်ပြုပြီးဖြစ်တဲ့အတွက် ပြည်ထောင်စု လွှတ်တော်ထံ ပေးပို့ မှာဖြစ်ပြီး နိုင်ငံတော် သမ္မတက လက်မှတ်ထိုးပါက ဒီဥပဒေဟာ အတည်ဖြစ် လာမှာပါ။ ဒီဥပဒေ အတည်ဖြစ်ပါက မူလ တည်ဆဲဥပ ဒေဖြစ်တဲ့ ၁၉၅၄ အထူး ထိမ်းမြားခြင်း ဥပဒေဟာပယ်ဖျက်မှာဖြစ်ပြီး ဒီဥပဒေအတိုင်းသာ လိုက်နာရမှာဖြစ်ပါတယ်။

XS
SM
MD
LG