သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျိုးစောင့်ဥပဒေ HRW ဝေဖန်


ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ လွတ်လပ်စွာ လက်ထပ်ထိမ်းမြားခြင်းကို တားမြစ်တဲ့ မျိုးစောင့်ဥပဒေ ပြဌာန်းဖို့ အဆိုပြုချက်ကို သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်း တို့အနေနဲ့ လက်မခံဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Human Rights Watch က တိုက်တွန်းလိုက်ပါတယ်။

အစိုးရခေါင်းဆောင်တွေအနေနဲ့ ဒီအဆိုပြုချက်ကို လုံး၀ ပယ်ချမယ့်အစား ဒီအဆိုပြုချက်နဲ့ဆိုင်တဲ့ ဥပဒေမူကြမ်း ရေးဆွဲကြဖို့ တခြား ဝန်ကြီးဌာနတွေဘက်ကို တာဝန်လွှဲပေးလိုက်တဲ့ အပေါ်မှာလည်း သူတို့အနေနဲ့ စိတ်ပျက်မိကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

သံဃာတချို့နဲ့ ဗုဒ္ဓဘာသာဝင်တချို့ စုပေါင်းအဆိုပြုခဲ့တဲ့ မျိုးစောင့်ဥပဒေ ပြဌာန်း သင့် မသင့် လွှတ်တော်မှာ ဆွေးနွေးမှုတွေ ရှိနေချိန်မှာပဲ Human Rights Watch အဖွဲ့က မတ်လ ၂၄ ရက်နေ့ နေ့စွဲနဲ့ အခုလို ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဘဒ္ဒန ္တ တိလောကာဘိဝံသ အင်းစိန် ရွာမ ဆရာတော်က မျိုးစောင့် ဥပဒေ ၄ ရပ်ကို ပြဌာန်းပေးဖို့အတွက် လက်မှတ် ၁၃ သိန်းနဲ့အတူ သူ့ထံ တင်ပြလာတာကို သမ္မတ ဦးသိန်းစိန်က ဥပဒေများ ပြဌာန်းပေးရေး လွှတ်တော်ထံကို တဆင့် ပေးပို့ခဲ့ပါတယ်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ မူလ အဆိုပြုချက်အရ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေဟာ ဘာသာတူ အချင်းချင်းသာ လက်ထပ်ထိမ်းမြားခွင့်ရှိပြီး ကိုယ်နဲ့ လက်ထပ်မယ့်သူဟာ ဘာသာခြား ဖြစ်ခဲ့မယ်ဆိုရင် အဲဒီသူဟာ ဗုဒ္ဓဘာသာကို အရင်ကူးပြောင်းပြီးတော့မှ လက်ထပ်ခွင့်ရှိကြောင်း ဖော်ပြထားသလို၊ ဒီပြဌာန်းချက်ကို ချိုးဖောက်မယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ်နဲ့အတူ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေကိုပါ သိမ်းယူခံရမှာ ဖြစ်ပါတယ်။

ဒါဟာ အမျိုးသမီးတွေ သူတို့နှစ်သက်သူကို လက်ထက်ထိမ်းမြားခွင့် ဟန့်တားထားတဲ့အတွက် အမျိုးသမီးတွေအပေါ် ခွဲခြား ဆက်ဆံမှု ဖြစ်တဲ့အတွက် ဒီဥပဒေမျိုး မြန်မာအစိုးရက ပြဌာန်းဖို့ ကြိုးစားတာဟာ အံ့သြစရာပဲလို့လည်း Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams က ပြောပါတယ်။

“ဒီအဆိုပြုချက်ကို လုံး၀ ပယ်ချမယ့်အစား အစိုးရနဲ့ လွှတ်တော်ခေါင်းဆောင်တွေက တခြားလူတွေလက်ထဲကို လွှဲချလိုက်ကြတယ်။ ဒါဟာ အဓိပ္ပါယ်မရှိတဲ့ အဆိုပြုချက်ဖြစ်တယ်။ အခုလို ခွဲခြား ဆက်ဆံတဲ့ ဥပဒေမျိုးကို မြန်မာအစိုးရအနေနဲ့ ပြဌာန်းမှာ မဟုတ်ဘူးဆိုပြီး သူတို့ဘက်က အတိအလင်း မပြောကြဘူး။”

ပြည်ထောင်စု လွှတ်တော်က သမ္မတ ပေးပို့လာတဲ့ မျိုးစောင့် ဥပဒေ ပြဌာန်းနိုင်ရေး အချက်တွေကို အစိုးရဝန်ကြီးဌာနတွေနဲ့ ပြည်ထောင်စု တရားဥပဒေချုပ်ရုံးတို့ကို ပြန်လည် တာဝန် ချထားပေးခဲ့တာပါ။ အဲဒီလို ခွဲဝေပေးတဲ့အထဲ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာကို သာသနာရေး ဦးစီးဌာန၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာနဲ့ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာကို ပြည်ထောင်စု တရားဥပဒေချုပ်ရုံး၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာကို လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနတို့က ဥပဒေကြမ်းတွေ ရေးဆွဲပြီး လွှတ်တော်ကို ပြန်တင်ပြဖို့ ပြန်အကြောင်းကြားလိုက်တာ ဖြစ်ပါတယ်။

