သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မယ့်ကိစ္စ လူ့ အခွင့်အရေး အဖွဲ့တွေ ကြိုဆို


လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာမယ့်သူတွေကို အင်းစိန်အကျဉ်းထောင်ရှေ့ စောင့်ဆိုင်းနေသူများ။ (ဒီဇင်ဘာ ၂၀၁၃)
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာမယ့်သူတွေကို အင်းစိန်အကျဉ်းထောင်ရှေ့ စောင့်ဆိုင်းနေသူများ။ (ဒီဇင်ဘာ ၂၀၁၃)

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှုရင်ဆိုင်နေ ရသူတွေ လွတ်မြောက်ရေး NLD အစိုးရက ဦးစားပေးဆောင်ရွက် သွားမယ် ဆိုတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကြေညာချက်ကို လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ကြပြီး၊ ဒီကြေညာချက်အတိုင်း အကောင်အထည် ဖော်ဖို့ကို လည်း မျှော်လင့်နေကြပါတယ်။ အခုအချိန်ဟာ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံရေး အကျဉ်းသား လုံးဝကင်းမဲ့တဲ့ အခြေအနေ ရှိလာနိုင်ပြီလို့လည်း ဆိုကြ ပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံမှာ လူထုက ရွေးချယ်တင်မြှောက်တဲ့ ပထမဆုံး အရပ်သားအစိုးရတက်လာပြီးတဲ့နောက် သီတင်းတပတ် အတွင်းမှာပဲ - နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်လာရေးကိစ္စဟာ NLD အစိုးရရဲ့ ဦးစားပေးကိစ္စရပ်တွေထဲက တခုဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကြာသပတေးနေ့မှာ ကြေညာခဲ့တာပါ။

ဒီကြေညာချက်ကို နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက ဝိုင်းဝန်းကြိုဆိုခဲ့ကြပြီး၊ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံရေးအကျဉ်းသားတယောက်မှ မရှိတဲ့ နိုင်ငံဖြစ်အောင်လို့ ကြိုးပမ်းဖို့ရာ အခွင့်အလမ်း ရှိနေတယ် လို့ ထောက်ပြခဲ့ကြတာပါ။ Amnesty International - နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက အရှေ့တောင်အာရှနဲ့ တောင်အာရှရေးရာ ညွန်ကြားရေးမှူး T. Kumar ကတော့

“ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ လွတ်မြောက်ရေး စတင်ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေညာချက်ကို Amnesty International က ကြိုဆိုပါတယ်။ အခုဆိုရင် မြန်မာပြည်မှာ နှစ်သစ်ကူး ကာလ ရောက်တော့မှာပါ။ အစိုးရတွေ အနေနဲ့ အကျဉ်းသားတွေကို အထူး လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ရှိပါတယ်။ လွှတ်ပေးတဲ့ါ အထဲမှာ ရာဇဝတ်မှုနဲ့ ကျနေသူတွေရော၊ နိုင်ငံရေးအကျဉ်းသားတွေရော နှစ်မျိုးစလုံး ပါတတ် ပါတယ်။ ဒါကြောင့်လည်း အခုနှစ်သစ်ကူးကာလ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာ အကျဉ်းထောင်တွေထဲ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်လာတာကို ကျနော်တို့အနေနဲ့ မြင်တွေ့လိုပါတယ်။ ဒါမှလည်း မြန်မာနိုင်ငံ ဟာ နိုင်ငံရေးအကျဉ်းသား တယောက်မှမရှိတဲ့ တိုင်းပြည်အဖြစ်နဲ့ ပြောနိုင်ပါလိမ့်မယ်။”

အလားတူ HRW လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ကြီးရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams ကလည်း - ဒီကြေညာချက်အတိုင်း အကောင်အထည်ဖော်နိုင်ဖို့ကို မျှော်လင့်တဲ့အကြောင်း အခုလို ပြောဆိုခဲ့ပါတယ်။

“အစိုးရသစ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ လတ်တလော တရားစွဲခံရပြီး အမှုရင်ဆိုင်နေရတာတွေ အားလုံးကိုလည်း ပယ်ဖျက်ပေးဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အမှုရင်ဆိုင်နေရတဲ့ သူတွေကလည်း တော်တော်များများ ရှိနေပါတယ်။ အားလုံးကို ချက်ခြင်း ပြန်လွှတ်ပြီး၊ နေ့တွင်းခြင်း အိမ်ပြန်နိုင်ပြီး မိသားစုနဲ့ ဆုံဆည်းခွင့်ရဖို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။ တကယ့်မေးခွန်းကတော့ အစိုးရက ပြန်လွှတ်ပေးချင်တဲ့ လူတွေအားလုံးကို စစ်တပ်က ဟန့်တားတာမျိုး၊ ဒါမှမဟုတ်ရင်လည်း တချို့ကို တားမြစ်တာမျိုး လုပ်လာမလား ဆိုတာပါပဲ။ ဒါကြောင့်လည်း အစိုးရအနေနဲ့ ဘယ်လောက်အထိ လုပ်နိုင်မလဲ၊ စစ်တပ်ကရော ဘယ်လောက်အထိ တားနိုင်မလဲ ဆိုတာကို အားလုံးက အနီးကပ်စောင့်ကြည့်နေကြပါတယ်။”

ဒါပေမဲ့လည်း အစိုးရသစ်အနေနဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ကြေညာဖို့ဆိုရင် - တိုင်းပြည်ရဲ့ အာဏာကို အပြည့်အ၀ ဆုပ်ကိုင်ထားတဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ထောက်ခံမှု လိုအပ်တာကြောင့် - အစိုးရရဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ် လူ့အခွင့်အရေးအဖွဲ့တွေက သံသယ ရှိနေကြတာပါ။

မကြာသေးခင်က ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေကြရတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့အမှုတွေမှာဆိုရင်လည်း တရားလိုဖြစ်တဲ့ ရဲတပ်ဖွဲ့ကို စစ်တပ်က ချုပ်ကိုင်ထားတဲ့အတွက် - ဒီအမှုတွေကို အစိုးရက ဖျက်သိမ်းပေးမယ့် ကိစ္စမှာ - စစ်တပ်က ပိတ်ပင်တားဆီးတာတွေ လုပ်ကောင်းလုပ်နိုင်တယ် လို့လည်း HRW က ထောက်ပြခဲ့တာပါ။

ဒါနဲ့ပတ်သက်ပြီး AI အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် T. Kumar ကတော့ - အခုလို ပြောဆိုခဲ့ပါတယ်။

“အစိုးရသစ်က လွှတ်ပေးရေး ကြိုးပမ်းနေတာကို စစ်တပ်က ခွင့်မပြုဘူး ဆိုရင်တော့ ပြဿနာက နိုင်ငံတကာအဆင့်အထိ ဖြစ်လာပါ လိမ့်မယ်။ ဒီလိုဖြစ်လာမယ် ဆိုရင်တော့ အမေရိကန်နဲ့ တခြားအစိုးရတွေရဲ့ လတ်တလောရှိနေတဲ့ ဖိအားတွေနဲ့ ဒီလူတွေ ပြန်လွတ်လာအောင် လုပ်ရပါလိမ့်မယ်။ လွတ်မြောက်လာဖို့အတွက် စစ်တပ်ကို ဖိအားပေးဖို့ လုပ်ဆောင်ရပါမယ်။”

ဒါ့အပြင် တက်ကြွလှုပ်ရှားသူတွေကို နှိပ်ကွပ်ဖို့အတွက် အရင်အစိုးရ လက်ထက်က ပြဌာန်းခဲ့တဲ့ ဥပဒေတချို့ကိုလည်း NLD အစိုးရအနေနဲ့ ပြင်ဆင်ဖို့ လိုအပ်ကြောင်း HRW အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Brad Adams က ပြောဆိုခဲ့ပါတယ်။

“လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးရင် ဆက်လုပ်ရမှာကတော့ ထောင်ထဲ မှာ နိုင်ငံရေး အကျဉ်းသားတွေ မကျန်တော့ဖို့၊ နောက်ထပ် အရေးယူတာတွေ မရှိတော့ဖို့ လိုပါတယ်။ တရားစွဲအရေးယူနေတဲ့ အာဏာပိုင်တွေ အနေနဲ့လည်း နိုင်ငံရေးအကျဉ်းသားတွေအဖြစ် အပြစ်ပေးခံရနိုင်တဲ့ တချို့ဥပဒေတွေကို အသုံးမချဖို့ အစိုးရက ညွှန်ကြားတာမျိုး မြင်ချင်ပါတယ်။ ဒီဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့လည်း အစိုးရအနေနဲ့ ကြေညာစေချင်ပါတယ်။ ဒါမှလည်း အစိုးရကို ဝေဖန်သူတွေ၊ အပြောင်းအလဲတွေလုပ်ဖို့ တောင်းဆိုသူတွေကို ဟန့်တားရာမှာ ဒီဥပဒေတွေကို အလွဲသုံးစား မလုပ်နိုင်မှာ ဖြစ်ပါတယ်။”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်း အရတော့ - လက်ရှိမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၂၁ ဦး၊ အမှုရင်ဆိုင်နေရသူ ၁၁၆ ဦး နဲ့ အာမခံနဲ့ အမှုရင်ဆိုင်နေရသူ ၂၉၈ ဦးရှိတယ်လို့ သိရပါတယ်။

XS
SM
MD
LG