သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ICC စုံစမ်းမည့်အပေါ် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေကြိုဆို


Mohamed El Zeidy

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ထဲ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေးခဲ့ရတဲ့အပေါ် နိုင်ငံတကာ ရာဇ၀တ်ပြစ်မှုဆိုင်ရာခုံရုံး (ICC) က စုံစမ်းစစ်ဆေး မယ့် အပေါ် လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။

မြန်မာနိုင်ငံကနေ အတင်းအဓမ္မနှင်ထုတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာမူဆလင်တွေအတွက် တရားမျှတမှု ရရှိစေဖို့ လမ်းပွင့်စေမယ့် ခြေလှမ်းတရပ်ဖြစ်ကြောင်းလည်း လူ့အခွင့်အရေးလှုပ်ရှားမှု နိုင်ငံတကာအဖွဲ့တွေဖြစ်ကြတဲ့ Human Rights Watch နဲ့ Amnesty International တို့ကလည်း ကြေညာချက်တွေ ထုတ်ပြန်ပြောဆိုခဲ့ကြ တာပါ။ ICC ကတော့ မြန်မာနိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံတခု မဟုတ်ပေမဲ့လည်း လူတွေအစုလိုက်အပြုံလိုက် မောင်းထုတ်ခဲ့တဲ့ ကိစ္စအတွက် တရားရုံးက စီရင်ပိုင်ခွင့်ရှိတဲ့အကြောင်း မနေ့တုန်းကပဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ကို ဒီနေ့ပဲ ကြေညာချက်ထုတ်ပြန် ကြိုဆိုလိုက်တဲ့ Amnesty International အဖွဲ့ကတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ နောက်ထပ် အရေးယူဆောင်ရွက်ဖို့ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံကို ICC က အရေးယူနိုင်အောင် လွှဲပြောင်းပေးဖို့လည်း တိုက်တွန်းခဲ့ တာပါ။

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) ကလည်း ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြောဆိုခဲ့ပေမဲ့ စုံစမ်းစစ်ဆေးရုံသက်သက် မဟုတ်ဘဲ အရေးယူနိုင်အောင် နိုင်ငံ တကာက ကြိုးပမ်းဖို့လည်း တိုက်တွန်းထားပါတယ်။ ICC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ရောက်လာတဲ့ ကိစ္စအတွက် စုံစမ်းစစ်ဆေးခွင့်ရဖို့ ICC ရှေ့နေချုပ် Fatou Bensouda က ဧပြီလမှာ တင်ပြခဲ့တာပါ။

မြန်မာအစိုးရကတော့ ICC ရဲ့ ဆုံးဖြတ်ချက်တွေကို လက်ခံဖို့ သဘောတူလက်ခံမထားတဲ့ နိုင်ငံ တခုကို စုံစမ်း စစ်ဆေးမယ့် အစီအစဉ်ဟာ နိုင်ငံတကာဥပဒေနဲ့ မညီတဲ့လုပ်ရပ်အဖြစ် အစောပိုင်း မှာပဲ ကန့်ကွက်ထားတာပါ။ အခုနောက်ဆုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့လည်း မကြာခင် တရားဝင် တုံ့ပြန်သွားမှာဖြစ်ကြောင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာ အစိုးရပြောခွင့်ရ ဦးဇော်ဌေးက ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲ လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက် ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာက ရိုဟင်ဂျာတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျုးလွန်ခဲ့ကြောင်း စွပ်စွဲနေကြပေမဲ့ မြန်မာ အစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို နိုင်ငံ တကာ အသိုင်းအ၀န်းက စွပ်စွဲနေတဲ့အထိ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်း နဲ့ ကျုးလွန်သူတချို့ကိုလည်း ဖော်ထုတ်အရေးယူမှု တွေ ရှိခဲ့ကြောင်းလည်း တုံ့ပြန်ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG