သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ လက်နက်အရောင်းအဝယ်နဲ့ မြန်မာနိုင်ငံ


အိန္ဒိယဟာ လက်နက်တွေ ပြည်ပက ဝယ်ယူတင်သွင်းနေရုံသာမက မြန်မာနိုင်ငံလို နိုင်ငံတွေကိုလည်း ပြန်လည် ရောင်းချနေတာပါ။
အိန္ဒိယဟာ လက်နက်တွေ ပြည်ပက ဝယ်ယူတင်သွင်းနေရုံသာမက မြန်မာနိုင်ငံလို နိုင်ငံတွေကိုလည်း ပြန်လည် ရောင်းချနေတာပါ။

မတ်လ ၂၈၊ ၂၀၁၁-မြန်မာနိုင်ငံကို လက်နက်ရောင်းချနေတဲ့ အိန္ဒိယဟာ ကမ္ဘာမှာလည်း လက်နက်အများဆုံး တင်ပို့တဲ့နိုင်ငံ ဖြစ်လာပါတယ်။

ကမ္ဘာတဝန်း လက်နက်တင်ပို့ ရောင်းချမှုတွေ တိုးလာနေရာမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံဟာ ဆိုရင်လည်း ကမ္ဘာပေါ်မှာ ထိပ်တန်းရောက်လာပါတယ်။ အရင်က နိုင်ငံတကာမှာ လက်နက်တင်ပို့မှု အများဆုံးဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံထက် ကျော်လွန်ပြီး ထိပ်ဆုံးကို ရောက်သွားခဲ့တာလို့ ဆွီဒင်နိုင်ငံက စတော့ခ်ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) ရဲ့ နှစ်စဉ် အစီရင်ခံစာက ဖော်ပြလိုက်တာပါ။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းနိုင်ငံတွေကို လက်နက်တင်ပို့ရောင်းချရာမှာ အိန္ဒိယနိုင်ငံ ရှေ့တန်းရောက်လာတဲ့ အခြေအနေတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ လက်နက်တင်ပို့ ရောင်းချမှု ပမာဏဟာ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကစလို့ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်အထိ ၄ နှစ်တာ ကာလအတွင်း ၂၄ ရာခိုင်နှုန်းအထိ တိုးလာခဲ့တဲ့ကြောင်း စတော့ခ်ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) ရဲ့ မတ်လထဲ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အများဆုံး ဝယ်ယူတင်သွင်း နေတာကတော့ အာရှ-ပစိဖိတ်ဒေသမှာ ဖြစ်ပြီး စုစုပေါင်းတင်ပို့မှု ပမာဏရဲ့ ၄၃ ရာခိုင်နှုန်းအထိ ရှိနေတာပါ။ သမားရိုးကျ လက်နက်တွေ အာရှတိုက်ကနေ အများဆုံး ပြည်ပကို တင်ပို့ရောင်းချနေတဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ တရုတ်၊ တောင်ကိုရီးယားနဲ့ ပါကစ္စတန်နိုင်ငံတွေ ဖြစ်ပါတယ်။

ကမ္ဘာတဝန်း သမားရိုးကျလက်နက် တင်ပို့မှုပမာဏ အားလုံးထဲက ၁၀ ရာခိုင်နှုန်း နီးပါးကိုတော့ ထိပ်ဆုံးနေရာမှာ ရှိနေတဲ့ အိန္ဒိယနိုင်ငံက လွဲှပြောင်းရောင်းချခဲ့တာပါ။ အိမ်နီးချင်း တရုတ်နဲ့ ပါကစ္စတန်တို့လို ဒေသတွင်း ခြိမ်းခြောက်မှုတွေကို တန်ပြန်သွားနိုင်ဖို့ အိန္ဒိယနိုင်ငံ အနေနဲ့ စစ်ရေးတည်ဆောက်မှုတွေ လုပ်ဆောင်ရာက အခုလို စစ်လက်နက် အရောင်းအဝယ် လုပ်ငန်းမှာလည်း ထိပ်တန်း ရောက်လာတာလို့ SIPRI က အကြီးတန်း သုတေသနမှူး တဦးဖြစ်တဲ့ မက်ခ် ဘရွမ်းလေ (Mark Bromley) တို့လို ကျွမ်းကျင်သူတွေက မြင်ကြပါတယ်။
“အိန္ဒိယနိုင်ငံဟာ လက်နက်အင်အား ပြန်လည်တောင့်တင်းလာစေဖို့ ရည်မှန်းချက်ကြီးကြီးနဲ့ ကြိုးစားနေတာ ဖြစ်ပါတယ်။ စစ်ဘက်ဆိုင်ရာ ပစ္စည်းမျိုးစုံကိုလည်း ပြည်ပကနေ ဝယ်ယူတင်သွင်းဖို့ ငွေအမြောက်အများလည်း သုံးစွဲနေတာပါ။ အထင်ရှားဆုံးကတော့ တိုက်လေယာဉ်တွေ၊ ရေတပ်ဆိုင်ရာ ပစ္စည်းတွေနဲ့ တခြားစစ်ဘက်ပစ္စည်းမျိုးစုံ ပါဝင်ပါတယ်။”

စစ်အင်အား တောင့်တင်းစေဖို့ ရည်ရွယ်ပြီး မကြာသေးခင်နှစ်တွေကစလို့ ကိုယ်တိုင်လည်း စစ်လက်နက်တွေ ဝယ်ယူတင်သွင်း နေသလို တခြားနိုင်ငံတွေကိုလည်း အိန္ဒိယနိုင်ငံက တင်ပို့မှုတွေ လုပ်ဆောင်နေတာပါ။ ဒီလိုတင်ပို့ရာမှာတော့ အိမ်နီးချင်း မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။ SIPRI ရဲ့မှတ်တမ်းတွေအရ အိန္ဒိယနိုင်ငံကနေ မြန်မာစစ်တပ်အတွက် T-55 အမျိုးအစား သံချပ်ကာကား ၁၀ စင်း၊ ၁၀၅ မီလီမီတာ အမြောက် ၁၀ လက်၊ အပေါ့စား စစ်သည်တင် သံချပ်ကာကား ၁၀ စင်း လက်ခံရရှိဖူးကြောင်းလည်း ဖော်ပြထားတာပါ။ မြန်မာစစ်တပ်အနေနဲ့ စစ်လက်နက်ပစ္စည်း ချို့တဲ့နေတာကို အားဖြည့်ဖို့ ရည်ရွယ်ပြီး အိန္ဒိယအပါအဝင် ရနိုင်တဲ့နေရာတွေကနေ ဝယ်ယူဖို့ ကြိုးစားနေတာကို တွေ့ရတယ်လို့လည်း SIPRI ရဲ့ အာရှရေးရာ သုတေသနမှူး တဦးဖြစ်တဲ့ ဆိုင်မွန် ဝိဇ်မန်း (Siemon Wezeman) ကပြောပါတယ်။

မကြာသေးခင်နှစ်တွေ အတွင်းမှာလည်း စစ်ဘက်ဆိုင်ရာ အပေးအယူ ညှိနှိုင်းမှုတွေမှာ အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား သဘောတူညီချက် အသစ်တွေ ရရှိခဲ့သေးတယ်လို့လည်း သူက ပြောခဲ့တာပါ။
“မကြာသေးခင်တုန်းကပဲ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို လက်နက်တွေ အကန့်အသတ်နဲ့ တင်သွင်းဖို့ ဆန္ဒရှိနေတာနဲ့ ပတ်သက်ပြီး ဆွေးနွေး ညှိနှိုင်းတာတွေ ဖူးတယ်ဆိုတဲ့ သတင်းတွေကို ကျနော်တို့ တွေ့ပါတယ်။ သူတို့ပို့ဖြစ်မဖြစ် အထောက်အထား မတွေ့ရပေမဲ့ စစ်ရေးအရ အကူအညီပေးသွားဖို့ သဘောတူညီချက် အသစ်တွေ ရခဲ့တယ်ဆိုတဲ့ သတင်းအချက်အလက်တွေတော့ တွေ့ရပါတယ်။ ဥပမာ ရိုင်ဖယ်သေနတ်တွေ၊ သံချပ်ကာကားတွေလို အပေါ့စား စစ်လက်နက်တွေ ပို့ပေးဖို့တွေ ပါပါတယ်။”

လျိူ့ဝှက်သတင်း အချက်အလက်တွေကို အင်တာနက်ပေါ်ကတဆင့် ထုတ်ဖော်နေတဲ့ Wikileaks ဝက်ဘ်ဆိုဒ်က ဖော်ပြခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ သံတမန် ကြေးနန်းတစောင်မှာလည်း အိန္ဒိယနဲ့ မြန်မာအာဏာပိုင်တွေရဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုတွေကို တွေ့ကြရတာပါ။ ၂၀၀၇ ခုနှစ်မေလ ၃၀ ရက်နေ့ ရက်စွဲနဲ့ ကြေးနန်းစာ တခုမှာတော့ အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးက ၂ နိုင်ငံနယ်ခြားဒေသက သူပုန်တွေကို နှိမ်နင်းဖို့ စစ်ရေး အကူအညီ ပေးအပ်တာသာဖြစ်တယ်လို့ ဆိုပေမဲ့ မြန်မာစစ်တပ်အတွက် အိန္ဒိယက စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ရောင်းချနေတယ်ဆိုတဲ့ သတင်းတွေကိုလည်း လက်ခံရရှိထားကြောင်း လျိူ့ဝှက်မှတ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်အစောပိုင်းမှာတော့ BN-2 Islander အမျိုးအစား ကင်းထောက် လေယာဉ် ၂ စင်းကို ရောင်းချခဲ့တာပါ။ ဒါပေမဲ့လည်း ဗြိတိန်နိုင်ငံက ဝယ်ယူထားတဲ့ ဒီလေယာဉ်တွေကို တဆင့်ပြန်လည် ရောင်းချခဲ့တဲ့အတွက် ဥရောပသမဂ္ဂ (EU) က မြန်မာစစ်အစိုးရအပေါ် လက်နက်တင်ပို့ ရောင်းချမှု မလုပ်ဖို့ တားမြစ်ချက်ကို ချိုးဖောက်ရာ ရောက်တယ်ဆိုပြီး EU အဖွဲ့ဝင် ဗြိတိန်အစိုးရနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ ကန့်ကွက်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးအခြေအနေတွေ တိုးတက်မှုမရှိတဲ့အတွက် EU အမေရိကန် ပြည်ထောင်စုနဲ့ တခြား နိုင်ငံတွေက ပြစ်ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုတွေရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံကို လက်နက်တင်ပို့မှုတွေ မလုပ်ဖို့ တားဖြစ်ထားတာပါ။

ဒီလို အခြေအနေတွေကြောင့် ကမ္ဘာပေါ်မှာ လက်နက်တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်လာပေမဲ့ အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာစစ်တပ်အတွက် လိုအပ်နေတဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ရောင်းချပေးဖို့မှာတော့ အဟန့်အတားတွေ ရှိနေတယ်လို့လည်း SIPRI ရဲ့ အာရှရေးရာ ကျွမ်းကျင်သူ ဝိဇ်မန်း ကပြောပါတယ်။
“အိန္ဒိယနိုင်ငံက စစ်ပစ္စည်းတွေထဲမှာ အတော်များများဟာဆိုရင် ပြည်ပကတရားဝင် တင်သွင်းတာတွေ ဒါမှမဟုတ်ရင်လည်း စစ်ပစ္စည်းအတွက်သုံးတဲ့ အစိတ်အပိုင်းတွေက နိုင်ငံခြားဖြစ်တွေပါ။ ဒီအထဲမှာ အမေရိကန်လုပ် ပစ္စည်းတွေ၊ ဥရောပသမဂ္ဂတို့ သြစတြေးလျတို့လို တခြားနိုင်ငံတွေက အစိတ်အပိုင်းတွေ ပါလာမယ်ဆိုရင် အိန္ဒိယနိုင်ငံအနေနဲ့ ဒါတွေကို မြန်မာလို နိုင်ငံမျိုးကို တင်ပို့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံက ဒီလိုပစ္စည်းတွေ ဝယ်ချင်တယ်ဆိုရင်တော့ ယူကရိန်းတို့၊ ရုရှားတို့၊ တရုတ်နိုင်ငံတို့ကို သွားဝယ် ရပါလိမ့်မယ်။”

အာရှတိုက်က အဓိကလက်နက်တင်ပို့ရာ နိုင်ငံတခုဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံသား ၁၄ ယောက်ကိုလည်း မြန်မာနိုင်ငံက လက်နက်ကြီးစက်ရုံ တည်ဆောက်ရေးအတွက် နည်းပညာနဲ့ပစ္စည်းတွေ ပေးအပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူတာတွေလည်း ရှိခဲ့ဖူးပါတယ်။ တောင်ကိုရီးယား ကုမ္ပဏီ ၇ ခုမှာ အလုပ်လုပ်နေတဲ့ ဒီလူတွေဟာ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်နှောင်းပိုင်း ကာလအတွင်း မြန်မာနိုင်ငံက စစ်ဘက်ဆိုင်ရာ တည်ဆောက်မှုတွေကို အကူအညီ ပေးခဲ့တယ်ဆိုပြီး အစိုးရရှေ့နေတွေက တရားစွဲဆိုခဲ့တာပါ။

ဒီလိုပဲ မြန်မာနိုင်ငံက စစ်လက်နက်တွေ ဝယ်ယူသုံးစွဲနေတဲ့ ရုရှားနိုင်ငံကနေ မှာယူထားတဲ့ ဒေါ်လာသန်း ၅၅၀ ကျော် တန်ဘိုးရှိ စစ်တပ်သုံး လေယာဉ်တွေထဲက ပထမအသုတ်ဟာလည်း မတ်လထဲ မြန်မာနိုင်ငံကို ရောက်လာဖို့ ရှိတယ်လို့ လေကြောင်းလုပ်ငန်း အသိုင်းအဝန်းက သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ MiG-29 အမျိုးအစား တိုက်လေယာဉ်တွေနဲ့ အမောင်းသင် လေယာဉ် အစင်း ၂၀ ကျော်ကို ၂၀၀၉ ခုနှစ်ကတည်းက မှာယူထားတာပါ။ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းက MiG တုကိလေယာဉ်တွေ ဝယ်ယူ အသုံးပြုနေတဲ့ နိုင်ငံတွေအတွက် လိုအပ်မယ့် နည်းစနစ်အကူအညီတွေ ပေးအပ်သွားနိုင်ဖို့ အိန္ဒိယနိုင်ငံနဲ့ ပူးတွဲဆောင်ရွက်ရေး ရုရှားနိုင်ငံက စီစဉ်ထားကြောင်းလည်း စစ်ဘက်ဆိုင်ရာ သတင်းတွေက ဖော်ပြထားတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG