သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂမ်ဘီယာက မြန်မာကိုစွဲဆိုတဲ့အမှု ဒီဇင်ဘာ မှာ ICJ ကြားနာမည်


အဖွဲ့ဝင် (၁၅)ဦးပါတဲ့ ICJ တရားသူကြီးများ (Courtesy of the ICJ)
အဖွဲ့ဝင် (၁၅)ဦးပါတဲ့ ICJ တရားသူကြီးများ (Courtesy of the ICJ)
တိုက်ရိုက် လင့်ခ်


Zawgyi/Unicode

လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေး စာချုပ်ကို မြန်မာအစိုးရက ချိုးဖောက်ကြောင်း စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက အမှုဖွင့် လျောက်ထားချက်ကို ဒီဇင်ဘာလ ၁၀ ရက် ကနေ ၁၂ ရက်နေ့ထိ အများပြည်သူ ရှေ့ကြားနာစစ်ဆေးမှာ ဖြစ်ကြောင်း ICJ တရားရုံးက မနေ့ တနင်္လာနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဂမ်ဘီယာရဲ့ စွဲချက်ကို ICJ မှာ ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းဖို့ မြန်မာအစိုးရက ပြင်ဆင်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကိုပြောပါတယ်။ မြန်မာနဲ့ ပတ်သက်လို့ နိုင်ငံတကာတရားရေးစီရေးပိုင်းမှာ ရှေ့ဆက် ဆောင်ရွက်လာမယ့် အခြေအနေတွေဘယ်လို ရှိမလဲ။

မအင်ကြင်းနိုင်က အကြောင်းစုံကို ဆက်ပြီး တင်ပြမှာပါ။

ကုလသမဂ္ဂ တရားရုံးဖြစ်တဲ့ နယ်သာလန်နိုင်ငံ the Hague အခြေစိုက် ICJ နိုင်ငံတကာတရားရုံးက နိုဝင်ဘာလ (၁၈)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ- ဂမ်ဘီယာ က မြန်မာအစိုးရကို စွဲထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေး သဘောတူစာချုပ်ကို ချိုးဖောက်မှုဆိုတဲ့ အမှုလျောက်ထားချက်ကို ဒီဇင်ဘာလ (၁၀)ရက်ကနေ (၁၂)ရက်နေ့ထိ အများပြည်သူရှေ့မှောက် ကြားနာစစ်ဆေးမှာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ဒီကြားနားစစ်ဆေးမှုမှာ ICJ တရားရုံးကို ဂမ်ဘီယာက တောင်းဆိုထားတဲ့ မြန်မာအစိုးရကို အရေးယူ တားမြစ်တဲ့ ယာယီအမိန့် ထုတ်ပြန်ပေးဖို့ဆိုတဲ့အချက်ကို အဓိကထားမှာဖြစ်ကြောင်း ICJ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ နိုဝင်ဘာလ (၁၁)ရက်နေ့က ICJ တရားရုံးကို တင်သွင်းလျောက်ထားတဲ့ ဂမ်ဘီယာရဲ့ စွဲချက်အမှုမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးက တွေ့ရှိခဲ့တဲ့ အထောက်အထားတွေအရ လူမျိုးရေး ဒါမှမဟုတ် ဘာသာရေးအရ ကွဲပြားနေတဲ့ အသိုင်းအဝိုင်း တခုလုံး ဒါမှမဟုတ် အစိတ်အပိုင်းတခုလုံးကို သေကြေပျက်စီးအောင် လုပ်ခဲ့တဲ့အတွက် လူမျိုးတုန်းသတ်ဖြတ်မှု ဆိုတဲ့ ပြစ်မှု မြောက်ကြောင်း အပြင် ရိုဟင်ဂျာတွေအပေါ် နောက်ထပ် ပြစ်မှုကျူးလွန်မှုတွေ မဖြစ်ပေါ်စေရေး ရပ်တန့်အောင် ICJ တရားရုံးအနေနဲ့ ယာယီ အမိန့်ထုတ်ပြန်ပြီး မြန်မာအစိုးရကို တားမြစ်ဖို့ တောင်းဆိုချက် ပါဝင်နေတာပါ။ အခု အဲဒီတောင်းဆိုချက်ကို ICJ တရားရုံးက အရင်ကြားနာစစ်ဆေးမှာဖြစ်ပါတယ်။

အဖွဲ့ဝင် (၁၅)ဦးပါတဲ့ ICJ တရားသူကြီးတွေရဲ့ ရှေ့မှောက်မှာ ဒီဇင်ဘာလ (၁၀)ရက်နေ့မှာ ဂမ်ဘီယာက အရင် လျှောက်လှဲရမှာဖြစ်ပြီး၊ (၁၁) ရက်နေ့မှာ မြန်မာက လျှောက်လှဲပြီးနောက် (၁၂)ရက်နေ့မှာ နှစ်နိုင်ငံလုံးက ဒုတိယပိုင်းအနေနဲ့ ဆက်လက်လျှောက်လှဲရာမှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ICJ မှာ ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ပြင်ဆင်နေကြောင်း နယူးရောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ဥပဒေကြောင်းအရ UN အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအနေနဲ့ OIC ရဲ့ စွပ်စွဲတာကို ကျနော်တို့က မဟုတ်မှန်ကြောင်း ဥပဒေကြောင်းအရ ပြန်လည်ပြီးတော့ ဖြေကြားဖို့ရှိပါတယ်။ ထွက်ဆိုပြီး ပြန်လည်ရှင်းလင်းဖို့ ရှိမှာပါ။ ဒါကတော့ သတ်မှတ်ထားတဲ့ ရက်အတိုင်း လုပ်ရမှာပေါ့။ ဒါကတော့ ကိုယ့်ဘက်က နိုင်ငံတော်ဘက်က လုပ်စရာရှိတာ လုပ်ရမှာပါ။ အသေးစိတ်တော့ ကျနော်မပြောပါရစေနဲ့။”

နိုင်ငံနယ်နိမိတ် အငြင်းပွားမှုကိုပဲ စီရင်ကိုင်တွယ်လေ့ရှိတဲ့ ကမ္ဘာအမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ ကနေ အခုလိုမျိုး လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ စွဲချက်ကို ကြားနာဖို့ ဆောင်ရွက်လာတာကို ကြည့်ရင် တဖက်က စွပ်စွဲထားတဲ့ အချက်အလက်တွေ ခိုင်မာမှု ဘယ်လောက်ရှိနေသလဲဆိုတာ ပြသနေတာဖြစ်ကြောင်းနဲ့ မြန်မာအစိုးရဘက်က အသေအချာပြင်ဆင်သင့်တယ်လို့ မြင်ကြောင်း ဘယ်လ်ဂျီယံ အခြေစိုက် Euro-Burma ရုံးရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဦးဟန်ညောင်ဝေ ကဗွီအိုအေကို ပြောပါတယ်။

“ကျနော်မြင်တာကတော့ အရင်ကလိုပဲ ငြင်းပယ်မယ်ဆိုရင် ရှုံးမယ်။ ဘာကြောင့်လဲဆိုတော့ အချက်အလက်တွေက တော်တော်များပါတယ်။ သူတို့ ဒီကိစ္စကို မရှုံးချင်ရင်တော့ တကယ်ပဲ သူတို့ကိုယ်တိုင် မြန်မာနိုင်ငံထဲမှာ ဘယ်လိုအချက်အလက်တွေ တွေ့ခဲ့တယ် ၊ ဘယ်လိုစုံစမ်းခဲ့တယ် ၊ ဘယ်လို အရေးယူခဲ့တယ် ပြီးတော့မှ အရှေ့ပိုင်းမှာ ဘယ်လိုလုပ်မယ်ဆိုတာ သူတို့ပြောနိုင်မှ အကျိုးရှိမယ်။”

ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက အငယ်တန်းဝန်ကြီး Md Shahriar Alam ကလည်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ စွဲချက်ကို ICJ နဲ့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးတို့ကနေ ရှေ့ဆက်ကိုင်တွယ်လာမှုဟာ မြန်မာအပေါ် ဖိအားတွေ ပိုပြီးတိုးလာတယ်လို့ မြင်ကြောင်း တနင်္လာနေ့က မြို့တော် ဒါကာက နိုင်ငံခြား သတင်းထောက်များအသင်းမှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။

“မြန်မာအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးမှုတွေ များလာချိန်မှာပဲ ICC နဲ့ ICJ တရားစီရင်ပိုင်နက်အတွင်းမှာ မြန်မာရှိနေပါတယ်။”

ဒါနဲ့ ပတ်သက်လို့ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းရဲ့ တုန့်ပြန်ချက်ကတော့-

“ ICC ကတော့ ရှင်းပါတယ် ၊ အစိုးရ မီဒီယာကလည်း ပြောတယ်။ ကျနော်တို့လည်း အမြဲတမ်း ပြောနေတာပဲ။ ကျနော်တို့ အဖွဲ့ဝင်မဟုတ်တဲ့အတွက် အတင်း သူတို့ကနေပြီးတော့ ဆွဲထည့်နေတဲ့ သဘောပေါ့နော်။ ဒါကတော့ ကျနော်တို့နဲ့ မသက်ဆိုင်ဘူး။ သူတို့ဆုံးဖြတ်လည်း သူတို့ဟာသူတို့ ဆုံးဖြတ်တဲ့ အပိုင်းပဲ ရှိမယ်။ ကျနော်တို့ ရပ်တည်ချက်ကတော့ မပြောင်းလဲဘူး။ ICC သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတာ မဟုတ်တဲ့အတွက် ကျနော်တို့နဲ့ မသက်ဆိုင်ဘူး။ ဒါနဲ့ပဲ ကျနော်တို့က ဆက်ပြီး ရပ်တည်မှာပဲ။”

မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အခုလို ICC နဲ့ ICJ စတဲ့ နိုင်ငံတကာ တရားစီရင်ရေးအပိုင်းက ရှေ့တိုး ဆောင်ရွက်လာနေတဲ့အခြေအနေကိုတော့ ဦးဟန်ညောင်ဝေ က အခုလို သုံးသပ်ပါတယ်။

“ ဒီအမှုတွေက ICC ရော ICJ မှာရော ကြာမယ်။ ဘာကြောင့်လဲဆိုတော့ တရားဥပဒေ ကိစ္စတွေက တနိုင်ငံနဲ့ တနိုင်ငံ ကြားမှာ လုပ်နေရတဲ့ ကိစ္စဆိုတော့ မခိုင်မာရင် ရှေ့တိုးလို့မရဘူး ၊ ခိုင်မာတယ်လို့ သူတို့ မြင်လို့ ရှေ့တိုးနေတာဖြစ်ပါတယ်။ ဒါပေမယ့် အချိန်တော့ ကြာပါမယ်။ ချက်ချင်း မနက်ဖြန် ဒဏ်ချမယ်ဆိုတာတော့ မဟုတ်ပါဘူး။ အချိန်ယူရမယ်။ ပြည့်ပြည့်စုံစုံ သူတို့ စုံစမ်းရမယ့် ကိစ္စဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ ပြောချင်တာက ဒီအချက်အလက်တွေက လုံး၀ အခိုင်အမာမရှိဘူးဆိုရင် ဒီနိုင်ငံတွေ ရှေ့တိုးမှာမဟုတ်ဘူး၊ ICC ဆိုရင် အရေးယူတဲ့ ကိစ္စမှာ လုံခြုံရေးကောင်စီမပါပဲနဲ့ ရှေ့တိုးဖို့က တော်တော်ခက်တဲ့ ကိစ္စဖြစ်တယ်။ ဒါပေမယ့် အခု တရားစွဲဖို့ ရှေ့တိုးနိုင်တာ ဘာလဲဆိုတော့ ခိုင်မာတဲ့ အချက်အလက်တွေပေါ်နေလို့ သူတို့က လုံခြုံရေးကောင်စီကို မစောင့်ပဲနဲ့ ဒါက အကြောင်းအရာရှိတယ်။ အရေးမယူလို့ မရဘူးဆိုတဲ့ ကိစ္စနဲ့ သွားနေတာ ဖြစ်တယ်။”

ICC နိုင်ငံတကာ ရာဇဝတ်ခုံးရုံးရဲ့ ကြာသာပတေးနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ မြန်မာကနေ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ဘက် အတင်းအကြပ် မောင်းထုတ်ခဲ့မှုကို ICC ဥပဒေချုပ်ရုံး အနေနဲ့ စုံစမ်းစစ်ဆေးဖို့ ICC တရားသူကြီးတွေက ခွင့်ပြုလိုက်ကြောင်း ဖေါ်ပြထားပါတယ်။ ဒါကြောင့် မြန်မာနယ်စပ် ကနေဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် စနစ်တကျမောင်းထုတ်ခံရတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်း အပေါ် ပြစ်မှုကျူးလွန်မှုဟာ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှု မြောက်မမြောက် ICC ရှေ့နေတွေကိုယ်တိုင် စုံစမ်းစစ်ဆေးတော့မှာ ဖြစ်ပါတယ်။

--------------



















XS
SM
MD
LG