သုံးရလွယ်ကူစေသည့် Link များ

ဗုဒ္ဓဘာသာမိန်းမများ ထိမ်းမြားခြင်းဥပဒေကြမ်း အမျိုးသားလွှတ်တော်ဆွေးနွေး


မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ပြန်လည်ဆွေးနွေးနေကြရာမှာ၊ ဥပဒေကြမ်းပါ စာသားအချို့ ပြင်ဆင်ဖို့ လွှတ်တော်ဥပဒေကြမ်းကော်မတီမှာ ဒီကနေ့ ကြားနာပွဲပြုလုပ်ပါတယ်။

လွှတ်တော်အမတ်တွေကြားမှာတော့ ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိနေဆဲပါ။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မျိုးစောင့်ဥပဒေလို့ လူသိများကြတဲ့ ဥပဒေကြမ်းလေးခုထဲက တခုဖြစ်တဲ့ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုပြီးတဲ့နောက် အခု အမျိုးသားလွှတ်တော်မှာ ဆွေးနွေးနေကြတာပါ။ ဒီဥပဒေကြမ်းဟာ ဖွဲ့စည်းပုံပါ အချက်အလက်တွေနဲ့ ကွဲလွဲတာကြောင့် ဥပဒေကြမ်းပါ အချက်အချို့ကို ပြင်ဆင်ဖို့ လိုတယ်လို့ ဒီကနေ့ လွှတ်တော်ကော်မတီ ကြားနာပွဲအတွင်း ဆွေးနွေးတင်ပြခဲ့တယ်လို့ အမျိုးသားလွှတ်တော်အမတ် ဦးသိန်းဆွေက ဗွီအိုအေကို ပြောပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ပုဒ်မ ၆ (င) ပေါ့နော်၊ နိုင်ငံတော်မှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ လောကပါလ ထွန်းကားဖို့။ နောက် ပုဒ်မ ၂၁ (က) မှာ နိုင်ငံသားတိုင်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သတ်မှတ်ပြဌာန်းထားတဲ့ တန်းတူညီမျှမှု အခွင့်အရေးတွေ၊ လွတ်လပ်မှု အခွင့်အရေးတွေ၊ တရားမျှတမှု အခွင့်အရေးတွေ ခံစားခွင့်ရှိတယ်ဆိုတဲ့အကြောင်း ပုဒ်မ ၃၄၇ မှာ နိုင်ငံတော်ဟာ မည်သူ့ကိုမဆို ဥပဒေအရာမှာ တန်းတူညီမျှ အခွင့်အရေး ရှိရမယ်၊ ဥပဒေရဲ့ အကာအကွယ်ကို တန်းတူညီမျှ ရပိုင်ခွင့် ပေးရမယ်။ နောက်တခုကတော့ ပုဒ်မ ၃၄၈ မှာ နိုင်ငံတော်ဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ၊ ချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။ နောက်တခုကတော့ ကျနော်တို့ ပုဒ်မ ၃၆၂ မှာလည်း နိုင်ငံတော်ဟာ ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာ၊ နတ်ကိုးကွယ်သော ဘာသာတို့ကို ဖွဲ့စည်းပုံအခြေခံ အာဏာတည်တဲ့နေ့မှာ နိုင်ငံတော်မှာ ရှိနေတဲ့ ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုတယ်၊ နောက်တခုက ပုဒ်မ ၃၆၄ မှာ နိုင်ငံရေးကိစ္စ အလို့ငှာ ဘာသာ၊ သာသနာကို အလွဲသုံးစား မလုပ်ရ၊ ထို့အပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်လည်းကောင်း တဖက်နဲ့တဖက်၊ တဂိုဏ်းနဲ့တဂိုဏ်း၊ မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တမျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်တဲ့၊ သို့မဟုတ်၊ ပေါ်ပေါက်လာရန် အကြောင်းရှိတဲ့ အပြုအမူဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်ဆိုတာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ အချက်တွေ အပေါ်မှာ ကျနော်တို့က အခြေခံပြီးတော့ နိုင်ငံတကာရဲ့ စံနှုန်းတွေ၊ လူ့အခွင့်အရေး စံနှုန်းတွေကို သုံးသပ်ပြီးတော့ ဒီဥပဒေကို ကျနော်တို့ အနေနဲ့ ရေးဆွဲ့ဖို့ လိုတယ်ဆိုတဲ့ ရှုဒေါင့်ကနေပြီးတော့၊ ဦးမင်းဦးတို့ ကျနော်တို့ကနေပြီးတော့ ဆွေးနွေးကြတယ်ပေါ့။”

အခု ဥပဒေကြမ်းအပါအ၀င် မျိုးစောင့်ဥပဒေတွေလို လူသိများကြတဲ့ ဥပဒေကြမ်းတွေဟာ အမျိုးသမီးအခွင့်အရေးကို ထိခိုက်စေသလို၊ ဘာသာရေးအရ ခွဲခြားမှု ဖြစ်စေလိမ့်မယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ယူဆကြပါတယ်။ ဒါပေမဲ့ အခု ဥပဒေကြမ်းဟာ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် ဖြစ်ပါတယ်လို့ အမျိုးသားလွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်က ယူဆပါတယ်။

“ကျမသဘောထားကတော့ အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံရေးအတွက် နိုင်ငံတကာ၊ worldwide အနေနဲ့ ဆိုရင်လည်း သူတို့ နိုင်ငံအသီးသီး၊ ဘာသာအသီးသီးမှာ သူ့တို့ဟာနဲ့သူတို့ ရှိကြပြီးသား။ ကျမတို့ ဘာသာကြီး ၄ ခုပဲ တွက်လို့ရှိရင် ကျန်တဲ့ အစ္စလာမ်၊ ခရစ်ယာန်၊ နောက်ပြီးတော့ ဟိန္ဒူ စသဖြင့် သူတို့ဟာသူတို့ ခုနှစ်သက္ကရာဇ်တွေနဲ့၊ သူတို့ ဥပဒေတွေနဲ့၊ ပြဌာန်းချက်တွေနဲ့ ရှိပြီးသား။ ကျမတို့က ၁၉၅၄ တော့ရှိတယ်။ သို့သော်လည်း အသက်မ၀င်ဘူး။ နောက်တခါကျတော့ အခုအချိန်နဲ့ သဟဇာတ မဖြစ်တော့ဘူး။ အဲဒီကျတဲ့အခါ ကျမတို့က လိုအပ်တဲ့ အကြံဥာဏ်တွေနဲ့ လိုအပ်တဲ့ အခြေအနေတွေနဲ့ စုပေါင်းပြီးတော့မှ အမျိုးသမီးတွေအတွက် လုံခြုံမှုရှိမယ့် ဥပဒေတခုကို ကျမတို့က တောင်းဆိုတာပေါ့နော်။”

ဗုဒ္ဓဘာသာဝင်တဦးလည်းဖြစ်တဲ့ လွှတ်တော်အမတ် ဦးသိန်းဆွေကတော့ ဒီဥပဒေကြာင့် ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကို ထိခိုက်မှာလည်း စိုးရိမ်နေတာတွေ့ရပါတယ်။ ဒီဥပဒေ အတည်ဖြစ်လာရင် လက်တွေ့ ကျင့်သုံးဖို့ အခက်အခဲရှိမယ်လို့ သူက ယူဆပါတယ်။

“ကျနော်တို့ ဥပဒေတခု ပြဌာန်းပြီးပြီဆိုရင်၊ ဒီဥပဒေဟာ ကျနော်တို့ နိုင်ငံသူနဲ့ နိုင်ငံသားတွေအပေါ်မှာ အကျိုးရှိဖို့တော့လိုတယ်။ နောက် ဒီဥပဒေရဲ့ သက်ရောက်မှု ရှိဖို့တော့ လိုတယ်လေ။ အဲဒီတော့ ဥပဒေပြဌာန်းပြီး၊ ဒီဥပဒေ သက်ရောက်မှုကို ပီပီပြင်ပြင် မလုပ်နိုင်ဘူးဆိုရင်တော့ ကျနော်တို့ ဥပဒေတွေကို ပြဌာန်းတာတော့ အဟောသိကံ ဖြစ်မယ်ပေါ့နော်။”

မျိုးစောင့်ဥပဒေကြမ်း လေးခုထဲမှာတော့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူဦးရေတိုးပွားမှု ထိန်းချုပ်ရေးဥပဒေကြမ်းတခုကိုပဲ ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုပြီးဖြစ်ပါတယ်။ ဒီ ဥပဒေကြမ်းတွေဟာ လွတ်လပ်စွာကလေးမွေးဖွားခွင့် အမျိုးသမီးအခွင့်အရေးနဲ့ လွတ်လပ်စွာ ဘာသာတရား ကိုးကွယ်ခွင့်တွေကို အဟန့်အတား ဖြစ်စေတယ်ဆိုပြီ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီအတွက် စိုးရိမ်ကြောင်းနဲ့ ဒီ ဥပဒေအရ နိုင်ငံတွင်း မတူညီတဲ့ လူမျိုးစုတွေအကြား နိုင်ထက်စီးနင်းဆက်ဆံမှု ခွဲခြားဆက်ဆံမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း အမေရိကန် ပြည်ထောင်စုက သတိပေးထားပါတယ်။

XS
SM
MD
LG