သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတန်း သပိတ်ကျောင်းသားများ အကြမ်းဖက်ခံရမှာ နိုင်ငံတကာစိုးရိမ်


လက်ပံတန်းမြို့မှာ ကျောင်းသားတွေ ထိုင်သပိတ်ဆင်နွဲှနေတဲ့နေရာကို ပိတ်ဆို့ဖို့ အင်အားဖြည့်မယ့် ရဲတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်။ (မတ် ၆၊ ၂၀၁၅)
လက်ပံတန်းမြို့မှာ ကျောင်းသားတွေ ထိုင်သပိတ်ဆင်နွဲှနေတဲ့နေရာကို ပိတ်ဆို့ဖို့ အင်အားဖြည့်မယ့် ရဲတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်။ (မတ် ၆၊ ၂၀၁၅)

မြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့ ဒီမိုကရေစီပညာရေးကျောင်းသားသပိတ်ကို အစိုးရအာဏာပိုင်တွေ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ နိုင်ငံတကာ အသိုင်းအဝိုင်းက အနီးကပ်စောင့်ကြည့်နေပါတယ်။ ကျောင်းသားတွေကို တားဆီးပိတ်ပင်ထားမယ့်အစား အာဏာပိုင်တွေအနေနဲ့ သွားရောက် တွေ့ဆုံ ညှိနှိုင်းဖို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးအဖွဲ့ကြီးက ဒီကနေ့ အင်္ဂါနေ့မှာ မြန်မာအစိုးရကိုတိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကျောင်းသားဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့အခြေအနေတွေကို အထူးစိုးရိမ်မကင်းဖြစ်ကြောင်း အမေရိကန်နဲ့ EU ဥရောပသမဂ္ဂတို့ကလည်း ပြောဆိုထားတာပါ။ အသေးစိတ်ကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ဒီကနေ့ အင်္ဂါနေ့ မြန်မာစံတော်ချိန် နံနက် (၁ဝ) နာရီ နောက်ဆုံးထားပြီး လက်ပံတန်းမြို့မှာ ပိတ်ဆို့တားဆီးထားတဲ့ ရဲအင်အားတွေကို ဖယ်ရှားပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောငက်းသားသမဂ္ဂများအဖွဲ့ချုပ်ဦးဆောင်တဲ့ ပင်မကျောင်းသားသပိတ်စစ်ကြောင်းက အစိုးရအာဏာပိုင်တွေကိုတောင်းဆိုထားပါတယ်။ ရဲတွေအနေနဲ့မဖယ်ပေးဘူးဆိုရင် ကျောင်းသားတွေဘက်က ငြိမ်းချမ်းစွာ ဆက်လက်ချီတက်မှာဖြစ်တယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ပြောထားတာပါ။

အခုလိုအခြေအနေတွေတင်းမာနေတဲ့အချိန်မှာ မြန်မာအစိုးရအနေနဲ့ ဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွဲမယ့်အစား ကျောင်းသားတွေနဲ့ဆွေးနွေးညှိနှိုင်းဖို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက တိုက်တွန်းကြောင်း အဖွဲ့ရဲ့ အာရှရေးရာတာဝန်ခံ Brad Adams ကပြောပါတယ်။

“မြန်မာအစိုးရအနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ဖိနှိပ်ဖြိုခွဲတဲ့ နည်းလမ်းဟောင်းတွေသုံးနေတာကို ရပ်တန့်သင့်ပါပြီ။ ရန်ကုန်မြို့ကိုဝင်မယ့် လက်ပံတန်းက ကျောင်းသားသပိတ်ကို ပိတ်ပင်တားဆီးမယ့်အစား ဒါမှမဟုတ် ရိုက်နှက်ဖြိုခွဲတဲ့ နည်းလမ်းဟောင်းတွေကိုအသုံးပြုမယ့်အစားကျောင်းသားတွေကို သွား ရောက် တွေ့ဆုံညှိနှိုင်းပြီး အဖြေတခုထွက်အောင် ကြိုးစားသင့်ပါတယ်။ အခု ကျနော်တို့မြင်နေရတာက ရဲတွေရဲ့ ကိုင်တွယ်ပုံကိုင်တွယ်နည်းဟာ အလွန် ဆိုးရွားပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ် ပြုပြင်ပြောင်းလဲမှုလုပ်နေတဲ့အချိန်တုန်းကရဲတွေရဲ့လုပ်ပိုင်ခွင့် အကန့်အသတ်ရှိတယ်ဆိုပေမယ့် အခုဆိုရင် အကြမ်းဖက်ဖြိုခွဲနှိမ်နင်းမယ်ဆိုတဲ့ အရင်ပုံစံမျိုး အခုပြန်ပြီး ကိုင်တွယ်လာပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးကို အနှောင့်အယှက် ဖြစ်စေပါ တယ်။”

လက်ရှိကျောင်းသားသပိတ်အခြေအနေကို နိုင်ငံတကာအသိုင်းအဝိုင်းကစောင့်ကြည့်နေတဲ့နေချိန် ပြီးခဲ့တဲ့မတ်လ (၅) ရက်နေ့က ရန်ကုန်မြို့တော် ခန်းမ ရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ကျောင်းသားတွေကို ရဲတပ်ဖွဲ့နဲ့ တာဝန်ဆိုတဲ့လက်ပတ်နီဝတ်ထားသူတွေ ရိုက်နှက်ဖမ်းဆီးခဲ့တဲ့လုပ်ရပ်ကို ဥရောပသမဂ္ဂအနေနဲ့ အထူးစိုးရိမ်မကင်းဖြစ်မိကြောင်း EU ဥရောပသမဂ္ဂ ပြင်ပဆက်ဆံရေးဌာ ပြောခွင့်ရအမျိုးသမီး Maja Kocijancic က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့ ကျောင်းသားဆန္ဒပြပွဲတွေကို အင်အားသုံးနှိမ်နှင်းဖြိုခွဲတဲ့အပေါ် ဥရောပသမဂ္ဂအနေနဲ့ အထူးစိုးရိမ်မကင်းဖြစ်မိပါတယ်။ လွပ်လပ်စွာဆန္ဒထုတ်ဖေါ်ခွင့်ဟာ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရဖြစ်တယ်လို့ ဥရောပသမဂ္ဂက ယုံကြည်ထားပါတယ်။”

အကြမ်းဖက်နှိမ်နှင်းတဲ့နေရာမှာ လက်ပတ်နီဝတ်ထားသူတွေကို အသုံးပြုခဲ့တာနဲ့ပတ်သက်လို့ မြန်မာရဲတပ်ဖွဲ့တွေကို အဓိကရုဏ်းနှိမ်နှင်းရေး သင်တန်းတွေ ပေးနေတဲ့ EU ဥရောပသမဂ္ဂကို ကန့်ကွက်တဲ့အနေနဲ့ ဥရောပသမဂ္ဂ ရန်ကုန်ရုံးရှေ့မှာ ကျောင်းသားတွေက မတ်လ (၆) ရက်နေ့မှာဆန္ဒပြခဲ့ကြတာပါ။ အဓိကရုဏ်းနှိမ်နှင်းတာနဲ့ပတ်သက်လို့ EU အနေနဲ့ နိုင်ငံတကာမှာ သင်တန်းပေးနေတာဖြစ်ပြီး မြန်မာရဲတပ်ဖွဲ့ကို လေ့ကျင့်သင်တန်းပေးတဲ့ ရည်ရွယ်ချက်ဟာလည်း လူ့အခွင့်အရေးကို ပိုမိုသိရှိနားလည်စေဖို့ဖြစ်တယ်လို့ Maja Kocijancic ကပြောပါတယ်။

“အခြေခံအားဖြင့် မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့အင်အားကိုပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာပါ။ ဥရောပသမဂ္ဂအနေနဲ့လည်း ဒီအတွက် ငွေကြေး အထောက်အပံ့ ပေးသလို သင်တန်းတွေလည်းပေးပါတယ်။ မြန်မာရဲတပ်ဖွဲ့အနေနဲ့ နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ပြီး လူ့အခွင့်အရေးကို လေးစား လိုက်နာဖို့ ဒီသင်တန်းတွေကနေ ပို့ချပေးနေတာပါ”-လို့ ပြောသွားတာပါ။

ပြီးခဲ့တဲ့သတင်းပတ်တုန်းကလည်း အမေရိကန်နိုင်ငံခြားရေးဌာနကလည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အင်အားသုံးဖြိုခွဲတာဟာ ဒီမိုကရေစီစနစ်အသွင်ကူးပြောင်းဖို့ကြိုးပမ်းဆောင်ရွက်တာနဲ့မကိုက်ညီဘူးလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG