သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအတွက် သတင်းသမားများ အရေးပါကြောင်း ဒေါ်စုပြော


မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့မှာကျင်းပတဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်ပွဲမှာ မိန့်ခွန်းပြောကြားစဉ်။ (မေ ၂၊ ၂၀၁၅)
မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့မှာကျင်းပတဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်ပွဲမှာ မိန့်ခွန်းပြောကြားစဉ်။ (မေ ၂၊ ၂၀၁၅)

မကြာခင်ကျင်းပဖို့ ပြင်ဆင်နေတဲ့၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိစေဖို့ သတင်းသမားတွေရဲ့အခန်းကဏ္ဍ အရေးကြီးကြောင်းရန်ကုန်မြို့ Novotel Hotel မှာ ဒီကနေ့ကျင်းပတဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့အထိမ်းအမှတ် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ပြုပြင်ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအချိန်မှာတော့ လွတ်လပ်စွာသတင်းရယူခွင့်၊ ရေးသားဖေါ်ပြမှုတွေအတွက်ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရဆဲပဲလို့ သတင်းသမားတွေက ပြောဆိုကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

မေလ ၃ ရက် ဒီကနေ့မှာ ကျရောက်တဲ့ World Press Freedom Day ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့အခမ်းအနားကိုမြန်မာအစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂ UNESCO အဖွဲ့တို့ပေါင်းပြီး မြန်မာနိုင်ငံမှာ ကျင်းပလာတာ ဒီနှစ်ပါနဲ့ဆို (၄) ကြိမ်မြောက် ရှိသွားပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့အနာဂတ်ကို အကောင်းဆုံးတည်ဆောက်နိုင်ဖို့ဆိုရင် ဒီနှစ်ထဲ ကျင်းပဖို့ရှိတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိလာစေဖို့ စာနယ်ဇင်းသမားတွေက ဝိုင်းဝန်းကူညီဖို့လိုကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ကျင်းပတဲ့ ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ ပြောကြားသွားပါတယ်။

“၂၀၁၅ ရွေးကောက်ပွဲဆိုတာ ကျမတို့နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ အချိုးအကွေ့တခု ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲထက် အများကြီး ပိုပြီးတော့ အဓိပ္ပာယ်ပါမယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ အဲဒီတော့ ဒီရွေးကောက်ပွဲများဟာ လွတ်လပ်ပြီးတော့ တရားမျှတဖို့အတွက်စာနယ်ဇင်းလောက ကနေပြီးတော့ တတ်နိုင်သ၍ ကူညီခြင်းအားဖြင့် ကျမတို့နိုင်ငံရဲ့ အနာဂတ်ကို အကောင်းဆုံး ဆောက်လုပ်ပေးခဲ့တာဖြစ်မယ်လို့ ကျမ သတိပေးချင်ပါတယ်။ ဒါကြောင့် ကျမ မေတ္တာရပ်ခံချင်ပါတယ်။”

ရန်ကုန်မြို့ ပြည်လမ်းပေါ်မှာရှိတဲ့ Novotel Hotel မှာကျင်းပတဲ့ အခမ်းအနားကို အစိုးရပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်လည်း တက်ရောက်ပြီး သတင်းသမားတွေကို အစိုးရက ဖိနှိပ်နေတယ်ဆိုတာ မမှန်ကန်ဘူးလို့ ငြင်းဆိုသွားကြောင်း မြန်မာဂျာနယ်လစ်ကွန်ယက် MJN အတွင်းရေးမှူး ဦးမြင့်ကျော်က VOA ကို ပြောပါတယ်။

“ဦးရဲထွဋ်ကတော့ အခု သတင်းမီဒီယာ လွတ်လပ်ခွင့် နိုင်ငံတကာ အညွှန်းကိန်းတွေက .. ဟို သူတို့အနေနဲ့ အားမကိုးဘူးပေ့ါနော်။ တနည်းအားဖြင့် ပြောရရင် လက်မခံဘူးဆိုတဲ့ သဘောမျိုးပြောတယ်။ သတင်းမီဒီယာသမားတွေကို အစိုးရက တရားစွဲတဲ့ အမှုအရေအတွက်က ၄ မှုလောက်ပဲရှိပြီးတော့ မီဒီယာသမား အချင်းချင်းစွဲတဲ့အမှုက အမှု ၂၀ လောက်ရှိတယ် ဆိုတဲ့ဟာမျိုးကို ပြောတာ။ အစိုးရက မီဒီယာတွေကို တရားစွဲဆို ခြိမ်းခြောက်တဲ့နည်းနဲ့ မီဒီယာကို ဖိနှိပ်တယ်ဆိုတာ မဟုတ်ပါဘူးဆိုတဲ့ဟာမျိုးကို သူက သက်သေပြဖို့ ကြိုးစားတာပေါ့နော်။ ဒါပေမယ့် တကယ်တမ်းကျတော့ ဒီမှာ ထောင်ဒဏ် ၁၀ နှစ်တို့၅ နှစ်တို့ စသဖြင့် အဲလိုပုဒ်မကြီးတွေနဲ့ထောင်ချခံရတဲ့ကိစ္စတွေက မီဒီယာသမားတွေပေါ်မှာ စိုးရိမ်မှု ကြီးကြီးမားမား ဖြစ်စေတယ်ပေါ့နော်။ အဲဒီဟာက မီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်တဲ့ကိစ္စတွေဖြစ်တယ်။”

အမေရိကန်ပြည်ထောင်စု Freedom House အဖွဲ့က မကြာသေးမီက ထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ၂၀၁၃ ခုနှစ် အတွက် အမှတ် ၇၀ ရခဲ့ရာက ၂၀၁၄ ခုနှစ်အတွက် အဆိုးဘက်ကို ဦးတည်ပြီး ၇၃ မှတ်ရကာ သတင်းလွတ်လပ်ခွင့် ကျဆင်းခဲ့တယ်လို့ ဖေါ်ပြခဲ့တာပါ။ အခုလိုမျိုး သတင်းလွတ်လပ်ခွင့်ကျဆင်းနေတာမို့ စာနယ်ဇင်းလွတ်လပ်ခွင့်တွေရလာဖို့ သတင်းသမားတွေ ပိုပြီး အားထုတ်ဖို့လိုတယ်လို့ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ မြန်မာနိုင်ငံက စာနယ်ဇင်းလွတ်လပ်မှုကိုရတဲ့အချိန်ဟာ တနည်းအားဖြင့် ပြောရမယ်ဆိုရင် အင်မတန်မှ အချိန်နှောင်းတဲ့ဟာ ဖြစ်သွားပါပြီ။ အချိန်နှောင်းတယ်ဆိုတာဟာ ဘယ်လို ပြောလိုတာလဲဆိုတော့ စာနယ်ဇင်း လွတ်လပ်မှုကို တည်တည်ငြိမ်ငြိမ်နဲ့ အချိန်ယူပြီးတော့ တည်ဆောက်နိုင်ဖို့ ကာလ လွန်တဲ့အချိန်မှာ ကျမတို့ဟာ စာနယ်ဇင်းလွတ်လပ်မှုကို ရလာတာပါ။ ပြောရမယ်ဆိုရင် ဒီကိစ္စနဲ့ပတ်သက်လို့ ဦးရဲထွဋ်ပြောသွားတဲ့ ဆိုရှယ် မီဒီယာပေါ့နော်၊ ဆိုရှယ်မီဒီယာကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေတဲ့အချိန်မှာမှ ကျမတို့နိုင်ငံက စာနယ်ဇင်းလောက လွတ်လပ်မှု အတိုင်းအတာတခုထိ ရလာတယ်ဆိုတဲ့အခါကျတော့ အေးအေးဆေးဆေးနဲ့ တည်ဆောက်ဖို့၊ သိက္ခာရှိတဲ့ စာနယ်ဇင်းကျင့်ဝတ်တွေ တည်ဆောက်ဖို့ အချိန်က နည်းနည်း လွန်လာပြီ ဖြစ်ပါတယ်။ အချိန်လွန်လို့ မလုပ်နိုင်တာ မဟုတ်ပါဘူး။ အချိန်လွန်မှ စပြီးလုပ်ရလို့ ကျမတို့ပိုပြီးတော့ ကြိုးစားရမှာ ပိုပြီးတော့ သတိထားရမှာ ပိုပြီးတော့ ဝါယမစိုက်ထုတ်ရမှာ ဖြစ်ပါတယ်။”

ဒီကနေ့ကျင်းပတဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့အခမ်းအနားကိုအစိုးရပြန်ကြားရေးဝန်ကြီးအပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံခြား သံတမန်တွေနဲ့ နိုင်ငံတကာသတင်းသမားရောပြည်တွင်းသမားတွေပါ (၁၀၀) ကျော် တက်ရောက်ခဲ့ပါတယ်။ မေလ ၃ ရက်မှာကျရောက်တဲ့ ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့မှာ ၂၀၁၅ ခုနှစ်အတွက် UNESCO အဖွဲ့က ချီးမြှင့်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုကို ဆီးရီးယားနိုင်ငံသား သတင်းထောက် Mazen Darwish ကိုချီးမြှင့်ခဲ့ပါတယ်။

XS
SM
MD
LG