သုံးရလွယ်ကူစေသည့် Link များ

အပြည်ပြည်ဆိုင်ရာမြေမြုပ်မိုင်း အသိပညာပေးနေ့ လွိုင်ကော်မှာ ကျင်းပ


မြေမြုပ်မိုင်း အန္တရာယ်ကြီးတယ်လို့ သတ်မှတ်တဲ့ အထဲ တခုဖြစ်တဲ့ ကယားပြည်နယ်ပြမြေပုံ။
ဒီကနေ့ဟာ ဆိုလို့ရှိရင် "အပြည်ပြည်ဆိုင်ရာမြေမြုပ်မိုင်း အသိပညာပေးနေ့" ဖြစ် ပါတယ်။ မြန်မာနိုင်ငံ ကယားပြည်နယ် လွိုင်ကော်မြို့မှာ အပြည်ပြည် ဆိုင်ရာမြေမြုပ်မိုင်း အသိပညာပေးနေ့ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြေမြုပ်မိုင်း အန္တရာယ်လျှော့ကျစေရေးအတွက်ဆိုရင် လူထုအကြား ပညာပေးမှုတွေကို အရင်ဆုံး စတင်ပြုလုပ်ရမှာဖြစ်တာကြောင့်၊ လူထုပါဝင်ပတ်သက်နိုင်တဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်သွားဖို့လိုတယ်လို့ မိုင်းအန္တရာယ်လျှော့ကျရေး လှုပ်ရှားဆောင်ရွက်သူတွေက ပြောပါတယ်။ ဒီအကြောင်းကိုတော့ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးကနေ သတင်းပေးပို့ထားတာပါ။

ကမ္ဘာအနှံ့ မြေမြုပ်မိုင်း တားဆီးလုပ်ငန်းတွေ အရှိန်မြင့်ဆောင်ရွက် လာတာကြောင့် မိုင်းအသုံးပြုမှုတွေ ကျဆင်းလာတယ် ဆိုပေမယ့်၊ မြေမြုပ်မိုင်း အန္တရာယ်ရှိနေတဲ့ နိုင်ငံစာရင်းထဲမှာတော့ မြန်မာနိုင်ငံ ပါဝင်နေဆဲရှိပါတယ်။ အစီရင်ခံစာတွေထဲမှာတော့ မြန်မာအစိုးရတပ်တွေကရော တိုင်းရင်းသားလက်နက်ကိုင်သူပုန်အဖွဲ့တွေကပါ မြေမြုပ်မိုင်း အသုံးပြုမှုတွေ ရှိနေပြီး၊ ဒီ့အတွက်လည်း စစ်မက်ပဋိပက္ခရှိတဲ့ တိုင်းရင်းသားဒေသတွေမှာ ဆိုရင် မြေမြုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုတွေ အတော်များများ ရှိခဲ့ပါတယ်။ အထူးသဖြင့်တော့ လက်နက်ကိုင်တပ်တွေက ထောင် ထားတဲ့ မြေမြုပ်မိုင်းတွေကြောင့် ဒေသခံ အရပ်သားတွေမှာ မိုင်းအန္တရာယ်ကြီးမား လာတာပါ။ ဒီ့အတွက်လည်း အပြည်ပြည်ဆိုင်ရာ မြေမြုပ်မိုင်းအသိပညာပေးနေ့ ကို မြေမြုပ်မိုင်း အန္တရာယ်ကြီးတယ်လို့ သတ်မှတ်တဲ့ အထဲ တခုဖြစ်တဲ့ ကယားပြည်နယ် လွိုင်ကော်မှာ ကျင်းပဖြစ်တာပါလို့ ဒီအခမ်းအနားကို စီစဉ်တဲ့ လူမှုဝန်ထမ်းဦးစီးဌာနက ကယားပြည်နယ် ဦးစီးအရာရှိ ဦးမြင့်ဇော်က ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့ အခုTarget ဧရိယာအနေနဲ့ ၅နေရာသတ်မှတ်ထားတယ်ခင်ဗျ။ အဲဒီ ၅နေရာမှာ ကျနော်တို့ ကယားပြည်နယ်က တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကယားပြည်နယ်မှာတော့ မြို့ နယ် ၆ မြို့ နယ်မှာတော့ စတင်ပြီး MIE အသိပညာပေးရေး လုပ်ငန်းတွေကို ၂၀၁၃ ကနေစပြီးတော့ ဆောင်ရွက်နေပါတယ်။"

အခု ဒီ အခမ်းအနားကိုတော့ ရိုးရာအားကစားပွဲတွေနဲ့ ဥာဏ်စမ်းပြိုင်ပွဲတွေ လုပ်ပြီး လူထုပါဝင်နိုင်အောင် စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအခမ်းအနား ကနေ မြေမြုပ်မိုင်း အန္တရာယ်ကို လူထုအကြား နားလည်သိရှိအောင် ရည်ရွယ်တာဖြစ်တယ်လို့လည်း ဦးမြင့်ဇော်က ပြောပါတယ်။

"ကျနော်တို့ကဒီ မြေမြုပ်မိုင်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေးရေး အဖွဲ့တွေက ဒီမှာရှိတယ်။ DRC အဖွဲ့ရှိတယ်။ MAT အဖွဲ့ ရှိတယ်ပေါ့နော်။ နောက် DCA အဖွဲ့ရှိတယ်။ ဒီအဖွဲ့တွေအထဲမှာမှ အခုလုပ်တဲ့အဖွဲ့ကတော့ MAG အဖွဲ့ကနေပြီးတော့ မြေမြုပ်မိုင်း အန္တရာယ် အသိပညာပေးရေးကို အားကစားနည်းနဲ့ ပူးပေါင်းပြီးတော့မှ အသိပညာပေး ကဏ္ဍကို ကျင်းပတာဖြစ်ပါတယ်။"

မိုင်းအန္တရာယ်ကြီးမားတဲ့ ကျေးရွာတွေက လူငယ်တွေကို ဖိတ်ခေါ်ပြီး ဥာဏ်စမ်းပြိုင်ပွဲတွေမှာ ပါဝင်စေပါတယ်။ လူငယ် လူရွယ်အများစုဟာကျေးရွာ တနေရာနဲ့တနေရာ သွားလာမှုအများဆုံးဖြစ်ပြီး၊ မိုင်းအသိပညာ အားနည်းတာကြောင့် မိုင်းအန္တရာယ်အကြီးမားဆုံး အနေအထားဖြစ်နေတယ်လို့ MAG လို့ ခေါ်တဲ့ Mines Advisory Group မြေမြုပ်မိုင်း အသိပညာပေးရေး အဖွဲ့က ပြောပါတယ်။ ဒါကြောင့်လည်း မိုင်းအန္တရာယ်လျှော့ပါးရေးဆောင်ရွက် တဲ့နေရာမှာ အဓိက ပထမဆုံးအဆင့်ကတော့ အန္တရာယ်ကြုံနေရတဲ့ လူမှု အသိုင်းအ၀ိုင်းကို စတင် ထိစပ်လုပ်ဆောင်ရတာဖြစ်တယ်လို့ MAG အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွန်ကြားရေးမှုး Janet Ousley က ပြောပါတယ်။

“ ကိုယ်နဲ့ဆက်စပ်လုပ်ကိုင်မယ့် လူမှုအသိုင်းအ၀ိုင်းနဲ့ ပတ်သက်ပြီး တကယ်ပဲ သိရှိနားလည်အောင် သတိပြုပြီးတော့၊ သူတို့နဲ့ အတော်များများ ထိစပ်ဆက်ဆံမှုတွေ အရင်ဆုံးလုပ်ပါတယ်။ ဒီလူမှုအသိုင်းအ၀ိုင်းဟာ ဘယ်လောက်အထိ မိုင်းအန္တရာယ်ကြီးတယ်ဆိုတာ ဆန်းစစ်လေ့လာမှု လုပ်ပါတယ်။ အဲတော့ ဒီလူမှုအသိုင်းအ၀ိုင်း အကြောင်း နားလည်သဘောပေါက်အောင် လုပ်ပြီးတော့၊ သူတို့အတွက် မိုင်းအန္တရာယ်ကြီးနေတာကို ဘယ်လို လျှော့ပါးလာအောင် ပညာပေးဆောင်ရွက်နိုင်မလဲဆိုတာမျိုး လုပ်ပါတယ်။ ဒါကြောင့် မိုင်းအန္တရာယ်နဲ့ပတ်သက်လို့ လူတွေ အသိရှိ နားလည်ပုံခြင်း နေရာ တနေရာနဲ့တနေရာ မတူကြပါဘူး။”

မြန်မာနိုင်ငံအနေနဲ့တော့ မြေမြုပ်မိုင်းတားဆီးရေးအတွက် အစိုးရအဆင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားမှု ရှိပေမယ့်၊ မြန်မာနိုင်ငံဟာ နိုင်ငံတကာမြေမြုပ်မိုင်း တားဆီးရေး စာချုပ်ကို လက်မှတ်ထိုးထားတာ မရှိသေးပါဘူး။ မြေမြုပ်မိုင်း တားဆီးရေး နိုင်ငံတကာစာချုပ်ကို လက်မှတ်မထိုးတဲ့ အထဲမှာ နိုင်ငံကြီးတွေထဲကဆိုရင် အမေရိကန်ပြည်ထောင်စုလည်း ပါဝင်ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ပြည်ထောင်စုအနေနဲ့က ၁၉၉၂ ခုနှစ်ကတည်းက မိုင်းတွေ ပြည်ပတင်ပို့မှုကို တရားဝင် ရပ်ဆိုင်းခဲ့သလို၊ နိုင်ငံတကာမှာ မြေမြုပ်မိုင်းရှင်းလင်းရေးအတွက်လည်း ရံပုံငွေကြေး အတော်များများ ထည့်ဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ကတော့ မြေမြုပ်မိုင်းအသုံးပြုမှုတွေ ရှိနေဆဲဖြစ်တယ်လို့ ယူဆကြပြီး၊ ဆယ်စုနှစ် ၆ ခုကျော်ကြာတဲ့ ပြည်တွင်းစစ်ကြောင့် လည်း မတူးမဖော် ရှာမတွေ့နိုင်တော့တဲ့ မြေမြုပ်မိုင်းတွေ တိုင်းရင်းသားနယ်မြေတွေမှာ အတော်များများရှိနေပါတယ်။ ဒါကြောင့်လည်း အခု အပစ်အခတ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး တိုင်းရင်းသား ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး ကိစ္စတွေနဲ့အတူပဲ၊ မြေမြုပ်မိုင်းရှင်းလင်းရေး ဟာ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ လုပ်ငန်းတခုလို ဖြစ်လာပါတယ်။

တကမ္ဘာလုံးမှာ မြေမြုပ်မိုင်းအန္တရာယ်လျှော့ကျလာရေးအတွက် အပြည်ပြည်ဆိုင်ရာမြေမြုပ်မိုင်း အသိပညာပေးနေ့ကိုတော့ ဧပြီလ ၄ ရက်နေ့ အဖြစ်သတ်မှတ်ဖို့ ၂၀၀၅ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကနေ ဆုံးဖြတ်အတည်ပြုခဲ့တာပါ။ အခု ၂၀၁၄ အပြည်ပြည်ဆိုင်ရာနေ့ ကို မြန်မာနိုင်ငံမှာလိုပဲ အခြား ကမ္ဘာနေရာ အတော်များများမှာလည်း ကျင်းပသွားဖို့ရှိနေပါတယ်။
XS
SM
MD
LG