သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီလုပ်ကြံခံရမှု အဖြစ်မှန်ဖေါ်ထုတ်ပေးဖို့ နိုင်ငံတကာ တောင်းဆို


အာဏာရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေးလည်းဖြစ်၊ ရှေ့နေ့ကွန်ယက်ရဲ့ ဦးဆောင်သူတဦးလည်းဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ တနင်္ဂနွေနေ့က ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတဲ့ကိစ္စကို ပြစ်တင် ရှုတ်ချကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနကလည်း ဦးကိုနီ လုပ်ကြံခံရတဲ့အတွက် ဝမ်းနည်းရကြောင်း ပြောပါတယ်။ သတ်ဖြတ်ခံရမှုအတွက် မြန်မာအစိုးရအနေနဲ့ စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

တရားလွတ်တော်ရှေ့နေကြီး ဦးကိုနီဟာ အင်ဒိုနီးရှား ခရီးစဉ်ကပြန်လာပြီး ရန်ကုန် လေဆိပ်အပြင် လူမြင်ကွင်းမှာ သေနတ်သမားက အနီးကပ်လုပ်ကြံ သတ်ဖြတ်ခြင်း ခံလိုက်ရတဲ့အပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ပြစ်တင် ရှုတ်ချမှုတွေ ထွက်ပေါ်လာတာပါ။

ဦးကိုနီဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်နေချိန် ဖွဲ့စည်းပုံ အခြေခံဥပေဒအပိုင်းမှာ ထိရောက်တဲ့ အကြံပေးချက်တွေ လုပ်ဆောင် ပေးနေသူ တဦးဖြစ်တဲ့အပြင် ရှေ့နေများ ကွန်ယက် ဖွဲ့စည်းနိုင်ရေးအတွက် အဓိကအခန်းကဏ္ဍက ပါဝင်သူ တဦးဖြစ်သလို ၂၀၀၈ ဖွဲ့အစည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်လည်း ဦးဆောင် ဟောပြောနေသူတဦး ဖြစ်ပါတယ်။

ဦးကိုနီ အခုလို ရုတ်တရက် လုပ်ကြံသတ်ဖြတ်ခံလိုက်တဲ့အတွက် မြန်မာနိုင်ငံအတွင်းမှာသာမက နိုင်ငံတကာမှာပါ အံ့သြ တုန်လှုပ်စရာ ဖြစ်သွားခဲ့ပါတယ်။

ရန်ကုန်မြို့ လေဆိပ်မှာ တရားလွတ်တော် ရှေ့နေကြီး ဦးကိုနီ ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်ခံလိုက်တဲ့ကိစ္စအပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee က ဇန်နဝါရီလ ၃၀ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂကလည်း ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတဲ့အပေါ် ပြစ်တင် ရှုတ်ချကြောင်း တနင်္လာနေ့က ကုလသမဂ္ဂမှာ ကျင်းပတဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။

“NLD ပါတီရဲ့ ဥပဒေအကြံပေးလည်းဖြစ်၊ အထင်ကရ ရှေ့နေကြီးတဦးလည်းဖြစ်တဲ့ ဦးကိုနီ ယမန်နေ့က လုပ်ကြံ သတ်ဖြတ်ခံရမှုအပေါ် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် နည်းတူ ကုလသမဂ္ဂအနေနဲ့ ပြစ်တင် ရှုတ်ချပါတယ်။ ဦးကိုနီ ကွယ်လွန်သွားတဲ့အတွက် မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ထပ်တူ ဝမ်းနည်း ကြေကွဲရပါကြောင်းလည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောထားပါတယ်။ ဒါ့အပြင် ဦးကိုနီ ဘာကြောင့် လုပ်ကြံ သတ်ဖြတ်ခံရတယ်၊ သေနတ်သမားရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ရှိတယ်ဆိုတာကို အစိုးရအနေနဲ့ အသေစိတ် စုံစမ်း စစ်ဆေးဖို့ လိုအပ်ကြောင်းလည်း အထူးကိုယ်စားလှယ်က တိုက်တွန်းထားပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာနကလည်း ဦးကိုနီ အခုလို လုပ်ကြံ သတ်ဖြတ်ခံရတဲ့အတွက် ဝမ်းနည်းရကြောင်း အရှေ့အာရှဌာနက တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“အထင်ကရ ရှေ့နေကြီးတဦးဖြစ်တဲ့ ဦးကိုနီ ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ လုပ်ကြံ သတ်ဖြတ်ခံရတဲ့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဝမ်းနည်း ကြေကွဲပြီး စိုးရိမ်မှု ဖြစ်ရပါတယ်။ သူကွယ်လွန်သွားတဲ့အတွက် သူ့ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးကိစ္စတွေအတွက် တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူ တဦးဖြစ်တာကြောင့် မြန်မာနိုင်ငံအတွင်းက လူတွေတင်သာမကပဲ ကမ္ဘာကပါ လေးစားရသူ တဦး ဖြစ်ပါတယ်။ သူ သတ်ဖြတ်ခံရမှုအတွက် မြန်မာအစိုးရအနေနဲ့ စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူဖို့ အမေရိကန် ပြည်ထောင်စုက တိုက်တွန်းပါတယ်။”

ဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံမှာ Harvard တက္ကသိုလ်နဲ့ အင်ဒိုနီးရှား အစိုးရတို့က ပူးတွဲ ကျင်းပတဲ့ အင်ဒိုနီးရှား ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွေ့အကြုံတွေ မျှဝေတဲ့ အစီအစဉ်ကို တက်ရောက်ပြီးအပြန် ရန်ကုန်လေဆိပ်အရောက်မှာ လုပ်ကြံ သတ်ဖြတ် ခံလိုက်ရတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း သူတို့နိုင်ငံကအပြန်မှာ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းကြားရတဲ့အတွက် ဝမ်းနည်း ကြေကွဲကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန ပြောခွင့်ရ Arrmanatha Nasir က ပြောပါတယ်။

“ပထမဆုံးအနေနဲ့ သူ အခုလို သေဆုံးသွားတဲ့အတွက် ကျန်ရစ်သူ မိသားစုနဲ့အတူ မြန်မာအစိုးရကို ဝမ်းနည်း ကြေကွဲကြောင်း ပြောကြားလိုပါတယ်။ အခု သေဆုံးသွားသူဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွေ့အကြုံတွေကို မျှဝေဖို့ Harvard တက္ကသိုလ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဌာနနဲ့ အင်ဒိုနီးရှား အစိုးရတို့က ပူးတွဲ ကျင်းပတဲ့ အစီအစဉ်တခုကို တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ဒါဟာ အင်မတန် အင်မတန် အံ့သြ တုန်လှုပ်စရာကောင်းတဲ့ သတင်းဆိုး တခုပါ။ ဒီဖြစ်ရပ်ကြောင့် မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေ ကြိုးစား လုပ်ဆောင်နေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေ၊ ပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေကို နှောင့်နှေး ကြန့်ကြာမှု မဖြစ်ပါစေနဲ့လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

Harvard တက္ကသိုလ် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဌာနကလည်း ဦးကိုနီ အခုလို ရုတ်တရက် လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတဲ့အတွက် အံ့သြ တုန်လှုပ်မိကြောင်း၊ ပြစ်မှု ကျူးလွန်သူတွေကို တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ ဥပဒေအကြံပေးဖြစ်သူ ရှေ့နေကြီး ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရတဲ့အတွက် အထူး ဝမ်းနည်းရပါကြောင်း APHR လို့ခေါ်တဲ့ အာဆီယံ လွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ မလေးရှားလွှတ်တော်အမတ် Charles Santiago က ဇန်နဝါရီလ ၂၉ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဦးကိုနီ ကွယ်လွန်သွားတာဟာ အာဆီယံအဖွဲ့ကြီးအတွက်ရော မြန်မာနိုင်ငံအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်ကြောင်း၊ သူဟာ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဝါရင့် ပုဂ္ဂိုလ် တဦးဖြစ်သလို လူ့အခွင့်အရေးအတွက် မားမားမတ်မတ် ရပ်တည်ခဲ့သူ ဖြစ်ကြောင်း၊ သူ အခုလို ကွယ်လွန်သွားတဲ့အတွက် မိသားစုဝင်တွေ၊ မြန်မာ ပြည်သူတွေနဲ့အတူ အထူး ဝမ်းနည်း ကြေကွဲရပါကြောင်း၊ သူ့အတွက် ဝမ်းနည်း ပူဆွေးနေသူတွေနဲ့အတူ ရပ်တည်ပါကြောင်း APHR ဥက္ကဋ္ဌ Santiago ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အလားတူပဲ ကမ္ဘာ့တဝှမ်းမှာရှိတဲ့ ရိုဟင်ဂျာ အဖွဲ့အစည်းတွေကလည်း ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုကို ပြစ်တင် ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပြီး - ဦးကိုနီဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့သူ တဦးဖြစ်ကြောင်း၊ မြန်မာမွတ်ဆလင် ရှေ့နေများအဖွဲ့ကို စတင် တည်ထောင်ခဲ့သူတဦးဖြစ်တဲ့အပြင် မြန်မာနိုင်ငံအတွက် သူကျွမ်းကျင်ရာ ဥပဒေပညာနဲ့ အလုပ်ကျွေး ပြုခဲ့သူဖြစ်ကြောင်း၊ သူဟာ ငြိမ်းချမ်းရေး၊ ဘာသပေါင်းစုံ သဟဇာတ မျှတစွာ နေထိုင်နိုင်ရေးတို့အတွက် ဦးဆောင် လုပ်ကိုင်ခဲ့သူ ဖြစ်တဲ့အတွက် သူ ကွယ်လွန်သွားခြင်းဟာ တိုင်းပြည်အတွက် အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG