သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုချီးရားတန်း ကိစ္စ နိုင်ငံတကာမှာ ဂယက် ရိုက်ဆဲ


ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းမှ မူဆလင် ဒုက္ခသည်များကို တွေ့ရစဉ်။
ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းမှ မူဆလင် ဒုက္ခသည်များကို တွေ့ရစဉ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ခဲ့တယ်ဆိုတဲ့ အကြမ်းဖက်မှုတွေနဲ့ လူသေဆုံးခဲ့တယ် ဆိုတာတွေအပေါ် အထူးပဲ စိတ်မချမ်းမြေ့ဖြစ်ရတယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အလေးပေး စောင့်ကြည့်နေပြီး ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာ အစိုးရကို တောင်းဆိုနေတယ်လို့ ဥရောပသမဂ္ဂ EU ကလည်း ပြောပါ တယ်။ ဒါ့အပြင် ကုလသမဂ္ဂကလည်း အန္တရာယ် ကျရောက်နေတဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ မြန်မာ တာဝန်ရှိသူတွေ ကို ထပ်ပြီး တိုက်တွန်းခဲ့ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မကြာသေးခင်ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုအပေါ် အဆင့်မြင့် ကုလသမဂ္ဂ တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်တွေကို သတိပြုမိပြီး အခြေအနေအပေါ် သူတို့ရဲ့ အထူးစိုးရိမ်ချက်အတိုင်း ထပ်တူရှိပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယပြောရေးဆိုခွင့်ရှိသူ မေရီး ဟာ့ဖ် (Marie Harf) က သောကြာနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောခဲ့ပါတယ်။

“ရဲတပ်ဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးနေတာအပါအဝင် လူ ၄၀ ထက်မနည်း အသတ်ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေအပေါ် ကျမတို့ အထူးပဲ စိတ်မချမ်းမြေ့ဖြစ်ရပါတယ်။ အကြမ်းဖက်မှုနဲ့ပတ်သက်လို့ ယုံကြည် စိတ်ချရပြီးတော့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေး မှုတစ်ခု ချက်ခြင်းလုပ်ဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူဖို့ မြန်မာအစိုးရကို ကျမတို့ ထပ်ပြီး တောင်းဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ ရေရှည်ခံမယ့် ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေးတွေကို ဖန်တည်းဖို့ရာ ပဋိပက္ခရဲ့ အရင်းခံအကြောင်းတွေကို ကိုင်တွယ် ဖြေရှင်း နိုင်မယ့် ခိုင်မာတဲ့အဖြေတစ်ခုရရှိရေး ဦးတည် လုပ်ဆောင်သွားပါလို့ မြန်မာအစိုးရကို ကျမတို့ ဆက်ပြီး အားပေး တိုက်တွန်းပါ တယ်။ ဒီကြိုးပမ်းအားထုတ်မှုတွေကို အထောက်အကူပြုပေးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အဆင်သင့်ရှိပါတယ်။”

ဒုချီးရားတန်းရွာဘက်က အခြေအနေနဲ့ပတ်သက်လို့ အထူး အလေးပေးပြီးတော့ စောင့်ကြည့်နေပြီး ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ရှိ သူတွေကို တောင်းဆိုနေပါတယ်လို့ ဥရောပသမဂ္ဂ EU ကလည်း ပြောပါတယ်။ ဒီကိစ္စကိုဖြေရှင်းဖို့ တာဝန်ရှိသူတွေကို အားပေး တိုက်တွန်းသွားပါမယ်လို့ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ကူဝိတ်သတင်းအေဂျင်စီ KUNA ကမေးတာကို EU နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာအကြီးအကဲ ကက်သရင်းန် အက်ရှ်တွန် (Catherine Ashton) ရဲ့ပြောရေးဆိုခွင့်ရှိသူ မာယာ ကိုဆီဂျာနစ်ချ် (Maja Kocijancic) က တုန့်ပြန် ဖြေကြားခဲ့တာပါ။

ဒုချီးရားတန်းရွာမှာ ဇန်နဝါရီလ ၁၃ ရက်နေ့က ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ ပြည်ပသတင်းဌာနတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်း တချို့ဟာ အတည်မပြုနိုင်တဲ့သတင်းတွေကို အခြေခံချက်လွဲမှားစွာ ကောက်ချက်ချပြီး သတင်းတွေထုတ်ပြန်နေတာကို တွေ့ရတဲ့ အကြောင်း၊ အဲဒီသတင်းမှားတွေ စွပ်စွဲပြောဆိုချက်တွေဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ လူ့အသိုက်အဝန်းနှစ်ခုအကြား အထင်အမြင် လွဲမှားစေဖို့ ပုံကြီးချဲ့ ဖန်တီးပြောကြား လုပ်ဆောင်တာတွေဖြစ်တယ်လို့ တွေ့ရှိရကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂၄ ရက်နေ့ သတင်းထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

နိုင်ငံတကာ သတင်းဌာနတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေက အတည်ပြုပေးထားတဲ့ သတင်းတွေကိုပဲ ထုတ်ပြန်သင့်ကြောင်း၊ အတည်မပြုတဲ့သတင်းတွေကို ထုတ်ပြန်တာဟာ အိမ်ရှင်နိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာ ကျကြောင်း၊ မြန်မာနိုင်ငံမှာအခြေစိုက်တဲ့ သံတမန်အဖွဲ့အစည်းတွေအနေနဲ့လည်း သံတမန်ဆက်ဆံရေးဆိုင်ရာ ၁၉၆၁ ခုနှစ် ဗီယန်နာ သဘောတူညီချက်နဲ့အညီ အခြေခံ သံတမန်လုပ်ထုံးလုပ်နည်းတွေကို အခိုင်အမာ လိုက်နာကြဖို့ လိုအပ်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၄ ရက်၊ သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာပဲ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်၊ EU ဘက်က ပြောဆိုချက်နဲ့ ကုလသမဂ္ဂရဲ့ နောက်ထပ် ပြောဆိုချက်တွေ ထွက်လာတာဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ အဲဒီတုန့်ပြန်ချက်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂဘက်က တိုက်ရိုက် တုန့်ပြန်ပြောဆိုတာမျိုး မလုပ်ခဲ့ပေမဲ့ ဒီလအစော ပိုင်းက ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ခဲ့ဖွယ်ရှိတဲ့ စိုးရိမ်ဖွယ် အကြမ်းဖက်ဖြစ်ရပ်တွေနဲ့ ဆက်စပ်ပတ်သက်တဲ့ သတင်းအချက် အလက်တွေကို ကုလသမဂ္ဂက လက်ခံရရှိခဲ့ပါတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဖာရန် ဟက်က် (Faran Haq) ကပြောခဲ့ပါတယ်။

“အခြေအနေဟာ တင်းမာနေဆဲရှိတယ်လို့ ကျနော်တို့သိရပြီး နောက်ထပ် အသေးစိတ်တွေကိုရဖို့ ဆက်ပြီးကြိုးစားနေပါ တယ်။ အခု မြန်မာနိုင်ငံမှာရောက်နေတဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ဟာ မြန်မာခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေး တာတွေရှိခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲတွေအတွင်း ကုလသမဂ္ဂရဲ့ စိုးရိမ်ချက်တွေနဲ့ အရပ်သားတွေကို အကာ အကွယ်ပေးဖို့ လိုအပ်တယ် ဆိုတာတွေကို ဖော်ပြပြောဆိုခဲ့ပါတယ်။ တည်တည်ငြိမ်ငြိမ်ရှိကြဖို့ ကုလသမဂ္ဂအနေနဲ့ ထပ်မံ နှိုးဆော် ပြီး လူမှုအဝန်းအဝိုင်းတွေကြား တင်းမာမှုတွေကိုလျှော့ချဖို့ စိတ်အားထက်သန်စွာ လုပ်ဆောင်နေတဲ့ တစ်ချိန်ထဲမှာ လူ့အခွင်အရေး နဲ့ အန္တရာယ်ကျရောက်နေတဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းပါတယ်။”

သောကြာနေ့ ကုလသမဂ္ဂ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောခွင့်ရ ဖာရန် ဟက်က်က ပြောသွားတာပါ။ တင်းမာမှုတွေရဲ့ အခြေခံ အကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးတယ်ဆိုတာနဲ့ နောက်ထပ် အသက်ဆုံးရှုံးတာတွေ မဖြစ်ရအောင် ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ဖို့ကိုလည်း ကုလသမဂ္ဂက အလေးအနက် ပြောခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူသေဆုံးတာတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အချိန်နဲ့တပြေးညီ ပွင့်လင်းမြင်သာမှုရှိစွာ စုံစမ်း စစ်ဆေးဖို့ကိုလည်း မြန်မာတာဝန်ရှိသူတွေကို ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။
XS
SM
MD
LG