သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ တရုတ်အတိုက်ခံတွေ ပြန်လွှတ်ပေးရေး လူ့အခွင့်ရေးအဖွဲ့တွေ တောင်းဆို


တရုတ်နွယ်ဖွား သြစတြေးလျနိုင်ငံသား စာရေးဆရာ Yang Hengjun
တရုတ်နွယ်ဖွား သြစတြေးလျနိုင်ငံသား စာရေးဆရာ Yang Hengjun

သြဂုတ်လ ၃၀ ရက်နေ့ သောကြာနေ့ဟာ အဓမ္မ ဖမ်းဆီးခံ ပျောက်ဆုံးနေသူများ အထိမ်းအမှတ် အပြည်ပြည်ဆိုင်ရာနေ့ (International Day of Victims of Enforced Disappearances) နေ့ ဖြစ်ပါ တယ်။ အဲဒီနေ့မှာပဲ တရုတ်နိုင်ငံက ကျင့်သုံးတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ တွေကို တိတ်တဆိတ် ဖမ်းဆီးတဲ့ အလေ့အထကို ဆက်လက် မကျင့်သုံးဖို့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက တောင်းဆိုခဲ့ပါတယ်။ VOA သတင်းထောက် Joyce Huang သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းက ဆက်လက် တင်ဆက်ပေးပါမယ်။

အဓမ္မ ဖမ်းဆီးခံ ပျောက်ဆုံးနေသူများ အထိမ်းအမှတ် အပြည်ပြည်ဆိုင်ရာနေ့မှာလူ့အခွင့်အရေး လှုပ်ရှားမှုတွေကြောင့် တရုတ်အစိုးရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက တရုတ်အစိုးရကို တောင်းဆိုလိုက် ပါတယ်။ အဲဒီ အထဲ မကြာခင်ကမှ တရုတ်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်း တာကို ခံခဲ့ရတဲ့ တရုတ်နွယ်ဖွား သြစတြေးလျနိုင်ငံသား စာရေးဆရာ Yang Hengjun ကို ပြန်လွှတ်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။ တရုတ် အစိုးရ အရာရှိဟောင်း Yang ဟာ မိသားစုနဲ့အတူ နယူးယောက်မြို့ နေ ဂွမ်ဂျိုးပြည်နယ် ကိုသွားအပြီး ရှန်ဟိုင်းမြို့ အသွားမှာ အဓမ္မ ဖမ်းဆီးခံရ ပါတယ်။ အဖမ်းခံနေရစဉ်အတွင်း မိသားစုနဲ့ရော သူ့ရဲ့ ရှေ့နေနဲ့ပါ တွေ့ခွင့်မရှိခဲ့ပါဘူး။ Yang ဟာ တရုတ်အာဏာပိုင်တွေကို ဝေဖန်နေသူ တစ်ဦးပါ။

လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာ နိုင်ငံခြားသားတွေဖြစ်တဲ့ Yang နဲ့ ကနေဒါနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးတာဟာ ဓါးစာခံသုံး သံတမန်ရေး (Hostage Diplomcay) ကို ကျင့်သုံးတာဖြစ်တယ်လို့ ပါရှိခဲ့ပါတယ်။

Yang ကိုဖမ်းဆီးတာဟာ လုံခြုံရေးကြောင့် တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei ထုတ်ကုန် ပစ္စည်းတွေ ဝယ်ယူတာကို ပိတ်ပင်တဲ့ သြစတြေးလျ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို လက်တုံ့ပြန်တာလို့ ပြောကြသလို နိုင်ငံရေးအရ နှစ်ဖက်ခွ ဆောင်ရွက်နေသူတွေကို နှိမ်နင်းတဲ့ တရုတ်အစိုးရရဲ့ လှုပ်ရှားမှု Campaign မှာ Yang ဟာ ပစ်မှတ်ဖြစ်ခဲ့တယ်လို့လည်း တစ်ချို့က မြင်ကြပါတယ်။

Yang ဟာ တရုတ် သံတမန်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် Columbia တက္ကသိုလ်မှာ သုတေသီအဖြစ် ဆောင်ရွက်ခဲ့ သလို Democracy Peddler ဒီမိုကရေစီ မူးယစ်ဆေးရောင်းသူ လို့ ခေါ်တဲ့ စာအုပ်ကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

CNN နဲ့ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာတော့ သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison က Yang အပေါ် စွပ်စွဲချက်တွေဟာ လုံး၀ မှန်ကန်မှု မရှိဘူးလို့ ပြောပြီး Yang ဘက်က ရပ်တည် ခုံခံသွားမယ်လို့ ပြောပါတယ်။ ဝန်ကြီးချုပ် Morrison ရဲ့ ပြောကြားချက်ကို ပေါ့ပျက်ပျက် မှတ်ချက်ဆိုပြီး တရုတ်နိုင်ငံက ပြန်လည် တုံ့ပြန်ပါတယ်။

“တရုတ်နိုင်ငံဟာ တရားဥပဒေ စိုးမိုးမှုရှိတဲ့ နိုင်ငံပါ။ တရားစီရင်ရေးဌာနက အမှုတွေကို ဥပဒေအရ လွတ်လပ်စွာ ကိုင်တွယ်ဆောင်ရွက်ပါတယ်။ သက်သေအထောက်အထား မရှိဘဲ တာဝန်မဲ့ မှတ်ချက်တွေကို ပေးနေတာနဲ့ ဇတ်ရှိန်မြင့်အောင်လုပ်ပြီး ဖိအားပေး နေတာတွေကို ရပ်ဆိုင်းဖို့ သြစတြေးလျဘက်ကို အကြံပြုချင်ပါတယ်။”

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Geng Shuang ရဲ့ တုံ့ပြန် ပြောကြားချက်ဖြစ်ပါတယ်။

ကျယ်ကျယ်ပြန့်ပြန့် ကြည့်ပြီး ပြောမယ်ဆိုရင်လည်း လက်ရှိ တရုတ်အစိုးရက ကွန်မြူနစ်ပါတီနဲ့ ခေါင်းဆောင်မှုအပေါ် သစ္စာခံမှု မရှိသူတွေကို ဖော်ထုတ် ရှင်းလင်းနေတဲ့ အစီအစဉ်ထဲ Yang ပါဝင်သွားခဲ့တာလည်း ဖြစ်နိုင်တယ်လို့ နယူးယောက်မြို့ City University က ပါမောက္ခ Xia Ming က ပြောပါတယ်။

“သမ္မတ ရှီဂျင်ပင်းက နှစ်ဖက်ခွထိုင်နေသူတွေကို ရှင်းထုတ်ပစ်ဖို့ ပြောဆိုပြီးခဲ့တဲ့ နောက်ပိုင်း တရုတ်နဲ့ အနောက်နိုင်ငံတွေအကြား ကူးလူး ဆက်ဆံနေတဲ့ Yang Hengjun လို လူမျိုးတွေအတွက် အန္တရာယ် ပိုကြီးလာခဲ့တယ်။”

ပါမောက္ခ Xia Ming နဲ့ တစ်သဘောတည်းရှိတဲ့ ဟောင်ကောင် Baptist တက္ကသိုလ်က Jean-Pierre Cabestan ကလည်း Yang လို တရုတ် သံတမန်နဲ့ ထောက်လှမ်းရေးစနစ်ကထွက်လာပြီးမှ နိုင်ငံရပ်ခြားမှာ ဒီမိုကရေစီ တန်ဖိုးအကြောင်း ပြောဆိုနေသူတွေကို တရုတ်ကွန်မြူနစ် ပါတီက သစ္စာဖောက်အဖြစ် မြင်လေ့ရှိတယ်လို့ ဆိုပါတယ်။ Yang ရဲ့အရေးကိစ္စမှာ တရုတ်-သြစတြေးလျ တင်းမာမှုလည်း ပါဝင်ပတ်သက် နေတယ်လို့ Cabestan က ပြောပါတယ်။

“တရုတ်နိုင်ငံက သြစတြေးလျနိုင်ငံကို သင်ခန်းစာပေးချင်ပုံရပါတယ်။ သြစတြေးလျ နို်င်ငံရေးထဲ တရုတ် သြဇာ လွှမ်းမိုးဖို့နဲ့ သြစတြေးလျနို်င်ငံထဲ တရုတ်အကျိုးစီးပွားကို မြှင့်တင်ဖို့ လှုပ်ရှားမှုတွေအပေါ် သိပ်ပြီး တင်းတင်းမာမာ မကိုင်တွယ်ဖို့ သတိပေး ချင်နေပါတယ်။”

Yang ကို ဖမ်းဆီးမှုဟာ တရုတ်နဲ့ သြစတြေးလျ နှစ်နိုင်ငံအကြား လတ်တလော တင်းမာမှုတွေ ထွက်ပေါ်လာအပြီးမှ ဖြစ်ပွားခဲ့တာပါ။

နှစ်နိုင်ငံအကြား ခိုင်မာတဲ့ ကုန်သွယ်ရေး ရှိနေပေမဲ့ အငြင်းပွားနေတဲ့ကိစ္စကလည်း အများအပြားပါ။ တောင် ပစိဖိတ် သမုဒ္ဒရာထဲ တရုတ်နိုင်ငံက လှုပ်ရှားမှုတွေ ပိုများလာတာတွေ၊ သြစတြေးလျ ပြည်တွင်း နိုင်ငံရေးထဲ တရုတ်နိုင်ငံက သြဇာ လွှမ်းမိုးဖို့ ကြိုးစားနေ တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ Huawei ရဲ့ 5G ကွန်ယက် အသုံးပြုမှုကို ပိတ်ပင်တဲ့ သြစတြေးလျနိုင်ငံရဲ့ ဆုံးဖြတ်ချက်တာတွေဟာ နှစ်နို်င်ငံ အကြား လက်ရှိ တင်းမာမှုတွေရဲ့ အရင်းခံ အကြောင်းတွေထဲ ပါဝင်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG