သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြကျောင်းသားတွေအပေါ် အင်အားသုံးဖြိုခွင်းမှု နိုင်ငံတကာ ပြင်းထန်စွာရှုတ်ချ


ပညာရေးဥပဒေ ပြင်ဆင် ရေးဆွဲရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွင်းလိုက်တဲ့အပေါ် အမေရိကန် ပြည်ထောင်စုနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းဝိုင်းက ပြစ်တင် ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။

ဆန္ဒပြ ကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွင်းတဲ့အပေါ် အမေရိကန် နိုင်ငံခြားရေးဌာနအပြင် အမေရိကန် လွှတ်တော်အမတ်တွေက ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။ အလားတူပဲ ကုလသမဂ္ဂနဲ့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကလည်း စိုးရိမ်မကင်း ဖြစ်မိကြောင်း အသီးသီး ထုတ်ဖော် ပြောဆိုလိုက်ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ပင်မ ကျောင်းသားသပိတ်ကို မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက အင်္ဂါနေ့မနက်မှာ အကြမ်းဖက် ဖြိုခွင်းလိုက်တဲ့အပေါ် နိုင်ငံတကာ အသိုင်းဝိုင်းက အခုလို တုံ့ပြန် ပြောဆိုမှုတွေ ထွက်ပေါ်လာတာပါ။

ဒီဖြစ်ရပ်ဟာ ၂၀၁၀ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရက စတင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းဝိုင်းက ချီးကျူး ပြောဆိုမှုတွေကနေ သမ္မတ ဦးသိန်းစိန်ရဲ့ ပထမသက်တမ်း မကုန်ဆုံးခင်မှာပဲ နောက်ကြောင်းပြန်လှည့်တော့မလားဆိုပြီး သံသယစိတ်နဲ့ ဝေဖန် ပြောဆိုမှုတွေကို ခိုင်မာသွားစေတဲ့ လုပ်ရပ် ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း အသစ်တဖန် ထွက်ပေါ်လာပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ ကိစ္စကို ပြစ်တင် ရှုတ်ချကြောင်း၊ မြန်မာအစိုးရအနေနဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို လေးစားလိုက်နာဖို့ အမေရိကန်အစိုးရက တိုက်တွန်းကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Jen Psaki က အင်္ဂါနေ့မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောကြားသွားပါတယ်။

“ဆန္ဒပြသူတွေရဲ့ သဘောထားအမြင်တွေကို ထုတ်ဖော်ပြသရာမှာ လွတ်လပ်စွာ စုရုံးခွင့်ရှိတဲ့ အခွင့်အရေးကို မြန်မာအစိုးရအနေနဲ့ လေးစားလိုက်နာဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း ပါတယ်။ လွတ်လပ်စွာ စုရုံးခွင့်ဟာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတိုင်းမှာ အရေးကြီးတဲ့ ကဏ္ဍတရပ် ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြကြသူတွေအပေါ် အင်အားသုံးပြီး ဖြိုခွဲခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက ရှုတ်ချပါတယ်။ လက်ပံတန်းမှာ ရဲနဲ့တခြားသူတွေက ဆန္ဒပြသူနဲ့ သတင်းထောက်တွေကို အကြမ်းဖက် ဖြိုခွဲတဲ့ သတင်းတွေကြောင့်လည်း အမေရိကန်က လွန်စွာစိုးရိမ်မကင်း ဖြစ်ရပါတယ်။ ဖမ်းဆီးတဲ့သတင်းတွေကြောင့်လည်း လွန်စွာ စိုးရိမ်မကင်း ဖြစ်ရပြီး အခြေအနေကို နီးကပ်စွာ ဆက်လက် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် ဖြစ်စဉ် အသေးစိတ်ကို သိရှိနိုင်ဖို့ မြန်မာအစိုးရ အပါအဝင် သက်ဆိုင်သူ အားလုံးနဲ့ ထိတွေ့ ပြောဆိုနေကြောင်းလည်း Jen Psaki က ဆက်ပြောပါတယ်။

“မြန်မာအစိုးရနဲ့ အမေရိကန် ပြည်ထောင်စုဟာ ပုံမှန် အဆက်အသွယ် ရှိပါတယ်။ ခုနေအခါမှာ ပါဝင်ပတ်သက်နေတဲ့ အုပ်စု အားလုံးတို့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ကိုလည်း ထပ်မံ တိုက်တွန်းအပ်ပါတယ်။ ဒီတိုက်ခိုက်မှု ဖြစ်ရတဲ့ အကြောင်းရင်း အသေးစိတ်ကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ဖို့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ ပါဝင်ပတ်သက်နေတဲ့ အုပ်စုအားလုံးတို့နဲ့ နိုင်ငံတကာ မဟာမိတ်တွေနဲ့လည်း ဒီအကြောင်းကို ပြောဆိုနေပါတယ်။ ဖမ်းဆီးခံထားရသူတွေနဲ့ ဒဏ်ရာရသူတွေရဲ့ အရေအတွက်ကို အတည်ပြုနိုင်ဖို့လည်း အမေရိကန် ပြည်ထောင်စုက ကြိုးစား နေပါတယ်။”

အလားတူပဲ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေအပါအဝင် သတင်းထောက်တွေ၊ ရဟန်းသံဃာတော်တွေကို အကြမ်းဖက် ဖြိုခွင်းတဲ့လုပ်ရပ် ချက်ခြင်း ရပ်တန့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း အမေရိကန် လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ ဒီမိုကရက်တစ်ပါတီက Joe Crowley နဲ့ ရီပတ်ဘလီကန်ပါတီက Steve Chabot တို့က မတ်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ကြေငြာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အကြမ်းဖက် ရိုက်နှက်နေတဲ့ပုံတွေကို တွေ့လိုက်ရတဲ့အတွက် သူတို့အနေနဲ့ အံ့သြ တုန်လှုပ်မိကြောင်း၊ ဒါဟာ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း အာဏာပိုင်တွေအနေနဲ့ အကြမ်းဖက်မှုတွေ တိုးမြှင့်လုပ်ဆောင်တဲ့ လုပ်ရပ်လို့ ယူဆလို့ရကြောင်း၊ မြန်မာအာဏာပိုင်တွေအနေနဲ့ ကြေးစား လူမိုက်တွေ ငှားပြီး ဆန္ဒပြသူတွေကို ဖြိုခွင်းတဲ့လုပ်ရပ်ဟာ အင်မတန် စက်ဆုပ် ရွံ့ရှာဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ ဒီလုပ်ရပ်တွေကြောင့် မြန်မာအစိုးရကို အပြင်းထန်ဆုံး ဝေဖန် ရှုတ်ချကြောင်း လွှတ်တော်အမတ်တွေရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်းမှာလည်း ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြခွင့်ကို ကုလသမဂ္ဂအနေနဲ့ အစဉ်တစိုက် အသိအမှတ်ပြုကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က ထည့်သွင်း ပြောကြားသွားပါတယ်။

“မြန်မာနိုင်ငံမှာ ဖြစ်သွားတဲ့ကိစ္စကို ကျနော်တို့အနေနဲ့ သိရှိထားပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြခွင့် စတဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို ကုလသမဂ္ဂအနေနဲ့ အစဉ်တစိုက် အသိအမှတ်ပြုခဲ့သလို ဒီကိစ္စမှာလည်း အဲဒီ အခြေခံ လွတ်လပ်ခွင့်တွေရှိရေးအတွက် ထပ်လောင်း ပြောကြားလိုပါတယ်။”

Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အာဏာပိုင်တွေဖက်က အင်အားသုံး ဖြိုခွင်းခဲ့တဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာ ရောက်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် Olof Blomqvist က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံက လက်ပံတန်းမှာ ဒီကနေ့ ဖြစ်သွားတဲ့ အဖြစ်အပျက်ဟာ အင်မတန် စိတ်မချမ်းမြေ့စရာ ကောင်းတဲ့ ဖြစ်ရပ်ပါ။ အခြေခံအားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့သူတွေကို ရဲတပ်ဖွဲ့က အင်အားသုံး အလွန်အကျွန် ကိုင်တွယ် ဖြေရှင်းခဲ့တာပါ။ ရဲတွေက ဆန္ဒပြကျောင်းသားတွေကို အင်အား အလွန်အကျွံသုံး ရိုက်နှက် ဖြိုခွင်းတဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာ ရောက်ပါတယ်။ လက်နက်မဲ့ မြေကြီးပေါ် လှဲကျနေသူတွေကို ရဲက ရိုက်နှက်နေတဲ့ပုံကို တွေ့ရတာဟာလည်း အင်မတန် စိတ်မချမ်းမြေ့စရာ ကောင်းတဲ့ ဖြစ်ရပ်ပါ။ အဲဒီလုပ်ရပ်ဟာလည်း နိုင်ငံတကာ ဥပဒေအရ လူမဆန်တဲ့၊ ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်လို့ သတ်မှတ်လို့ ရပါတယ်။”

ဒါ့အပြင် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဟာ ဥပဒေချိုးဖောက်ခြင်း မဟုတ်တဲ့အတွက် ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ တောင်းဆိုကြောင်းလည်း Olof Blomqvist က ပြောပါတယ်။ ကျောင်းသားသပိတ်ကို အခုလို အကြမ်းဖက် ဖြိုခွင်းလိုက်တဲ့ မြန်မာအစိုးရရဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချကြောင်း အီးယူ - ဥရောပသမဂ္ဂနဲ့ ဗြိတိန် အစိုးရတို့လည်း ကြေညာချက်ထုတ်ပြန် ပြောကြားကြပါတယ်။

ဖမ်းဆီးခံထားရသူ ၁၂၇ ဦးရှိတယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ထားပေမယ့် ဖမ်းခံထားရသူ အရေအတွက်ဟာ ဒီထက် ပိုနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ထွက်နေတာပါ။ ဒါ့အပြင် ထိခိုက် ဒဏ်ရာသူ ဘယ်နှစ်ဦးရှိတယ်ဆိုတာ အတိအကျ မိရသေးသလို ထွက်ပြေး တိမ်းရှောင်နေရသူလည်း အများအပြား ရှိနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG