သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအမြင်ပြောင်း


၆၈ ကြိမ်မြောက် ကုလအထွေထွေ ညီလာခံသို့ တက်ရောက်လာသော မြန်မာကိုယ်စားလှယ်အဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် (ဝဲ) နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (လယ်) ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(ယာ) တို့အား အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကဏ္ဍမှာတွေ့ရစဉ်။(စက်တင်ဘာ ၂၇၊ ၂၀၁၃)
၆၈ ကြိမ်မြောက် ကုလအထွေထွေ ညီလာခံသို့ တက်ရောက်လာသော မြန်မာကိုယ်စားလှယ်အဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် (ဝဲ) နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (လယ်) ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(ယာ) တို့အား အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကဏ္ဍမှာတွေ့ရစဉ်။(စက်တင်ဘာ ၂၇၊ ၂၀၁၃)
ကုလသမဂ္ဂနဲ့ ဆက်ဆံရေးတိုးတက်လာတဲ့အတွက် မြန်မာနိုင်ငံရဲ့စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေမှာ နိုင်ငံတကာရဲ့ ကူညီမှုတွေ ပိုပြီး အားကောင်းလာတယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဒေါက်တာဇော်ဦးက ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာလည်း နယူးရောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို ရောက်ရှိနေကြပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဒေါက်တာဇော်ဦးက အခုလိုစပြောပါတယ်။

ဒေါက်တာဇော်ဦး။ ။ ကုလသမဂ္ဂမှာ ကျနော်တို့နိုင်ငံရဲ့အနေအထားတွေကို မြင်တဲ့အမြင်တွေဟာ တော်တော်ပြောင်းသွားပါတယ်။ ကျနော်တို့ဟာ လမ်းကြောင်းမှန်သွားပြီ။ ဦးတည်သွားနေတဲ့လမ်းကြောင်းဟာ ဒီမိုကရေစီနဲ့ ဈေးကွက်စနစ်ကို အောင်အောင်မြင်မြင်ဖြစ်အောင် သွားချင်တဲ့ဆန္ဒအပေါ်မှာ အခြေခံပြီး ကျနော်တို့ ဒီလမ်းပေါ်မှာ စပြီးလျှောက်နေပြီ။ ဒီအပေါ်မှာ မြင်တဲ့အမြင်ဟာ အင်မတန်မှ ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုကို ဖြစ်စေပါတယ်။
အင်ကြင်းနိုင်။ ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲပေါ့နော်၊ ဒေါက်တာဇော်ဦးကိုပဲ Asia Society မှာလုပ်တဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဆိုင်ရာ ဦးဝဏ္ဏမောင်လွင်နဲ့အတူ ဆွေးနွေးခဲ့တယ်ဆိုတော့ အဲဒီမှာ မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန်ရဲ့ခြေလှမ်းတွေကို ဘယ်လိုသုံးသပ်မိလဲရှင့်။

ဒေါက်တာဇော်ဦး။ ။ အမေရိကန်နိုင်ငံမှာရှိတဲ့ ပုဂ္ဂလိက ကော်ပိုရေးရှင်းတွေနဲ့ စီးပွားရေးလုပ်ငန်း တော်တော်များများကတော့ ကျနော်တို့ မြန်မာနိုင်ငံကို အင်မတန်မှ စိတ်ဝင်စားတယ်။ သို့သော်လည်းပဲ အထူးသဖြင့် အမေရိကန် ကွန်ဂရက်စ်လွှတ်တော်ကနေပြီးတော့ မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေး ပိတ်ဆို့မှုနဲ့ပတ်သက်ပြီး ထားရှိတဲ့ဥပဒေတွေနဲ့ ထားရှိတဲ့ သဘောထားတွေ အပေါ်မှာ သူတို့က စောင့်နေချင်တဲ့ အနေအထား ရှိပါတယ်။ ဒါကလည်း ဘာကြောင့်လဲဆိုတော့ အမေရိကန် စီးပွားရေး ကော်ပိုရေးရှင်းကြီးတွေ တော်တော်များများဟာ အကြီးစားဖြစ်တဲ့အတွက်ကြောင့်မို့လို့လည်း ရင်းနှီးမြှုပ်နှံတဲ့အခါမှာ ရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက်ကို သူတို့ ပိုပြီး စိတ်ဝင်စားလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ပြီဆိုရင်လည်း ဒါဟာ ရေရှည်ဖြစ်ပြီးတော့ များများစားစား ရင်းနှီးမြှုပ်နှံလေ့ရှိတဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။ အဲဒီတော့ အဲဒီကုမ္ပဏီတွေ အနေနဲ့က ကုမ္ပဏီတွေ ရုံးစိုက်ရာ အမေရိကန်ပြည်ထောင်စုရဲ့ အစိုးရရဲ့သဘောထား၊ အထူးသဖြင့် ကွန်ဂရက်စ်နဲ့လွှတ်တော်ရဲ့သဘောထားကိုပါ သူတို့ အမြဲတမ်း စောင့်ဆိုင်းပြီးတော့ ဒီအပေါ်မှာ အခြေအနေကြည့်ပြီးတော့မှပဲ ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်ကို ချလေ့ရှိပါတယ်။

မအင်ကြင်းနိုင်။ ။ဟုတ်ကဲ့။ အဲဒီတော့ တဘက်မှာလည်း အမေရိကန်ဘက်က စဉ်းစားနေတဲ့ မြန်မာနိုင်ငံအပေါ် ကုန်သွယ်ခွင့် အထူးအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဝေဖန်ထောက်ပြထားတာတွေ ရှိပါတယ်။ ဒေါက်တာဇော်ဦးတို့အနေနဲ့ ဘယ်လိုပြန်ပြီးတော့ တုံ့ပြန်ချင်ပါလဲရှင့်။

ဒေါက်တာဇော်ဦး။ ။ ကျနော် နားလည်သလောက် ပြောရမယ်ဆိုရင်တော့ ဥပမာအားဖြင့် ကျနော်တို့နိုင်ငံမှာ အထူးကုန်သွယ်မှုအခွင့်အရေးပေါ့နော်-အရင်တုန်းက ပိတ်ဆို့ခံထားခဲ့ရပါတယ်။ အဲဒီပိတ်ဆို့ခံထားခဲ့ရတဲ့အချိန်တုန်းက ပိတ်ဆို့မှုကို ချမှတ်တဲ့ဆုံးဖြတ်ချက်ဟာ ဘယ်ဟာနဲ့သွားပြီး ချိတ်ဆက် ထားသလဲ ဆိုတော့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ ထင်မြင်ချက်အပေါ်မှာ အခြေခံပြီးတော့ ဒီပိတ်ဆို့ချက်ကိုချခဲ့တယ်ပေါ့။ ဆိုလိုတာက ILO က အရင်တုန်းက ကျနော်တို့ဆီမှာ အတင်းအဓမ္မ အလုပ်သမားတွေကို စေခိုင်းတဲ့ကိစ္စတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ ဒါကို နိုင်ငံတကာက အပြစ်ဒဏ်ချမှတ်သင့်တယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချမှတ်တဲ့အခါမှာ နိုင်ငံတကာ အစိုးရအတော်များများကလည်း ဒီဟာကို GSP ကို ပိတ်လိုက်တဲ့ စီမံချက်နဲ့ သူတို့က ဒါကို တုံ့ပြန်ခဲ့ပါတယ်။ အခု ILO က အဲဒီဆုံးဖြတ်ချက်အားလုံးကို ရုပ်သိမ်းလိုက်ပါတယ်။ ရုပ်သိမ်းလိုက်တဲ့ အခါကျတော့ ဥရောပ သမဂ္ဂကနေပြီးတော့ GSP ကို ချက်ခြင်းပြန်ပေးပါတယ်။ အဲဒီတော့ အမေရိကန်အစိုးရကလည်း တကယ်ဆိုရင်တော့ ဥရောပသမဂ္ဂလိုပဲ ILO ရဲ့ တုံ့ပြန်ချက်အပေါ်မှာ သူတို့ကလည်းပဲ ဆက်ပြီးတော့ တုံ့ပြန်ပြီးတော့ ဒီ GSP ကို ပြန်ပြီးတော့ ပေးဖို့ ရှိနေပါတယ်။ အဲဒီတော့ လူ့အခွင့်အရေးတွေနဲ့ တခြားအဖွဲ့အစည်းတွေက ကျနော်တို့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတချို့အပေါ်မှာ စိုးရိမ်မကင်းဖြစ်နေတဲ့ကိစ္စကိုလည်း ကျနော် နားလည်ပါတယ်၊ တန်ဖိုးထားပါတယ်။ သို့သော်လည်းပဲ သူတို့တင်ပြချက်ဟာ နဂိုရ်မူလရှိခဲ့တဲ့ နိုင်ငံတကာအစိုးရတွေရဲ့ ဆုံးဖြတ်ချက်နဲ့တော့ မသက်ဆိုင်ဘူးခင်ဗျ။
XS
SM
MD
LG