သမ္မတရဲ့ အဆိုပြုချက်ကို ပြည်ထောင်စု လွှတ်တော်က လက်ခံခြင်း၊ အတည်ပြုခြင်း မလုပ်ဘဲ ဥပဒေမူကြမ်းရေးဆွဲဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ပြန်လက်လွှဲလိုက်တဲ့အတွက်လည်း အခုလို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ ထောက်ပြ ပြောဆိုစရာ ဖြစ်လာတာပါ။

တချိန်က အမေရိကန်ပြည်ထောင်စုမှာ လူမဲတွေကို ကျွန်အဖြစ်နဲ့ ခွဲခြား အုပ်ချုပ်တဲ့ ဥပဒေရှိခဲ့ပေမဲ့ ပြည်သူအများစုရဲ့ သဘောဆန္ဒကို လိုက်လျောခြင်းမရှိဘဲ တိုင်းပြည်ခေါင်းဆောင်တွေက မှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ် ရပ်တည်ခဲ့တဲ့အတွက် အဲဒီ ခွဲခြားအုပ်ချုပ်မှု အဆုံးသတ်သွားခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ သမိုင်းကို ဥပမာပေးပြီးတော့ Brad Adam က အခုလို ဆက်ပြောပါတယ်။

“ကျနော်ဟာ အမေရိကန်နိုင်ငံသား တယောက်ပါ။ ကျနော်တို့ တိုင်းပြည်မှာ ကျွန်စနစ်ကို သမိုင်းကြောင်းနဲ့ချီပြီး နှစ်ပေါင်းများစွာ အသုံးပြုခဲ့ပါတယ်။ အဲဒီနောက်မှာလည်း လူမဲတွေအပေါ် ခွဲခြားအုပ်ချုပ်တဲ့ ဥပဒေတွေကို ပြဌာန်းခဲ့ပြန်ပါတယ်။ တကယ်တော့ လူထုရဲ့ အမြင်ကို ပြောင်းလဲဖို့ နိုင်ငံရေးအရ ခေါင်းဆောင်မှု ပေးနိုင်ဖို့ လိုပါတယ်။ တကယ်လို့ ကျနော်တို့အနေနဲ့ လူထုရဲ့ အမြင်တွေ ပြောင်းလဲလာတာကိုပဲ စောင့်နေမယ်ဆိုရင် ကျနော်တို့ရဲ့ ဥပဒေတွေကိုလည်း ပြောင်းလဲနိုင်မှာ မဟုတ်သလို၊ Barack Obama လို လူမဲသမ္မတလည်း ရှိလာမှာ မဟုတ်ပါဘူး။ နိုင်ငံရေးခေါင်းဆောင်တွေမှာ လူထုကို ဦးဆောင်မှုပေးနိုင်တဲ့ အခြေခံသဘောတရား ရှိသင့်ပါတယ်။ သမ္မတမှာ အဲဒီလို အခြေခံသဘောတရား ရှိသင့်သလို၊ လွှတ်တော်အမတ်တွေ၊ ဒေါ်အောင်ဆန်းစုကြည်လို အတိုက်အခံတွေမှာ ရှိဖို့အတွက်လည်း ကျနော်တို့ မျှော်လင့်ပါတယ်။”

တကယ်လို့ ဒီဥပဒေကို ပြဌာန်းလိုက်မယ်ဆိုရင် နိုင်ငံတကာ အသိုင်းဝိုင်းကြားမှာ မြန်မာနိုင်ငံ ဝိုင်းအပယ်ခံရနိုင်သလို မြန်မာနိုင်ငံကို အကူအညီပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း ဒီလို ခွဲခြား ဆက်ဆံတဲ့ ဥပဒေမျိုး မြန်မာနိုင်ငံမှာ ပြဌာန်းမယ်ဆိုရင် မြန်မာကိုပေးနေတဲ့ အကူအညီ အထောက်အပံ့တွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးနိုင်တယ် ဆိုတာမျိုး သတိပေး ပြောဆိုကြဖို့လည်း Human Rights Watch အဖွဲ့က တိုက်တွန်းထားပါတယ်။

မျိုးစောင့် ဥပဒေ တင်ပြချက်တွေထဲက ဥပဒေ ၂ ရပ် ဖြစ်တဲ့ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာတို့အတွက် သမ္မတက ကော်မရှင်ဖွဲ့ လုပ်ဆောင်ဖို့ ပြောဆိုထားပြီးဖြစ်ပြီး အဲဒီ ကော်မရှင်ထဲမှာ ဘာသာပေါင်းစုံကလူတွေ ပါဝင်မှာဖြစ်တဲ့အကြောင်း အခုလဆန်းပိုင်းတုန်းကပဲ သမ္မတရုံးတာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG