သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Elevenမီဒီယာ သတင်းသမား ၃ ဦး ဖမ်းဆီးခံရမှု နိုင်ငံတကာမီဒီယာအဖွဲ့တွေရှုတ်ချ


တာမွေမြို့နယ် တရားရုံးမှာ စွဲချက်တင်ခံရပြီးနောက် တရားရုံးကနေ အင်းစိန်အကျဉ်းထောင်ကို ပို့ခံရတဲ့ Eleven အပတ်စဉ်ဂျာနယ် အယ်ဒီတာချုပ် ကိုကျော်ဇောလင်း (အောက်တိုဘာလ ၁၀၊ ၂၀၁၈ခုနှစ်)
တာမွေမြို့နယ် တရားရုံးမှာ စွဲချက်တင်ခံရပြီးနောက် တရားရုံးကနေ အင်းစိန်အကျဉ်းထောင်ကို ပို့ခံရတဲ့ Eleven အပတ်စဉ်ဂျာနယ် အယ်ဒီတာချုပ် ကိုကျော်ဇောလင်း (အောက်တိုဘာလ ၁၀၊ ၂၀၁၈ခုနှစ်)

Eleven မီဒီယာက သတင်းသမား သုံးဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ)နဲ့ ရန်ကုန်တိုင်းအစိုးရက တရားစွဲ ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာ သတင်းမီဒီယာ အဖွဲ့တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

Eleven မီဒီယာရဲ့ အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနဲ့ သတင်းထောက်ချုပ် တို့ကို မနေ့ ဗုဒ္ဓဟူးနေ့က တာမွေတရားရုံးမှာ စွဲချက်တင်ပြီးနောက် အင်းစိန်အကျဉ်းထောင်မှာ ထိမ်းသိမ်းထားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

အင်းစိန်အကျဉ်းထောင်မှာ ထိမ်းသိမ်းခံထားရတဲ့ Eleven အပတ်စဉ်ဂျာနယ် အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ ဝာာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးေ၀၀င်းတို့ သုံးဦး ကို ချက်ခြင်းလွှတ်ပေးဖို့ IPI၊ CPJ၊ RSF အပါအဝင် အခြား နိုင်ငံတကာ သတင်းမီဒီယာ အဖွဲ့တွေက က မနေ့ က ဝိုင်းဝန်း တောင်းဆိုလိုက်ပြီး သတင်းသမားတွေကို ဖိနှိပ်တဲ့ မြန်မာအစိုးရ လုပ်ရပ်ကိုလည်း ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။

ကမ္ဘာ့သတင်းမီဒီယာအဖွဲ့ကြီးဖြစ်တဲ့ International Press Institute (IPI) က မြန်မာနိုင်ငံမှာ သတင်းသမား သုံးဦးကို ထပ်ပြီး ဖမ်းဆီးခံရမှုကို ရှုတ်ချကြောင်းနဲ့ ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Eleven မီဒီယာ သတင်းသမားတွေကို ဖမ်းဆီးမှုဟာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ကို စော်ကား နှောင့်ယှက်တဲ့ လုပ်ရပ်ဖြစ်ပြီး ဒီမိုကရေစီကို ယုံကြည်မှုမရှိတဲ့ အာဏာရှင်ဆန်တဲ့ အစိုးရ အသွင်သဏ္ဍန်နဲ့ ပိုပြီး နီးစပ်လာနေတယ်လို့ IPI မူဝါဒရေးဆိုင်ရာ အကြီးအကဲ Ravi R. Prasad ကပြောပါတယ်။

အလားတူ ဗြိတိသျှ ကိုလိုနီလက်အောက် ပြဌာန်းခဲ့တဲ့ ဥပဒေတခုဖြစ်တဲ့ ပုဒ်မ ၅၀၅ (ခ) ကိုအသုံးပြုပြီး လွတ်လပ်တဲ့ သတင်းသမားတွေကို အသံတိတ်အောင် ဖိနှိပ်တာဟာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းနေပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ကို ထိခိုက်စေကြောင်း နယူးရောက်အခြေစိုက် CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မီတီ လက်ထောက် အမှုဆောင်ညွန်ကြားရေးမှူး Robert Mahoney ကပြောပါတယ်။

အောက်တိုဘာလ (၁၀)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ RSF ရဲ့ကြေညာချက်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ကြိုးပမ်းနေတယ် ဆိုတဲ့ မြန်မာနိုင်ငံမှာ မိမိအလုပ် မိမိ လုပ်ကြတဲ့ သတင်းထောက်တွေကို ဖမ်းဆီး အရေးယူတယ်ဆိုတာ လက်ခံနိုင်စရာ မရှိဘူးလို့ ဖေါ်ပြထားပါတယ်။ အခုလို မြန်မာနိုင်ငံမှာ သတင်းမီဒီယာ အပေါ် အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုမျိုးဟာ တရားဥပဒေစိုးမိုးရေးနဲ့ ပိုပြီး အလှမ်းဝေးစေတဲ့ လုပ်ရပ်ဖြစ်သလို၊ သတင်းလွတ်လပ်ခွင့်ကိုလည်းမလေးစားရာရောက်တယ်လို့RSF ကြေညာချက်က ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူရဲ့ ဂျပန်နိုင်ငံခရီးစဉ်အတွင်း NHK သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ပိုပြီးရှိလာတယ်လို့ သူ့အနေနဲ့ ယူဆကြောင်း ပြောခဲ့တာပါ။ ဒါပေမယ့်လည်း သူဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ Reuters သတင်းထောက် နှစ်ယောက်ကို နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးလိုက်တာ အပါအဝင် သတင်းမီဒီယာ အပေါ် ဖိနှိပ်မှုဟာ အရင်စစ်အစိုးရလက်ထက်တွေတုန်းကလို ဖြစ်နေတာကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သတိထားသင့်တယ်လို့ RSF အဖွဲ့ရဲ့ အာရှ ပစိဖိတ်ရေးရာ အကြီးအကဲဟောင်းလည်းဖြစ် လက်ရှိ ပြင်သစ်အခြေစိုက် သတင်းမီဒီယာလွတ်လပ်ခွင့်အရေး ဆောင်ရွက်နေတဲ့ Watchdogs Unleashed အဖွဲ့ကိုတည်ထောင်သူဖြစ်တဲ့ Bejamin Ismail က သုံးသပ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့နိုင်ငံမှာ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ထိန်းချုပ်ခံနေရတာကို သိပ်စိုးရိမ်ပုံမရဘူးလို့ ကျနော်ထင်ပါတယ်။ ဒါဟာအရေးကြီးပါတယ်။ သူ့အနေနဲ့ ဒီလိုအခြေအနေမျိုးနဲ့ ပိုပြီးဂရုစိုက်ဖို့အပြင် ပိုပြီးစိုးရိမ်မကင်း ဖြစ်သင့်ပါတယ်။ အထူးသဖြင့် သူနေအိမ်အကျယ်ချုပ် ချခံခဲ့ရစဉ်က သူ့ပြောစကားအရ ရေဒီယိုတလုံးကို အားကိုးပြီး ပြင်ပကမ္ဘာနဲ့ တခုတည်းသော အဆက်အသွယ်အဖြစ် နားထောင်ခဲ့ရတယ်ဆိုတဲ့ အချက်ကို သူမမေ့သင့်ပါဘူး။ ဒါကို သူမေ့သွားတယ်ဆိုတာက သိပ်ကိုဝမ်းနည်းစရာဖြစ်ပါတယ်။”

ရန်ကုန်တိုင်းအစိုးရရဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းနဲ့ ဆက်စပ်နေတဲ့ အစုရှယ်ကိစ္စတွေနဲ့ ပတ်သက်လို့ စုံစမ်း ဖေါ်ပြခဲ့တဲ့ Eleven မီဒီယာ သတင်းဆောင်းပါးကို ရန်ကုန်တိုင်း အစိုးရဘက်က မမှန်မကန်ရေးသားခဲ့တယ်ဆိုပြီး အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနဲ့ သတင်းထောက်ချုပ် တို့ကို အောက်တိုဘာလ (၁၀)ရက်နေ့က ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲခဲ့တာပါ။ ဒီအပေါ်မှာ AHRC အာရှလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးရဲ့ အမြင်ကတော့-

“နိုင်ငံတော် အစိုးရကို အကြည်ညိုပျက်စေလာအောင် ဒါမှမဟုတ် မဟုတ်မမှန် သတင်းတွေကို အများပြည်သူ ထင်ယောင်ထင်မှားဖြစ်ပြီး ကြောက်လန့်အောင် အကြံနဲ့ ပြုမူတယ်ဆိုရင်တော့ ၅၀၅ (ခ)နဲ့ အရေးယူနိုင်တယ်လို့ ဆိုတာကိုး။ အမှန်ကတော့ အစိုးရတရပ်ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ မှန်တယ် မှားတယ်ဆိုတာကို ထောက်ပြတယ်ဆိုတာကတော့ သတင်းသမားတွေရဲ့ အလုပ်လေ။ သတင်းစာနယ်ဇင်းတွေရဲ့ လုပ်ငန်းတာဝန်။ ဒါကြောင့်လဲ သူတို့ကို စတုတ္ထမဏ္ဍိုင်အနေနဲ့ ထားတာပေါ့။”

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ပုဒ်မ ၅၀၅ (ခ)ဟာ နိုင်ငံတော်အစိုးရအပေါ် အကြည်အညိုပျက်အောင် အများပြည်သူကို ကြောက်ရွံထိတ်လန့်အောင် မမှန်မကန် သတင်းဖြန့်ဝေမှု ဆိုတဲ့ စွဲချက်ဖြစ်တာကြောင့် ထိမ်းသိမ်းခံထားရတဲ့ Eleven မီဒီယာက သတင်းသမားတွေအနေနဲ့ အာမာခံ မရတဲ့အပြင် ပြစ်မှုကျူးလွန်တဲ့ထင်ရှားရင် ထောင်ဒဏ် နှစ်နှစ် ကျခံရမှာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်ကလည်း တန်ဖိုးကြီးနာရီကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လက်ဆောင်ရယူခဲ့တယ်ဆိုတဲ့ သတင်းရေးသားမှုကြောင့် Eleven မီဒီယာရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲ ထိမ်းသိမ်းခဲ့ပါတယ်။

အခုလို Eleven သတင်းမီဒီယာသမားတွေကို ဖမ်းဆီးမှု မတိုင်ခင် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် သတင်းမီဒီယာ လွတ်လပ်ခွင့် အဆင့်အတန်း ထပ်မံ ကျဆင်းနိုင်တဲ့ အလားအလာတွေ ရှိနေတယ်လို့ RSF နယ်စည်းမခြား သတင်းသမားများအဖွဲ့က အောက်တိုဘာလ ၃ ရက်နေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ သတိပေး ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG