သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြား သတင်းထောက် ဗီဇာ သက်တမ်းတိုးပေးမည်


နိုင်ငံခြားသားခရီးသွားများ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ဆိုက်ရောက်စဉ် (ဇန်နဝါရီ ၆၊ ၂၀၁၃)
နိုင်ငံခြားသားခရီးသွားများ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ဆိုက်ရောက်စဉ် (ဇန်နဝါရီ ၆၊ ၂၀၁၃)
ပြည်ပကနေ ပြည်တွင်းကိုလာရောက် သတင်းဌာန ဖွင့်လှစ်လိုတဲ့ သတင်းဌာနတွေအတွက်
အစိုးရပိုင်းက စဉ်းစားဆောင်ရွက်နေပြီလို့ သမ္မတရဲ့ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
အခုလို ဆောင်ရွက် ပေးနိုင်တယ်ဆိုရင် အရင်ကထက်ပြည်ပမီဒီယာတွေ မြန်မာနိုင်ငံ
ဝင်ထွက်ခွင့် အတွက် ပိုပြီးအဆင်ပြေလာနိုင်မယ်လို့ လည်း ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းထောက်တွေနဲ့ ပြည်တွင်းသတင်းမီဒီယာတွေက သုံးသပ်ပြောဆိုလာပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း ရဲ့ ရန်ကုန် အခြေစိုက်သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာဖြစ်ပါတယ်။

နိုင်ငံခြားအခြေစိုက် သတင်းမီဒီယာတွေအနေနဲ့ ပြည်တွင်းမှာ ဌာနေကိုယ်စားလှယ် ရုံးခွဲဖွင့်မယ့်
သတင်းမီဒီယာတွေအတွက် အစိုးရပိုင်းက စဉ်းစားဆောင်ရွက်နေပြီလို့
ပြန်ကြားရေးဝန်ကြီး ဒုဝန်ကြီး လည်းဖြစ် နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရသူလည်းဖြစ်တဲ့
ဦးရဲထွဋ်က ဒီကနေ့မှာ ပြောပါတယ်။ အခုလို ဆောင်ရွက်မယ့် အခြေအနေမှာ ပြည်ပမီဒီယာတွေ ရုံးခွဲဖွင့်ရင် ရုံးလာထိုင်မယ့် သတင်းထောက်တွေအတွက် ၆ လ ဒါမှမဟုတ် ၁နှစ် အတွင်း
မြန်မာပြည်ကို အကြိမ်ကြိမ်ဝင်ထွက်နိုင်တဲ့ ဗီဇာတွေပေးဖို့လည်းရှိတယ်လို့
ဦးရဲထွဋ်က ပြောပါတယ်။

“ကျနော်တို့ နိုင်ငံခြားသတင်းဌာနတွေကို ဒီကိုလာဖွင့်ချင်တဲ့သူတွေ ကျနော်တို့ ဆီကို လျှောက်နေတဲ့ သူတွေရှိတယ်။ အဲ့တာတွေကို စိစစ်ပြီးတော့ ခွင့်ပြုဖို့ အတွက် တပြိုင်နက်တည်းတော့ အများကြီးမပေးနိုင်သေးဘူး။ ကျနော်တို့ သင့်တော်မယ်ထင်တဲ့ တစ်ခု၊ နှစ်ခုကို စမ်းသပ်ပြီးတော့ ဖွင့်ခွင့်ပေးဖို့အတွက် ကျနော်တို့ လုပ်နေတယ်။ ဖွင့်ခွင့်ပေးလိုက်လို့ရှိရင် အဲ့ဒီ့သတင်းဌာနတွေမှာ တာဝန် ထမ်းဆောင်တဲ့ နိုင်ငံခြား သတင်းထောက်တွေအနေနဲ့ ခြောက်လ သို့မဟုတ် တစ်နှစ် အကြိမ်ကြိမ် ပြည်ဝင်ခွင့် ဗီဇာရမယ်။ လောလောဆယ် တစ်ပတ်၊ နှစ်ပတ်ပေးရင် သူတို့လည်း နှစ်လ၊ သုံးလ ကိစ္စအပေါ် မူတည်ပြီးမှ ကာလကြာရှည်တဲ့ ဗီဇာတွေ ကျနော်တို့ ပေးဖို့ ရှိတယ်။ အဲ့တာတွေကတော့ ကျနော်တို့ဘက်က စဉ်းစားပြင်ဆင်နေတယ်။ ပြီးတဲ့အခါမှာ အစိုးရအဖွဲ့ လုပ်ထုံးလုပ်နည်းအတိုင်း အဆင့်ဆင့် ခွင့်ပြုရင်တော့ ကျနော်တို့ လုပ်နိုင်မယ်။ ယေဘူယျအားဖြင့်တော့ ဧပြီလထဲတော့ စ အကောင်အထည်ဖော်နိုင်မလားမသိဘူး။ အဲ့လောက်အထိ ကျနော်တို့ ရည်မှန်းထားပါတယ်။”

အရင်စစ်အစိုးရလက်ထက်နဲ့ အခုအစိုးရလက်ထက် အစောပိုင်းကာလတွေမှာ
နိုင်ငံခြား သတင်းထောက်တွေ ကို တစ်ပတ်၊ နှစ်ပတ်ဗီဇာတွေပေးခဲ့တာပါ။ နိုင်ငံခြား ကနေ မြန်မာနိုင်ငံအတွင်း သတင်းယူဖို့ လာရောက်တဲ့ ပြည်ပသတင်းထောက် အများစုဟာ အရင်က မြန်မာနိုင်ငံအတွင်းကို သတင်းထောက် ဗီဇာကိုင်ပြီး ပေါ်ပေါ်ထင်ထင်နဲ့ မလာရဲတာကြောင့် ခရီးသွားဗီဇာတွေ ကိုင်ဆောင်ပြီးတော့သာ မြန်မာနိုင်ငံကို လာရောက် သတင်းယူရတယ်လို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဒုဥက္ကဌလည်းဖြစ်၊
စာနယ်ဇင်းကောင်စီပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးသီဟစောက ဗွီအိုအေကို ပြောပါတယ်။
အခုလို နိုင်ငံခြားသတင်းထောက် တွေအတွက် ကာလရှည်ပြည်ဝင်ခွင့်တွေကို
အစိုးရက ချပေးမယ်ဆိုရင် ကြိုဆိုရမဲ့ကိစ္စ ဖြစ်တယ်လို့ ဦးသီဟစော က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကောင်းပါတယ်။ ကောင်းတယ်ဆိုတာက နောက်လာမယ့် Sea Game တို့ဘာတို့ရှိတယ်။ အဲ့ဒီ့အခါကျရင်တော့ သူတို့ဆီက သတင်းသမားတွေလည်း လာမယ်။ ဒါမျိုး ခွင့်ပြုထားတာ ပိုကောင်းပါတယ်။”

ပြည်ပသတင်းထောက်တွေက ပြည်တွင်းကသတင်းတွေ ကာလရှည်ကြာနေထိုင်ပြီး
သတင်းရယူနိုင်မယ်ဆိုရင် ပြည်တွင်းအခြေစိုက် မီဒီယာတွေအပေါ်မှာထိခိုက်မှုတော့ ရှိနိုင်မှာမဟုတ်ဘူးလို့ ဦးသီဟစောက ပြောကြားပါသေးတယ်။

“ပြည်ပက လူတွေ လာလာ၊ မလာလာ။ ပြည်တွင်းကသူတွေက ကိုယ့်အလုပ် ကိုယ်လုပ်ရတာ။ နောက်တခုက ပြည်ပကလူတွေက သူတို့ကိစ္စတွေနဲ့သူတို့ဝင်တာ၊ သူတို့လုပ်မယ့်ဟာက ကျနော်တို့ ပြည်တွင်းက လုပ်မယ့်ဟာနဲ့ မတူဘဲ၊ ပရိတ်သတ်ခြင်းလည်း မတူဘူး။ မြန်မာပြည်က သူတွေ အဓိကအားဖြင့် မြန်မာပရိတ်သတ်အတွက်ပဲ လုပ်ကြတာ။ ဒါကြောင့်မို့လည်း ဘာမှ Negative အနုတ်လက္ခဏာမျိုးတော့ သိပ်မရှိပါဘူး။”

မြန်မာနိုင်ငံအတွင်းမှာ ရုံးခွဲ ဖွင့်လိုတဲ့သူတွေအတွက် အခုလို စီစဉ်ပေး တာကို ကြိုဆိုပြီးတော့ အစိုးရအနေနဲ့ပြည်တွင်းက သတင်းမီဒီယာတွေ အခြေခိုင်အောင် လုပ်ဆောင်ပေးဖို့တွေကိုလည်း
ထည့်သွင်း စဉ်းစားဖို့ လိုအပ်တယ်လို့ ရိုက်တာ သတင်းဌာန က မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ ဦးအောင်လှထွန်းက ဗွီအိုအေကိုပြောပါတယ်။

“သတင်းသမားတစ်ယောက်အနေနဲ့တော့ ကြိုဆိုအပ်တာပေါ့ဗျာ။ ဒါပေမဲ့ ကျနော် နိုင်ငံသား တစ်ယောက် အနေနဲ့ နိုင်ငံမှာ နေထိုင်သူတစ်ယောက်အနေနဲ့ကတော့ ကျနော် ထင်တယ်။ ပြည်တွင်း မီဒီယာကို ဦးစားပေးသင့်တယ်ထင်တယ်ခင်ဗျ။ ကျနော် ကတော့ ပြည်ပ သတင်းမီဒီယာအေဂျင်စီကြီးတွေ လာဖွင့်မှာကလေ ပြည်တွင်းက ဂျာနယ်လစ်တွေ အရမ်းကို ခိုင်မာပြီးတော့ တကယ့်ကို အခြေတကျဖြစ်လာပြီးတဲ့အခါကျမှ နိုင်ငံခြားကို သွင်းသင့်တယ်လို့ ကျနော် ထင်တယ်။”

အရင်စစ်အစိုးရလက်ထက်မှာတုန်းက ပြည်တွင်းမှာ လာရောက်ပြီးသတင်းရယူုခွင့်တွေ မရှိခဲ့တဲ့ ပြည်ပအခြေစိုက် သတင်းမီဒီယာတွေဖြစ်တဲ့ VOA
အပါအဝင် BBC၊ RFA၊ MIZZIMA၊ IRRAWADDYနဲ့ DVB တို့ဟာလည်း အခုဆို
ပြည်တွင်းမှာ တရားဝင် သတင်းလုပ်ငန်းတွေ ဆောင်ရွက်နေကြပါတယ်။
XS
SM
MD
LG