သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြေမြှုပ်မိုင်း မြန်မာအသုံးပြုမှု နိုင်ငံတကာစိုးရိမ်


မြေမြှုပ်မိုင်း (ဓါတ်ပုံ- Karen News)

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း အသုံးပြုမှုနဲ့အတူ အန္တရာယ်အကျိုးဆက်တွေဟာ လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်ဖွယ်ရာ အခြေအနေအဖြစ်ရှိနေကြောင်း ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က မနေ့ ဗုဒ္ဓဟူးနေ့က ကျရောက်တဲ့ နိုင်ငံတကာ မြေမြှုပ်မိုင်း သတိပြုရေးနေ့မှာ သတိပေးပြောကြားခဲ့ကြပါတယ်။

နေပြည်တော်မှာလည်း မိုင်းအန္တရာယ်နဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ရာမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒီနှစ်အစပိုင်းအတွင်းမှာတင် ထိခိုက်ဒဏ်ရာရသူ ၄၂ ဦး ရှိခဲ့တယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။

မြန်မာစစ်တပ်ထိုးစစ်ဆင်မှုအများဆုံးရှိနေတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ်စိုးရိမ်မှုမြင့်မားနေတဲ့အကြောင်း မအင်ကြင်းနိုင်က ဆက်ပြီးတင်ပြမှာပါ။

၁၉၉၇ခုနှစ်က စတင်ချုပ်ဆိုခဲ့တဲ့ အော်တ၀ါ နိုင်ငံတကာ မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေးသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံပေါင်း (၁၆၄) နိုင်ငံရှိပြီး လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ နိုင်ငံပေါင်း (၃၀)ကျော်ထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။ ဒါအပြင် ဂျီနီဗာအခြေစိုက် Landmine and Cluster Munition Monitor နိုင်ငံတကာမြေမြှုပ်မိုင်း စောင့်ကြည့်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာလည်း ၁၉၉၉ ခုနှစ်ကစပြီး အဖွဲ့ရဲ့နှစ်စဉ် အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ အစိုးရစစ်တပ်ရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကပါ မြေမြှုပ်မိုင်းကို အသုံးပြုနေကြဆဲရှိတဲ့ နိုင်ငံအဖြစ် နှစ်တိုင်း စာရင်းတင်သွင်းခံရတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါကြောင့် မနေ့ ဧပြီလ (၄)ရက်က ကျရောက်တဲ့ နိုင်ငံတကာမြေမြှုပ်မိုင်း သတိပြုရေးနေ့ အထိမ်းအမှတ် နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ UNMAS ကုလသမဂ္ဂ မြေမြှုပ်မိုင်း အသုံးပြုမှု ဟန့်တားရေးအဖွဲ့ ညွန်ကြားရေးမှူး Agnes Marcaillou က မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းသုံးစွဲမှု အန္တရာယ် စိုးရိမ်နေရတဲ့ အခြေအနေကို အခုလိုပြောသွားပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာဥပဒေတွေ ချိုးဖောက်မှုကြောင့် အတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီလည်းဖြစ်ပါတယ်။ မြေမြှုပ်မိုင်းတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ အခြေအနေက အမြဲကိုင်တွယ်ရ ခက်ခဲနေပြီး မြန်မာနိုင်ငံဟာ အော်တ၀ါသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့အတွက်ကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အော်တ၀ါစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေအနေနဲ့ တရားဝင်စောင့်ကြည့်ရေး စနစ်တွေချမှတ်ဖို့ မြန်မာနိုင်ငံနဲ့ ဆွေးနွေးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။”

အလားတူ အမေရိကန်နိုင်ငံခြားရေးဌာနမှာ မြေမြှုပ်မိုင်းနေ့နဲ့ ပတ်သက်လို့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်းနိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ ဗျူရိုရဲ့ အကြီးအကဲ Jerry Guilbert က မြန်မာနိုင်ငံက မြေမြှုပ်မိုင်းအန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုမှာ အကန့်အသတ်တွေရှိနေကြောင်း အခုလို ပြောသွားပါတယ်။

“အမေရိကန်အစိုးရရဲ့ မြေမြှုပ်မိုင်းအန္တရာယ်သတိပြုရေး အစီအစဉ်နဲ့ ပတ်သက်လို့မြန်မာနိုင်ငံထဲမှာ လက်ရှိ သိပ်ကို အကန့်အသတ်ရှိနေပါတယ်။ ကျနော်တို့ အဓိကထားဆောင်ရွက်တဲ့အချက်တွေကတော့ မြေမြှုပ်မိုင်းတွေရှိနေတဲ့နေရာဒေသတ၀ိုက်မှာ နေထိုင်ကြတဲ့ အကာအကွယ်မဲ့ပြည်သူတွေအတွက် ပေါက်ကွဲမှုအန္တရာယ်ကနေ ကာကွယ်နိုင်တဲ့ အသိပညာပေးရေး အပါအ၀င် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ တချို့အတွက် အကူအညီတွေပံပိုးပေးတာတွေဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအတွက်မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အဓိကစိုးရိမ်မကင်းဖြစ်မှုတွေထဲမှာလူသားချင်းစာနာမှုဆိုင်ရာ အခြေအနေလည်း ပါဝင်တာဆိုတော့မြေမြှုပ်မိုင်းနဲ့ ထိခိုက်မှုအန္တရာယ်အကျိုးဆက်တွေဟာ ဒီလူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်ဖွယ်ရာအခြေအနေတွေထဲမှာ တစိတ်တပိုင်းဆက်လက်ပါဝင်နေတာပါ။”

ဥရောပသမဂ္ဂကတော့ မြေမြှုပ်မိုင်း အသုံးပြုမှုကို အရေးယူဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်း ထားပါတယ်။ ဒါအပြင် မြေမြှုပ်မိုင်းတွေ ရှိနေတဲ့ နေရာဒေသတွေမှာ နေထိုင်နေကြတဲ့ အရပ်သားတွေကို ပိုမိုအကာအကွယ်ပေး စောင့်ရှောက်ဖို့လည်း ဧပြီလ ၄ ရက်နေ့ထုတ် နိုင်ငံတကာ မြေမြှုပ်မိုင်း သတိပြုရေးအထိမ်းအမှတ် ကြေညာချက်မှာ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

နေပြည်တော်မှာ မနေ့က ကျင်းပတဲ့ မိုင်းအန္တရာယ်နဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt ကလည်း ပြည်နယ်နဲ့တိုင်း ဒေသကြီး ၉ ခုမှာ မြေမြှုပ်မိုင်းနဲ့ စစ်ပွဲလက်ကျန် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ကျန်ရှိနေတယ်လို့ သူတို့ ယူဆထားကြောင်းနဲ့ ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်အတွင်း မြေမြှုပ်မိုင်းတွေ ထပ်မံသုံးစွဲခဲ့တဲ့ သတင်းတွေအရ အခြေအနေတွေကို အလွန်အမင်းစိုးရိမ် မကင်းဖြစ်မိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံအနေနဲ့ မကြာခင်အတွင်း အော်တ၀ါ မြေမြှုပ်မိုင်းတားမြစ်ရေး နိုင်ငံတကာ သဘောတူ စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုး မယ်လို့ မျှော်လင့်မိတယ်လို့ သံအမတ်ကြီးက ပြောသွားပါတယ်။

လက်ရှိ ကချင်ပြည်နယ်မှာ ပြင်းထန်တဲ့ ထိုးစစ်တွေကြောင့် မြန်မာစစ်တပ်ရော၊ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကပါ အပြန်အလှန် မြေမြှုပ်မိုင်းတွေကို တိုးမြှင့်သုံးစွဲနေပြီး အရပ်သားတွေ အတွက် ကြီးမားတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum San က ဗွီအိုအေကိုပြောပါတယ်။

“လူနေတဲ့ ရွာနား လမ်းမတွေပေါ်မှာ သုံးတာကတော့ အင်မတန်ကို အန္တရာယ်ရှိတယ်။ ကျနော် စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေကို သွားတဲ့အချိန်မှာ တခါတလေဆိုရင် ခြေပြတ်၊ လက်ပြတ်ဖြစ်နေတဲ့ လူတွေ တွေ့ရတယ်။ တကယ့်ကို ၀မ်းနည်စရာကောင်းပါတယ်။ နောက် ကလေးတွေလည်းခံနေရတာ တွေ့ရတယ်။ ဒီမြေမြှုပ်မိုင်းကို ကျနော်တို့ မြန်မာပြည်မှာ လုံးဝရှင်းလင်းရမှာဖြစ်တယ်။ ဒါဟာ ပြည်တွင်းစစ်နဲ့ ပေါက်ဖွားလာတဲ့ အန္တရာယ်ဖြစ်ပါတယ်။”

နေပြည်တော်မှာ ဧပြီလ ၄ ရက်နေ့ကကျင်းပတဲ့ နိုင်ငံတကာမြေမြှုပ်မိုင်း သတိပြုရေးနေ့ အလုပ်ရုံဆွေးနွေးပွဲအပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆက်အောင် ကလည်း မိုင်းကြောင့် ဒီနှစ်အစောပိုင်းကာလ ၃ လအတွင်း ထိခိုက်ဒဏ်ရာရသူ ၄၂ ဦးရှိသွားပြီဖြစ်ကြောင်း သတင်းထောက်တွေကို အခုလိုပြောပါတယ်။

“ ၂၀၁၈ ခုနှစ် ၃ လပေါ့၊ ဇန်န၀ါရီ၊ ဖေဖေါ်ဝါရီ၊ မတ်ထိပေါ့။ ၄၂ ယောက် ထိခိုက်ဒဏ်ရာရတာ။ နောက်ထပ်သိရမယ်ဆိုရင် ကျနော်တို့က အတိအကျပြောလို့ရတယ်။ ၄၂ ယောက်ထက်ပိုဖို့ပဲရှိတယ်။ ဒီထက် လျော့ဖို့တော့ မရှိဘူး။”

ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့က မနေ့က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မြေမြှုပ်မိုင်း အစီရင်ခံစာမှာလည်း ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ် အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူပေါင်း ၃၃၀ ကျော်ရှိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို မြန်မာအစိုးရရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ ပံပိုးဆောင်ရွက်ဖို့လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG