သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ မှာချေပမယ့် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ်မှ ဒေါ်အောင်ဆန်းစုကြည်ကိုဖယ်ရှား


နိုင်ငံတကာတရားရုံး (ICJ) (ဓာတ်ပုံ - Official Publication)
နိုင်ငံတကာတရားရုံး (ICJ) (ဓာတ်ပုံ - Official Publication)


နိုင်ငံတကာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး ခုခံချေပခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေရာမှာ အစားထိုး ပြောင်းလဲလိုက်ပြီလို့ ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေချုပ် Dawda Jallow က ရိုက်တာသတင်းဌာနကို ဒီကနေ့ ပြောပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုအတွက် နယ်သလန်နိုင်ငံ The Hague မြို့ ICJ တရားရုံးမှာ ၂၀၁၉ ခုနှစ်ကလုပ်ခဲ့တဲ့ ကြားနာစစ်ဆေးပွဲတွေအတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ခုခံချေပခဲ့တာပါ။

ဒါပေမယ့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကျရင်လုပ်မယ့် နောက်ထပ်ကြားနာပွဲတွေမတိုင်ခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ်က ဖယ်ရှားလိုက်တဲ့သတင်း ထွက်လာတာပါ။ ရှေ့လကြားနာပွဲတွေမှာ မြန်မာနိုင်ငံ ဘက်ကနေ ဘယ်သူက ဦးဆောင်ချေပမလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

၂၀၂၁ ခုနှစ် ဇွန်လတုံးကတော့ ICJ မှာ ရင်ဆိုင်ဖို့အတွက် ဦးဆောင်ကော်မတီတရပ်ကို စစ်ကောင်စီက ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကော်မတီကို စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ် ဒေါ်သီတာဦးတို့ကို ဒုတိယဥက္ကဋ္ဌတွေအဖြစ် တာဝန်ပေးထားပါတယ်။ ဒေါ်သီတာဦးဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ချေပတုံးကလည်း ကိုယ်စားလှယ်အဖွဲ့ထဲမှာ ပါဝင်ခဲ့ဖူးပါတယ်။

“Hybrid ကြားနာပွဲတခုကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ စတင်ဖို့ စီစဉ်ထားပါတယ်” လို့ ဂမ်ဘီယာရှေ့နေချုပ် Dawda Jallow ကပြောပါတယ်။ Hybrid ကြားနာပွဲဆိုတာကတော့ တရားရုံးတက်ရောက်မယ့်သူတွေအနေနဲ့ COVID-19 ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် အားလုံး လူကိုယ်တိုင်တက်ခွင့်ရမှာမဟုတ်ဘဲ တချို့က လူကိုယ်တိုင်၊ တချို့က အွန်လိုင်းကတဆင့် တက်ရောက်ကြရမှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ကလုပ်ခဲ့တဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း စစ်တပ်ဟာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး စီရင်ပေးဖို့ ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲဆို လျှောက်ထားခဲ့တာပါ။ ရခိုင်မြောက်ပိုင်း စစ်တပ်ရဲ့လုပ်ဆောင်ချက်ကို အဲဒီအချိန်က နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ မှာ ဦးဆောင် ချေပခဲ့တာဖြစ်ပါတယ်။

ရိုဟင်ဂျာလို့ခေါ်ဆိုတာကို စစ်ကောင်စီက လက်မခံသလို ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

....................................................................................

တိုက်ရိုက် လင့်ခ်



Unicode








XS
SM
MD
LG