သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအပေါ် အရေးယူမှုပျက်ကွက်လျှင် နိုင်ငံတကာ သိက္ခာထိခိုက်နိုင်


ဆီးရီးယားအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာအပေါ် အယုံအကြည်ရှိမှုကို အဆုံးအဖြတ် ပေးခံရမယ့် အခြေအနေမှာ ရောက်နေတယ်လို့ ဆွီဒင်နိုင်ငံမှာ ရောက်နေတဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။

Stockholm မြို့တော်မှာ ဆွီဒင်ဝန်ကြီးချုပ် Fredrik Reinfeldt နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ ပူးတွဲ သတင်းစာပြုလုပ်စဉ် အခုလို သမ္မတ အိုဘားမားက ပြောကြားခဲ့တာဖြစ်ပါတယ်။ ဓာတုလက်နက် သုံးစွဲမှုနဲ့ ပတ်သက်လို့ မလုပ်သင့်တဲ့ ဘောင်ကို သူ သတ်မှတ်ခဲ့တာ မဟုတ်ဘဲ ဓာတုလက်နက် သုံးစွဲမှု ဆန့်ကျင်ရေး သဘောတူ စာချုပ်တွေ ချုပ်ဆိုစဉ်မှာ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေက မလုပ်သင့်တဲ့ စည်းဘောင်ကို သတ်မှတ်ခဲ့ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

လူမဆန်တဲ့ ဆောင်ရွက်မှုတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ငြိမ်ငြိမ်လေး မနေသင့်ဘူးဆိုတဲ့အပေါ်မှာလည်း ဆွီဒင်ဝန်ကြီးချုပ်နဲ့ သူ သဘောတူခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ဆီးရီးယားအပေါ် အရေးယူဖို့ ပျက်ကွက်ခဲ့လျှင် နောက်ထပ်တိုက်ခိုက်နိုင်ခြေတွေ တိုးလာနိုင်တယ်လို့လည်း အမေရိကန်သမ္မတက ပြောပါတယ်။

ညပိုင်းကျရင်လဲ သမ္မတအိုဘားမားဟာ ဆွီဒင်ဝန်ကြီးချုပ်အပြင်၊ ဖင်လန်၊ ဒိန်းမတ်၊ Iceland နဲ့ နော်ဝေးနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း အလုပ်သဘော တွေ့ဆုံ ညစာစားမှာ ဖြစ်ပါတယ်။ ကြာသပတေးနေ့ကျရင်တော့ အမေရိကန်သမ္မတဟာ စီးပွားရေးအင်အားကြီး နိုင်ငံများရဲ့ G-20 ထိပ်သီးစည်းဝေးပွဲ တက်ရောက်ဖို့ ရုရှားနိုင်ငံကို သွားရောက်ပြီး G-20 ထိပ်သီးစည်းဝေးပွဲကို တက်မှာဖြစ်ပါတယ်။

St. Petersburg မြို့မှာ ကြာသပတေးနဲ့ သောကြာနေ့ ၂ ရက်ကျင်းပမဲ့ G-20 ထိပ်သီးစည်းဝေးပွဲကျရင်လဲ သူ့အဆို ပစ်မှတ်ထားတိုက်ခိုက်မယ်ဆိုတဲ့ အရေးယူမှုအတွက် နိုင်ငံတကာရဲ့ ထောက်ခံမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိဖို့ သမ္မတအိုဘားမား ကြိုးစားမှာဖြစ်ပါတယ်။

ပြင်သစ်သမ္မတ Francois Hollande နဲ့ တူရကီဝန်ကြီးချုပ် Recep Tayyip Erdogan တို့ကတော့ မဟာမိတ်နိုင်ငံတွေထဲမှာ စစ်ရေးအရ အရေးယူမှုကို အခိုင်အမာ ထောက်ခံနေတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။ သမ္မတအိုဘားမားဟာ နိုင်ငံခြားခရီးမထွက်ခင်မှာ အမေရိကန် ထိပ်တန်းလွှတ်တော်ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံခဲ့ပြီး၊ ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူနိုင်ရေးအတွက်
ထောက်ခံမှုရအောင် စည်းရုံးဆွေးနွေးခဲ့ပါတယ်။
XS
SM
MD
LG