မြန်မာအစိုးရသစ်အပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်သံတွေက အခုချိန်မှာ မျိုးစုံ ထွက်ပေါ်နေတာပါ။ မြန်မာစစ်အစိုးရ အပေါ်မှာ ပြင်းပြင်းထန်ထန် ပြောလေ့မရှိတဲ့ ဂျာမဏီနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင် ရပ်တည်ခွင့်ပြုဖို့ တိုက်တွန်းလိုက်ပါတယ်။ ဂျပန်နိုင်ငံကလည်း အစိုးရသစ် အနေနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် စလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရနဲ့ နီးစပ်တဲ့ တရုတ်နိုင်ငံကတော့ မြန်မာအစိုးရသစ်ကို ကြိုဆို ချီးကျူးလိုက်ပြီး တခြားနိုင်ငံတွေက မြန်မာအစိုးရသစ် အပေါ်မှာ ဝေဖန်တာတွေကိုလည်း ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ပီတာ စင်မ်စန် (Peter Simpson) ဘေဂျင်းက သတင်းပေးပို့ထားတာနဲ့အတူ မြန်မာ့အရေး ဆောင်ရွက်သူတဦးကို မေးမြန်းထားတာကို စုစည်းပြီး ဦးဝင်းမင်းက တင်ပြပေးထားပါတယ်။
မြန်မာအစိုးရသစ် ခေါင်းဆောင် သမ္မတ ဦးသိန်းစိန်က နိုင်ငံတကာကို ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ကြောင်း သူ့ရဲ့ ပထမဆုံး မိန့်ခွန်းထဲမှာ ထည့်ပြောသွားချိန်မှာ နိုင်ငံတကာဘက်ကလည်း တုံ့ပြန်လိုက်ကြပါတယ်။ EU ဥရောပသမဂ္ဂက တက်လာတဲ့ မြန်မာအစိုးရရဲ့ လုပ်ရပ်တွေအပေါ် စောင့်ကြည့်သွားမယ်လို့ ပြောလိုက်ချိန်မှာ အဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ ဂျာမဏီနိုင်ငံက ၀န်ကြီးချုပ် အိန်ဂျလာ မာကဲလ် (Angela Merkel) ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က ဖုန်းခေါ်ခဲ့ပြီး အခုလို ထူးထူးခြားခြား တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ဂျာမန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အခြား နိုင်ငံရေး အဖွဲ့အစည်း အားလုံးနဲ့အတူ တရားဝင် ရပ်တည်ခွင့် ပြုဖို့နဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေအတွက် ဆွေးနွေးပွဲတွေ လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ဂျာမဏီနိုင်ငံဟာ ဥရောပသမဂ္ဂ အတွင်းမှာ မြန်မာအစိုးရကို သိပ်မဝေဖန်ဘဲ အပြုသဘော ဆက်ဆံဖို့ ပိုအားသန်တဲ့ နိုင်ငံတခု ဖြစ်တာမို့ အခုလို ပြောလိုက်တာဟာ ထူးခြားတယ်လို့ ဂျာမဏီနိုင်ငံမှာ မြန်မာ့ဒီမိုကရေစီအရေး နှစ်ပေါင်းများစွာ ဆောင်ရွက်နေသူ ဦးနွယ်အောင်က ပြောပါတယ်။
“သူကိုယ်တိုင် ဒီလိုဆက်ပြီး ပြောတယ်ဆိုတာကို ကြည့်ခြင်းအားဖြင့် ကျနော်တို့က ပိုပြီးတော့ ၀မ်းသာပါတယ်။ ဘာကြောင့်လဲဆိုရင် ဂျာမန်အစိုးရရဲ့ ပေါ်လစီက နိုင်ငံရေးအရဆိုရင် သူတို့က နည်းနည်း တွန့်ဆုတ်ဆုတ်ရှိတယ်။ EU မှာဆိုရင် ဂျာမန်အစိုးရက မြန်မာပြည်အတွက် ပြင်းပြင်းထန်ထန် ပြောဆိုတာတို့၊ ဝေဖန်ဖို့တို့ ဆိုရင် တော်တော်ဝန်လေးတဲ့ အစိုးရ ဖြစ်တဲ့အတွက်ကြောင့် ဒီလို ၀န်ကြီးချုပ်က နေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောတာတွေ ဆိုတာကတော့ ကျနော်တို့က ဒီလိုကြားရတာ ၀မ်းသာတယ်၊ ကြိုဆိုတယ်။ ရှေ့ဆက်ပြီးတော့လည်း ဂျာမန်အစိုးရ အနေနဲ့ ဒီ့ထက်ပိုပြီးတော့ ခိုင်ခိုင်မာမာ လုပ်ဖို့ လိုလိမ့်မယ်လို့တော့ ကျနော် ယူဆပါတယ်ခင်ဗျ။”
ဘာကြောင့် ဂျာမန်အစိုးရက အရင်တုန်းက EU မှာ မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် မဝေဖန်ချင်တာလဲ။
“စီးပွားရေးကိစ္စပဲ ဖြစ်တယ်လေ။ သူတို့က စီးပွားရေးဘက်ကို ပိုဝင်ချင်တယ်။ ဥပမာ တိုင်းပြည်က လွတ်လပ်ရင်တောင်မှ ဂျာမန်အစိုးရက ၀င်ပြီးသားဖြစ်ဖို့ သူတို့က အမြဲ အဲဒီလို မျှော်လင့်နေတယ်။”
ဒီအချိန်မှာပဲ မြန်မာနိုင်ငံက ဖိနှိပ်မှုတွေကြောင့် ၁၉၈၈ ခုနှစ်ကတည်းက အကူအညီတွေ စပြီး လျှော့ပေးလာခဲ့တဲ့ ဂျပန်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနက မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး မြန်မာနိုင်ငံမှာ အားလုံး ပိုမို ပါဝင်နိုင်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာအောင်လုပ်ဖို့ မြန်မာအစိုးရသစ်ကို တောင်းဆိုလိုက်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ ပါလီမန်ထဲမှာ အပြန်အလှန် ဆွေးနွေးပွဲတွေ ပိုလုပ်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးရအောင် နောက်ထပ် ခြေလှမ်းသစ်တွေ စလှမ်းဖို့ အစိုးရသစ်ကို တောင်းဆိုလိုက်ပါတယ်။ ဂျပန်အစိုးရဟာ ၁၉၈၈ မတိုင်ခင်မှာ မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေး အကူအညီ အများဆုံးပေးခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။
ဒါပေမဲ့ ၁၉၈၈ နောက်ပိုင်း မြန်မာစစ်အစိုးရကို အကူအညီ အများဆုံး ပေးခဲ့တဲ့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်ယု (Jiang Yu) ကတော့ မြန်မာအစိုးရရဲ့ ဒီမိုကရေစီ ဖော်ဆောင်မှုကို ချီးကျူးလိုက်ပြီး အနောက်နိုင်ငံတွေကို မြန်မာ့ပြည်တွင်းရေး ၀င်မစွက်ဖို့ ချက်ချင်းပဲ သတိပေးလိုက်ပါတယ်။
“မြန်မာနိုင်ငံ ပါလီမန်က အရပ်သား ဦးဆောင်တဲ့ အစိုးရသစ် ဖွဲ့လိုက်တာဟာ တကယ် အစိုးရသစ် မဟုတ်ဘူး၊ စစ်အစိုးရဟောင်းပဲ ပုံစံသစ်နဲ့ ပြန်ထွက်လာတာပါလို့ အခြားနိုင်ငံတွေက ပြောတာကို တရုတ်အစိုးရ အနေနဲ့ သဘောမတူနိုင်ဘူး။” လို့ ပြောဆိုသွားပါတယ်။
ကျန်ယု အခုလို မပြောခင်လေးမှာပဲ မြန်မာအစိုးရကို အပြင်းထန်ဆုံး ဆန့်ကျင်ခဲ့တဲ့ အမေရိကန် အစိုးရက မြန်မာနိုင်ငံမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေပဲ ပြန်ဦးစီးထားတဲ့ အစိုးရသစ်ဖြစ်ပြီး ဖိနှိပ်မှုတွေ ဆက်ရှိနေတာမို့ စိုးရိမ်မှုတွေ ဆက်ရှိနေသေးတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် အစိုးရရဲ့ ပြောရေးဆိုခွင့် ရှိသူက ဆွေးနွေးပွဲတွေ ဆက်ဖြစ်လာဖို့ ဆက်လက် ဖိအားပေး တိုက်တွန်းသွားပြီး အပြုသဘော ဆက်ဆံရေးကိုလည်း ဆက်လက် ကျင့်သုံးသွားမယ်လို့ ဆိုခဲ့ပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ မြန်မာအစိုးရသစ်ကို ကြိုဆိုခဲ့ပြီး မြန်မာလူထုရဲ့ အကျိုးကို ဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုလိုက်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂကတော့ အခုလို အပြောင်းအလဲ ဖြစ်နေချိန်ကို အခွင့်ကောင်းအဖြစ် အမိအရ ဆုပ်ကိုင်ပြီး မြန်မာနိုင်ငံမှာ အားလုံးက လိုလားနေကြတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက် ပြောင်းလဲမှုတွေ စတင်ဖော်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။