သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ဒေါ်လာ သန်းတထောင် မြှုပ်နှံဖို့ IFC ကြေညာ


အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ထုတ်ပြန် ကြေညာ။
အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ထုတ်ပြန် ကြေညာ။

ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့ဝင်ဖြစ်သော IFC အနေနဲ့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို လာမယ့်သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ (၁) ဘီလီယံအထိ တိုးမြှင့်သွားဖို့ IFC က ထုတ်ပြန် ပါတယ်။ မြန်မာ အစိုးရက ပြုပြင်ပြောင်းလဲရေးတွေ ကို ဆောင်ရွက်နေပေမယ့် အောက်ခြေ လူထုတွေ စီးပွားရေး အခွင့်အလမ်း နည်းပါးနေသေးတာကြောင့် IFC ရဲ့ ရင်းနှီးမြှုပ်နှံ ကူညီမှုတွေကို တိုးမြှင့်ရ တာဖြစ်တယ်လို့ IFC ကပြော ပါတယ်။ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း IFC ရဲ့ မြန်မာ စီးပွားရေး ရင်းနှီးမြှပ်နှံမှု အကြောင်း ကိုစည်သူက တင်ပြပေးမှာပါ။

ှုIFC ထုတ်ပြန်ကြေညာစဉ်။
ှုIFC ထုတ်ပြန်ကြေညာစဉ်။

IFC အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်းရဲ့ လာမယ့် သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ(၁) ဘီလီယံအထိ တိုးမြှင့်တဲ့ ရင်းနှီးမြှုပ်နှံမှု အကူအညီ ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ ပုဂ္ဂလိက လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးတွေအတွက် အသေးစား အလတ်စား လုပ်ငန်းတွေမှာ အဓိကထား ကူညီသွားမှာဖြစ်ပါတယ်။

စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေလုပ်ဆောင်ဖို့ အခြေအနေ အကောင်းဆုံးနိုင်ငံများ စာရင်းမှာ မြန်မာနိုင်ငံရဲ့ အခြေအနေတိုးတက်မှုမရှိကြောင်း IFC ဌာနေကိုယ်စားလှယ် Vikram Kumar က အခုလိုသုံးသပ်ပါတယ်။

"မြန်မာနိုင်ငံရဲ့ အဆင့် အခြေအနေ သိသိသာသာတိုးတက်မှုမရှိဘူးဆိုတဲ့အချက်ကို ကျနော်တို့ အသိအမှတ်ပြုပါတယ်။ အစိုးရ အနေနဲ့ကလည်း ပြုပြင်ပြောင်းလဲရေး အတွက် ထူးထူးခြားခြား ဆောင်ရွက်နေတယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ အဓိကကျတာက ပြုပြင်ပြောင်းလဲမှုရဲ့ အနှစ်သာရကို အောက်ခြေလူထု ထိထိရောက်ရောက် ခံစားကြပါရဲ့လားဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရရဲ့ပြုပြင်ပြောင်းလဲရေး ထိရောက်မှုရှိအောင် ဘဏ္ဍာရေးကဏ္ဍမှာ IFC က အကူအညီပေးဖို့ဖြစ်ပါတယ်။

စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေရေးဆွဲရာမှာ အကြံပေးနေသလို၊ SME အငယ်စားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေ ပြုပြင်ပြောင်းလဲရေးရဲ့ အကျိုးခံစားနိုင်ကြအောင် ပံ့ပိုးပေးနေတာဖြစ်ပါတယ်။ အစိုးရကလည်း လမ်းကြောင်းမှန်ပေါ်မှာရောက်ရှိနေပြီး နောက်နှစ်တွေမှာ ဒီထက်မက ပိုပြီးတိုးတက်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ငွေကြေးအရင်းအနှီးရရှိနိုင်မှု နည်းပါးတဲ့ အတားအဆီးကို ဖယ်ရှားနိုင်ဖို့ IFC အနေနဲ့ ဗဟိုဘဏ်အပါအဝင် ပြည်တွင်းဘဏ်တွေနဲ့ လက်တွဲပြီး အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကို ငွေကြေးဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်နေပါတယ်။

IFC အနေနဲ့ မြန်မာပြည်တွင်းက ဘဏ်တွေကို ချေးငွေပံ့ပိုးတဲ့နေရာမှာ စံသတ်မှတ်ချက်သီးခြားမထားရှိဘဲ ပြုပြင်ပြောင်းလဲရေး ထိရောက်အောင် ဝိုင်းဝန်းတွန်းအားပေးတဲ့၊ တာဝန်သိတဲ့ လုပ်ငန်းရှင်တွေကို မိတ်ဖက်အဖြစ်လက်တွဲဆောင်ရွက်နေပါတယ်လို့ IFC ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Vivek Pathek ကပြောပါတယ်။

အရေးကြီးဆုံးကတော့ ပြည်တွင်းဘဏ်တွေအနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်အယူအဆနဲ့ အကျိုးရှိမယ့်လုပ်ငန်းတွေကို လုပ်ကိုင်နိုင်အောင် IFC ကိုအဆိုပြုကြ ရတာဖြစ်ပါတယ်။ မြန်မာ့ပုဂ္ဂလိကဘဏ်လုပ်ငန်းဟာ ခရိုနီတွေကြီးစိုးတာဖြစ်ပေမဲ့ ခရိုနီကို အမျိုးမျိုး အဓိပ္ပါယ် ဖွင့်လို့ရပါတယ်။ နိုင်ငံတိုင်းလိုလိုမှာ ခရိုနီ စီးပွားရေး အရင်းအနှီးလုပ်ငန်းတွေ အသီးသီးရှိကြပါတယ်။ အကျဉ်းချုံးပြောရ ရင်တော့ ပြုပြင်ပြောင်းလဲ လုပ်ဖို့ လိုလိုလားလား ဆန္ဒရှိကြတဲ့ ခရိုနီဆိုရင် IFC အနေနဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ခရိုနီတွေက ပြုပြင်ပြောင်းလဲရေး ကို တကယ် အလေးအနက်ထားကြသလား ဆိုတာကို ဆန်းစစ်ပြီး လက်တွဲလုပ်တဲ့နေရာမှာ မှန်ကန်တာတွေရှိသလို အမှားတွေနဲ့လည်းကြုံရတတ်ပါတယ်။ IFC အနေနဲ့ ဒီလိုမျိုး စွန့်စားရတာတွေ လည်းရှိပါတယ်။

IFC အနေနဲ့ မြန်မာနိုင်ငံရဲ့ အသေးစားအလတ်စား လုပ်ငန်းဖွံ့ဖြိုးရေး ရင်းနှီးမြှပ်နှံမှု အစုစုအတွက် ၂၀၁၄ နိုဝင်ဘာလအထိ အမေရိကန်ဒေါ်လာ (၉၂) သန်း ထောက်ပံ့ကူညီထားတာဖြစ်ပါတယ်။ အခုဘဏ္ဍာနှစ်ကုန်ဆုံးမယ့် ၂၀၁၅ ဇွန်လမှာ IFC ရဲ့ မြန်မာနိုင်ငံအပေါ်စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာသန်းပေါင်း (၄၀၀) ရှိပါတယ်။ ဒါကြောင့် ၂၀၁၇ ဘဏ္ဍာနှစ်အထိ နောက်ထပ် အမေရိကန်ဒေါ်လာ သန်းပေါင်း (၆၀၀) ထပ်မံရင်းနှီးမြှုပ်နှံကူညီမယ့် ရင်းနှီးမြှုပ်နှံမှု ဖြစ်လာမှာပါ။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဟာ ခန့်မှန်းခြေအားဖြင့် အိမ်ထောင်စုပေါင်းရဲ့ (၃၀) ရာနှုန်းပဲရှိတာကြောင့် နိုင်ငံပိုင် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့ကို အများပိုင် စီးပွားရေးကော်ပိုရေးရှင်းအဖြစ် အသွင်ပြောင်းနိုင်ဖို့ IFC ကတိုက်တွန်းလိုက်ပါတယ်။ ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲနိုင်ဖို့နဲ့ လျှပ်စစ်မီးရရှိရေးအတွက် လိုအပ်တဲ့ အကူအညီတွေကိုလည်း ထောက်ပံ့ပေးသွားမယ်လို့ IFC (အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း) ကပြောပါတယ်။

XS
SM
MD
LG