သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းအန္တရာယ် စိုးရိမ်ရဆဲ


မြန်မာနိုင်ငံ နယ်စပ်ဒေသနဲ့ တောင်ပေါ်ဒေသတွေမှာ လူကို ထိခိုက်သေကျေစေနိုင်တဲ့ မြေမြှုပ်မိုင်းအန္တရာယ်ဟာ ဒီကနေ့အချိန်ထိ ခြိမ်းခြောက်နေဆဲရှိပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို မဆောင်ရွက်နိုင်သေးကြောင်း တနင်္လာနေ့ကကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ်သတိမူရေးနှင့် အကူအညီပေးရေးနေ့မှာ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုရဲ့ ပြည်ထဲရေးနဲ့ သာသနာရေးဦးစီးဌာန တာဝန်ခံက ပြောဆိုလိုက်ပါတယ်။

တချိန်တည်းမှာတော့ မိုင်းရှင်းလင်းရေးအတွက် အစိုးရတပ်နဲ့ ညှိနှိုင်းနေသလို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဧပြီလ ၄ ရက် တနင်္လာနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ်သတိမူရေးနှင့် အကူအညီပေးရေးနေ့မှာ မြန်မာနိုင်ငံက တချို့ဒေသတွေမှာ မြေမြှုပ်မိုင်းတွေကို ရှင်းလင်းနိုင်တာမရှိသေးဘဲ မြေမြှုပ်မိုင်းအန္တရာယ်ဟာ ဒီကနေ့အချိန်ထိ ခြိမ်းခြောက်နေဆဲရှိတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပါအဝင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနဲ့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။

မြန်မာအစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုရဲ့ ပြည်ထဲရေးနဲ့ သာသနာရေးဦးစီးဌာန တာဝန်ခံ ပဒိုအားတိုးက လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“အဲဒီမိုင်းအန္တရာယ်ဟာ အခု ဖြစ်နေသေးတယ်။ အထူးသဖြင့် ကျနော်တို့ နယ်စပ်ဒေသတလျှောက်နဲ့ တောင်ပေါ်ဒေသတလျှောက်မှာ ရှိနေသေးတယ်။ မိုင်းရှင်းလင်းမှုတွေ ဘာမှ မလုပ်ရသေးဘူး။ အဲဒီ မိုင်းပညာပေးတာတို့ အဲဒီမှာ ကျေးရွာလူစုတွေကို ရှင်းလင်းပြောပြတာပဲ ရှိသေးတယ်။”

လောလောဆယ်မှာတော့ အစိုးရစစ်တပ်နဲ့ မိုင်းရှင်းလင်းရေးအတွက် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆက်ပြောပါတယ်။

“မိုင်းရှင်းလင်းဖို့ကိစ္စဟာ အခု ကျနော်တို့ အဲဒီအစိုးရတပ်တွေနဲ့ ကျနော်တို့ ညှိနှိုင်းနေတုန်းပဲ ရှိသေးတယ်။ ပြောရမယ်ဆိုရင် ကျနော်တို့နဲ့ အစိုးရနဲ့ အဲဒီမှာ တိုက်ပွဲမဖြစ်တော့ဘူး။ ငြိမ်းချမ်းရေးစကား ပြောပြီးတဲ့နောက်ပိုင်းမှာ မိုင်းထိဒဏ်ရာရတဲ့ဟာကတော့ နည်းသွားတယ်ပေါ့ဗျာ။ အခုအခြေအနေကတော့။ ရွာသူရွာသားတွေ၊ ကျွဲနွားတိရစ္ဆာန်တွေ ထိခိုက်ဒဏ်ရာရတာမျိုးတော့ အနည်းအကျဉ်းတော့ ရှိသေးတယ်။”

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ အစိုးရစစ်တပ်သာမက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း မြေမြှုပ်မိုင်းကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။

ICRC ခေါ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက လူသတ်မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေနိုင်တဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် မြန်မာပြည်သူတွေရဲ့ ပုံမှန်ဘဝတွေအတွက် အတားအဆီးတခု ဖြစ်နေကြောင်း သတိပေးထုတ်ပြန်ပါတယ်။

ICRC က မိုင်းနဲ့ စစ်လက်နက်တွေရဲ့ အန္တရာယ်ကို သတိမူမိစေရေးအတွက် ပညာပေးလုပ်ငန်းတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ပြန်လည် သန်စွမ်းစေရေးဌာနတွေ ထောက်ပံ့ပေးနေပါတယ်။ လက်ရှိ မြန်မာပြည်မှာ အဓိက ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ICRC ရဲ့ ပြန်ကြားဆက်သွယ်ရေးအရာရှိ ဦးဇော်ဝင်းက အခုလို ပြောပါတယ်။

“ဘားအံမှာ စလုပ်တယ် အမှန်ကတော့။ အဓိကကတော့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကနေ တဆင့်ပေါ့လေ ကျနော်တို့ အကူအညီပေးတာ။ ICRC ကတော့ နည်းပညာပိုင်းတွေ၊ ငွေကြေးပေါ့လေ အဲဒါမျိုးတွေ ထောက်ပံ့တယ်။ နောက်တခုကတော့ ရေနံသာမှာပေါ့ မန္တလေးမြောက်ဘက်မှာရှိတယ်။ ရေနံသာမှာလည်းလုပ်နေတယ်။ အဲဒါကျတော့ ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်တာ။ လောလောဆယ် နှစ်ခုပေါ့။ နောက်နှစ်ခုကတော့ စ နေတုန်းပဲ ရှိသေးတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမှာ ကိုယ်ကာယပြန်လည်သန်စွမ်းရေး ဆေးရုံခေါ်မလား၊ ဌာနခေါ်မလား အဲ့လိုမျိုး တခု လုပ်နေတယ်။ နောက် ကျိုင်းတုံမှာလည်း တခုလုပ်နေတယ်။”

၂၀၁၅ ခုနှစ်အတွင်းမှာ မသန်စွမ်းဦးရေ ၃၀၀၀ လောက်ကို ဘားအံနဲ့ ရေနံသာဌာနတို့က ခြေတုနဲ့ အားပြုကိရိယာတွေ တပ်ဆင်ပေးခဲ့သလို ဘားအံနယ်လှည့်အဖွဲ့က လူ ၁၄၀၀ လောက်ကို ခြေတုနဲ့ ခြေသိုင်းကြိုးတွေ ပြုပြင်တပ်ဆင်ပေးခဲ့ကြောင်း၊ ၂၀၁၆ နှစ်ဆန်းမှာ မသန်စွမ်းသူ ၃၀၀ လောက် ကိုယ်ကာယ ပြန်လည်သန်စွမ်းဖို့အတွက် ဝန်ဆောင်မှုပေးခဲ့ပြီး နယ်လှည့်အဖွဲ့တွေက ၁၀၀ နီးပါးလောက်ကို ခြေတုပြုပြင်ရေးတွေ ဆောင်ရွက်ပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF က ၂၀၁၅ ခုနှစ်မှ မြေမြှုပ်မိုင်းများနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ စစ်ကျန်ပစ္စည်းတွေကြောင့် ကလေးသူငယ် ၃၄ ဦး အပါအဝင် လူ ၅၉ ဦး ထိခိုက်ခဲ့ကြောင်း၊ ထိခိုက်သူတွေထဲက ၁၇ ဦး သေဆုံးပြီး၊ ၄၂ က အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်းနဲ့ ၂၀၁၆ ခုနှစ် ပထမ ၃ လအတွင်းမှာ အနည်းဆုံး ထိခိုက်သူ ၂၁ ဦး ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

မိုင်းထောင်တာတွေ ချက်ခြင်း ရပ်တန့်စေမယ့် ဆုံးဖြတ်ချက်တွေချမှတ်ဖို့ လိုအပ်သလို နိုင်ငံပေါင်း ၁၆၂ နိုင်ငံ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ မိုင်းတားဆီးဆန့်ကျင်ရေး သဘောတူစာချုပ်ကိုလည်း မြန်မာနိုင်ငံအနေနဲ့ ပါဝင်သွားဖို့ လိုအပ်ကြောင်း တိုက်တွန်းထားပါတယ်။

အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ်သတိမူရေးနှင့် အကူအညီပေးရေးနေ့ကို ဧပြီလ ၄ ရက်နေ့မှာ နှစ်စဉ်ကျင်းပဖို့ကိုတော့ ကုလသမဂ လုံခြုံရေးကောင်စီက ၂၀၀၅ ခုနှစ် ဒီဇင်ဘာလမှ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG