တောင်အာဖရိကနိုင်ငံက အသားအရောင်ခွဲခြားအုပ်ချုပ်မှုစံနစ်ကို ဦးဆောင် တိုက်ပွဲဝင်ခဲ့တဲ့သူတဦးဖြစ်တဲ့ ဘုန်းတော်ကြီး Desmond Tutu ဟာ သူ့အသက် ၇၉ နှစ်မြောက်ဖြစ်တဲ့ ဒီကနေ့ ကြာသပတေးနေ့မှာ သူ့လုပ်ငန်းတွေကနေ အနားယူသွားပြီဖြစ်ပါတယ်။
သူ့အနေနဲ့ ခရီးသွားတာတွေနဲ့ ညီလာခံတွေတက်တာ လျော့ချပြီး မိသားစုကို အချိန်ပိုပေးလိုတဲ့အကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ဘုန်းတော်ကြီး တူးတူးက ပြောထားခဲ့ဖူးပါတယ်။
Anglican ဘုန်းတော်ကြီး တူးတူး သူ့ဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့အပါအဝင် ဝါရင့်နိုင်ရေးခေါင်းဆောင်ကြီးများအဖွဲ့တို့က လုပ်ငန်းတွေကိုတော့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ရာထူးနဲ့ အင်တာဗျူး ပေးတာတွေ ကိုတော့ ရပ်တန့်တော့မယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ဘာရတ်အိုဘားမားကလည်း ဘုန်းတော်ကြီး တူးတူးရဲ့ လုပ်ဆောင်နိုင်ခဲ့တာတွေကို ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ချီးကျူး ပြောကြား ခဲ့ပါတယ်။ ဘုန်းတော်ကြီးတူးတူးဟာ စိတ်ဓာတ်ရေးရာအရ သံမဏိလို ခိုင်မာသူတဦးဖြစ်ပြီး တရားမျှတရေးအတွက် ဦးဆောင် ရင်ဆိုင်ခဲ့သူ ဖြစ်တယ် လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ဘုန်းတော်ကြီး တူးတူးအနေနဲ့ တောင်အာဖရိက အသားအရောင် ခွဲခြား အုပ်ချုပ်ရေး ဘဝက လွတ်မြောက် အောင်နဲ့ တောင်အာဖရိက နိုင်ငံတော်သစ်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ကိစ္စတွေပေါ်ပေါက်လာအောင် ဦးဆောင်ကြိုးပမ်းခဲ့သူဖြစ်တယ်လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။
သူ့မွေးနေ့ကိုတော့ မိသားစုဝင်တွေနဲ့ Cape Town မြို့မှာ ကျင်းပမယ်လို့ ဘုန်းတော်ကြီး တူးတူးက ပြောပါတယ်။