သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နေပြည်တော်မှ တိုက်ရိုက် သတင်းပို့


မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသည့် နိုင်ငံတကာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ။ စက်တင်ဘာ ၁၅၊ ၂၀၁၁။
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသည့် နိုင်ငံတကာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ။ စက်တင်ဘာ ၁၅၊ ၂၀၁၁။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခြေအနေနဲ့ သတင်းမီဒီယာတွေကို ပထမဆုံး အကြိမ်အဖြစ်နဲ့ လွတ်လွတ်လပ်လပ် သတင်းယူခွင့် ပြုတာနဲ့ ကြုံခဲ့ရတာပါ။ အရင်တုန်းကဆိုရင် အဲဒီကို တယ်လီဖုန်းတွေလည်း ယူခွင့်မပြုပါဘူး။ တယ်လီဖုန်းတွေ ယူလို့ရှိရင်လည်း ပိတ်ခိုင်းထားပါတယ်တဲ့။ ပြီးတော့ ဝင်သွားတဲ့သူတွေ အကုန်လုံးကိုလည်း စစ်ဆေးတာတွေ လုပ်တယ်၊ ပစ္စည်းတွေ ပါသွားရင် ကင်မရာတွေ ပြရတယ်။ ဒီနေ့ကတော့ ဘာမှလည်း ပြစရာ မလိုဘူး၊ တယ်လီဖုန်းလည်း ပိတ်စရာ မလိုဘူး။ အကုန်လုံးကို လွတ်လွတ်လပ်လပ် ယူခွင့်ပေးပါတယ်။

နေပြည်တော် ပြည်သူ့လွှတ်တော် ဝန်းကြီးထဲက သဘင်ဆောင်ဆိုတဲ့ ခန်းမကြီးထဲမှာ ကျင်းပတာပါ။ အဲဒီမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းက သူတို့ကို ကမ္ဘာက စောင့်ကြည့် ကြိုဆိုနေကြသလို ကမ္ဘာ့မီဒီယာတချို့နဲ့ မြန်မာမီဒီယာတွေက လေ့လော စောင့်ကြည့် ဝေဖန် အကြံပြုမှုတွေ ပြုလုပ်ဖို့ အသင့်ဖြစ်နေကြပါပြီလို့ ပြောသွားပါတယ်။ နောက် ဒီအချိန်မှာ ပြည်တွင်း ပြည်ပက မီဒီယာတချို့ဟာ ဒီခန်းမကြီးထဲမှာ သူတို့နဲ့အတူ ရောက်ရှိနေပြီး နိုင်ငံတကာ ဒီမိုကရေစီနေ့ရဲ့ ထူးခြားတဲ့ သမိုင်းမှတ်တိုင် တခုအဖြစ် မြန်မာနိုင်ငံရဲ့ လွှတ်တော်တွေ အတွင်းမှာ စိုက်ထူနိုင်ပြီ ဖြစ်တယ်လို့ သူက ပြောသွားပါတယ်။

အရင်တုန်းက လွှတ်တော်တွေထဲမှာ သတင်းထောက်တွေ ဓာတ်ပုံလောက်ပဲ ရိုက်ခွင့်ရှိပြီး လွှတ်တော်တွင်းက လွှတ်တော်အမတ်တွေကိုတောင်မှ တွေ့ဆုံမေးမြန်းခွင့် မရှိပါဘူး။ ဒီနေ့တော့ လွှတ်တော်အမတ်တွေ ရောက်လာတာနဲ့ တပြိုင်နက် ကျမတို့ သတင်းမီဒီယာသမားတွေ လွတ်လွတ်လပ်လပ် မေးမြန်းနိုင်ခဲ့ပါတယ်။ ကျမလည်း ဒီနေ့ RNDP ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုပါတီက ဒေါက်တာအေးမောင်ကို မေးနိုင်ခဲ့ပါတယ်၊ NDF ပါတီက ဒေါက်တာ မြတ်ဉာဏစိုးကိုလည်း မေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အမတ်တွေလည်း မေးခဲ့ပါတယ်။

အထူးသဖြင့် ပြောလေ့ပြောထ မရှိတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကိုပါ ကျမ မေးမြန်းခွင့် ရခဲ့ပါတယ်။ အဲဒီ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်အတွင်းမှာ လွတ်ငြိမ်းချမ်းသာခွင့် အဆိုကို သူတို့ ထောက်ခံခဲ့ကြတယ်လို့ ကျမကို ဝမ်းသာအားရ ပြောပြတာ တွေ့ရပါတယ်။

နောက်တခုက အဲဒီ ဒီမိုကရေစီနေ့ အခမ်းအနားမှာ စာတမ်းတွေ ဖတ်ကြပါတယ်။ စာတမ်းတွေက တော်တော်လေး များပါတယ်။ တော်တော်လေး သည်းခံပြီး နားထောင်ရတယ်၊ ရှည်လည်းရှည်တယ်၊ ကောင်းလည်း ကောင်းပါတယ်၊ ဒီမိုကရေစီနေ့နဲ့ ပတ်သက်ပြီး ပြောတာဆိုတော့။ အဲဒီမှာ ထူးခြားတဲ့ အချက်တချက်က RNDP ပါတီက ဒေါက်တာအေးမောင်ကလည်း စာတမ်းဖတ်ပါတယ်။ အဲဒီမှာ သူ့ရဲ့ စာတမ်းအပိတ်ကလေးက တော်တော်လေး ထူးခြားလို့ပါ။

ပြည်သူ့ခေတ်ဂျာနယ်မှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည် ရေးခဲ့တဲ့ ပုဂံဘုရားဖူး ဆောင်းပါးကို ဘာသာပြန်ထားတဲ့ အထဲက နိဂုံးအပိုဒ်ကလေးပါ။ မနုဟာ ဘုရားကြီးနဲ့ ပတ်သက်ပြီးတော့ လူမျိုးစုံ လူနည်းစု တိုင်းရင်းသားတွေရဲ့ ပဋိပက္ခ ဖြစ်နေတာတွေ၊ နောက် ယုံကြည်ချက်ကြောင့် လွတ်လပ်မှုအတွက် အဓိက မျှော်မှန်းနေကြတဲ့ အကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ ရေးထား၊ တင်စားထားတာလေးကို ဒေါက်တာအေးမောင်က ဖတ်ပြသွားတာပါ။ အဲဒါကိုလည်း အကုန်လုံး ဝိုင်းပြီးတော့ လက်ခုပ်တီး သြဘာပေးကြပါတယ်။

နောက် ဒီနေ့အခမ်းအနား ပြီးတဲ့နေရာမှာ ပြည်သူ့လွှတ်တော် ရေးရာအဖွဲ့တွေရဲ့ ကော်မတီဝင် ၁၂ ဦး ပါဝင်တဲ့ အဖွဲ့က သတင်းစာ ရှင်းလင်းပွဲ ကျင်းပပါတယ်။ အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ လွှတ်တော်ထဲမှာ အဆိုတင်သွင်းတာတွေ၊ အချေအတင် ဆွေးနွေး မဲခွဲကြတာတွေနဲ့ ပတ်သက်ပြီးတော့လည်း တိုင်းရင်းသား လွှတ်တော်တွေက ပွင့်ပွင့်လင်းလင်း ဖြေပေးပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး လူထုရဲ့ စိုးရိမ်မကင်း ဖြစ်ရတာတွေကိုလည်း သူတို့ ဝိုင်းဝန်း ဆွေးနွေးပေးကြပါတယ်။

ဒါနဲ့တဆက်တည်းမှာပဲ ကျမတို့ သတင်းမီဒီယာတွေကို တာဝန်ခံပြီး ဖိတ်ကြားခဲ့တဲ့ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းကိုလည်း ကျမ တွေ့ဆုံ မေးမြန်းနိုင်ခဲ့ပါတယ်။ သူကလည်း ပြည်ပ သတင်းမီဒီယာတွေက သတင်းတွေကို မျှမျှတတ၊ မှန်မှန်ကန်ကန်ဖြစ်အောင် ရေးပြပါ၊ ပြီးတော့ သူတို့ရဲ့ အမြင်တွေကိုလည်း ထုတ်ဖော် ပြောဆိုချင်ပါတယ်လို့ ပြောပါတယ်။

ပြီးတော့ မျှမျှတတ၊ မှန်မှန်ကန်ကန်ဖြစ်အောင် လုပ်နိုင်ဖို့ဆိုတဲ့ နေရာမှာ ကျမကလည်း ပြန်ပြောလိုက်ပါတယ်၊ ပြန်ကြားရေး ဝန်ကြီးဌာနကနေ ဖွဲ့စည်းထားတဲ့ သတင်းပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့် ရှိသူတွေ အနေနဲ့ ကျမတို့နဲ့ ဆက်သွယ်လို့ရအောင် တယ်လီဖုန်းနံပါတ်တွေ ထားပြီးတော့ ကျမတို့က မေးတဲ့အခါမှာ ဖြေပေးလို့ရှိရင် ကျမတို့ သတင်းတွေကို မျှမျှတတ၊ မှန်မှန်ကန်ကန် လုပ်နိုင်မှာပါဆိုတော့ သူကလည်း အဆင်ပြေသလို ကြည့်ရှု စီစဉ်ပေးမယ်လို့ ပြောပါတယ်။

XS
SM
MD
LG