သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် မုန်တိုင်းဒဏ်သင့်ဒေသ နိုင်ငံတကာ အထောက်အကူရောက်


ဖိလစ်ပိုင်သမ္မတ Benigno Aquino (ယာ) မုန်တိုင်းကယ်ဆယ်ရေးပစ္စည်းတွေ ဒုက္ခသည်တွေကို ဝေငှပေးစဉ်။ (နိုဝင်ဘာ ၁၈၊ ၂၀၁၃)
ဖိလစ်ပိုင်သမ္မတ Benigno Aquino (ယာ) မုန်တိုင်းကယ်ဆယ်ရေးပစ္စည်းတွေ ဒုက္ခသည်တွေကို ဝေငှပေးစဉ်။ (နိုဝင်ဘာ ၁၈၊ ၂၀၁၃)
ဖိလစ်ပိုင်နိုင်ငံမှာ Haiyan တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်ခံရပြီး ၁၀ ရက် အကြာ မှာတော့ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းက အစွန်အဖျားဒေသတွေအထိ နိုင်ငံတကာ အကူအညီတွေ စတင်ရောက်ရှိလာပါတယ်။

တနင်္လာနေ့တုန်းကတော့ ဖိလစ်ပိုင် Leyte ကျွန်းစုနဲ့ အခြားအစွန်အဖျား ဒေသတွေက ကျေးရွာသားတွေကို အမေရိကန် စစ်ရဟတ်ယာဉ်တွေကနေ အစားအစာ၊ ရေနဲ့ ထောက်ပံ့ရေးအကူအညီတွေ သွားရောက်ပေးခဲ့ပါတယ်။ အဲဒီ ရဟတ်ယာဉ်တွေဟာ အမေရိကန် လေယာဉ်တင်သင်္ဘောကြီး USS George Washington ကို အခြေပြုပြီး လှုပ်ရှား အကူအညီပေးနေတာဖြစ်ပါတယ်။

ကပ်ဘေးကျရောက်ခဲ့တဲ့ ဒေသက ပြည်သူတွေဆီကို ရောက်ရှိဖို့ နိုင်ငံတကာ အကူအညီပေးရေးလုပ်သားတွေကလည်း အကြီးအကျယ်ကို ကြိုးပမ်း ဆောင်ရွက်နေကြတယ်လို့ OCHA ခေါ်တဲ့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာ ကူညီမှု ညှိနှိုင်းဆောင်ရွက်ရေးရုံးကနေ ပြောပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့က တိုက်ခဲ့တဲ့မုန်တိုင်းကြောင့် လူပေါင်း ၁၀ သန်းကနေ ၁၂ သန်းကို ထိခိုက်ခဲ့ပြီး သူတို့ပြန်လည်နလန်ထူလာနိုင်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ OCHA ပြောခွင့်ရသူ Orla Fagan က မနီလာမြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

လျှပ်စစ်မီးပြတ်တောက်ကုန်တာနဲ့ လမ်းတံတားတွေ ပျက်စီးတာ၊ ယာဉ်တွေ အတွက် လောင်စာရဖို့ အခက်အခဲတွေကြောင့် ကယ်ဆယ်ကူညီရေး လုပ်ငန်းတွေမှာ ထိခိုက်မှုရှိခဲ့တယ်လို့ ကုလသမဂ္ဂ ကူညီရေးအဖွဲ့က ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတ Benigno Aquino ကတော့ တိုင်ဖုန်းဒဏ်ခံရတဲ့ ဒေသတွေကို တနင်္လာနေ့အထိ လှည့်လည် နေတုန်းပပါ။ Leyte ကျွန်းစုပေါ်က Palo ဒေသခံတွေကို အကူအညီအထောက်အပံ့တွေ ဝေငှပေးနေတာ တွေ့ရပါတယ်။
XS
SM
MD
LG